မြန်မာနိုင်ငံ၏ ပဋိပက္ခများကြားမှ ထွက်ပြေးလာသူများအား ထိုင်းနိုင်ငံမှ ပြန်မောင်းမထုတ်ပါဟု ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်ကို ပြောကြားခဲ့သည်။
မေလ ၁၄ ရက် သောကြာနေ့မနက်ပိုင်းက ဘန်ကောက်မြို့ရှိ အစိုးရရုံးတွင် တွေ့ဆုံရာ ထိုင်းဝန်ကြီးချုပ်က မစ္စ ခရစ္စတင်း ရှရန်နာ ဘာဂနာကို ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်ပြီး မြန်မာပြည်ရေးရာများတွင် ကိုင်တွယ်နေသော သူမ၏ သံတမန်စွမ်းရည်ကိုလည်း ချီးကျူးခဲ့ကြောင်း သိရသည်။
ခရစ္စတင်း ရှရန်နာ ဘာဂနာသည် ထိုင်းနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံအမတ်ကြီးအဖြစ် ၂၀၀၉ မှ ၂၀၁၅ ထိ ဘန်ကောက်တွင် တာဝန်ထမ်းခဲ့ဖူးသည်။
ပရာရွတ်က မြန်မာနိုင်ငံအနေဖြင့် လမ်းမှန်ဘက် ဦးတည်စေရေး ထိုင်းနိုင်ငံအနေဖြင့် လုပ်နိုင်သမျှ အရာအားလုံးကို လုပ်သွားမည်ဖြစ်ကြောင်း ဘာဂနာအား ပြောခဲ့သည်။ လူသားချင်းစာနာမှု မျက်နှာစာတွင် ထိုင်းနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများကို ကာလရှည်ကြာ အထောက်အပံ့ပေးနေခဲ့ကြောင်းလည်း ဆိုသည်။
“အန္တရာယ်နဲ့ကြုံလို့ ပဋိပက္ခတွေကြားက ပြေးလာသူတွေကို ကျနော်တို့ ပြန်တွန်းမလွှတ်ပါဘူး”ဟု ပရာရွတ်က ပြောခဲ့သည်။
ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းအပြီး ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်ထဲတွင် လက်နက်ကိုင်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာကာ မြန်မာစစ်တပ်က ရွာများအပေါ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ကရင်ဒုက္ခသည်များ ဧပြီလအတွင်းက နယ်ခြားစည်း သံလွင်မြစ်ကို ဖြတ်ကျော်၍ ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင်အတွင်းသို့ ဝင်ရောက်ခိုလှုံကြသည်။ လူ့အခွင့်အရေးအဖွဲ့များက ထိုင်းနိုင်ငံအနေဖြင့် ဒုက္ခသည်များအား ပြန်မောင်းထုတ်ကြောင်း ပြောဆိုခဲ့ကြသည်။ ထိုင်းစစ်တပ်ကမူ ဒုက္ခသည်များ မိမိဆန္ဒအလျောက်သာ ပြန်သွားကြကြောင်း ဆိုသည်။
မကြာသေးမီ ရက်များအတွင်းကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံမှ ရှောင်ပုန်းလာသော ဒီဗီဘီ သတင်းဌာနမှ ဝန်ထမ်း ၅ ဦးကို ထိုင်းရဲများက ဖမ်းဆီးပြီး ကိုဗစ်ရောဂါကာကွယ်ရေးဥပဒေနှင့် တရားမဝင် ဝင်ရောက်နေထိုင်မှုများဖြင့် တရားစွဲထားသည်။ ကနဦးတွင် ထိုင်းရဲက လူဝင်မှုကြီးကြပ်ရေးရဲများထံ လွှဲပြောင်းပြီး မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဟု ပြောသော်လည်း ထိုင်းနှင့် နိုင်ငံတကာ သတင်းစာအသိုင်းအဝိုင်းက ဝိုင်းကန့်ကွက်ကြအပြီး ထိုင်းအစိုးရက လူသားချင်းစာနာမှုရှုထောင့်က ကိုင်တွယ်မည်ဟု ပြောဆိုလာခဲ့သည်။
ဘန်ကောက်အစည်းအဝေးတွင် ပရာရွတ်က ဘာဂနာကို ထိုင်းနိုင်ငံသည် ဧပြီ ၂၄ ဂျကာတာတွင် ပြုလုပ်သော အာဆီယံခေါင်းဆောင်များအစည်းအဝေးက ချမှတ်သော မူ ၅ ချက်ကို အပြည့်အဝ ထောက်ခံကြောင်း ပြောခဲ့သည်။ ထို့ပြင် မြန်မာအကျပ်အတည်းအပေါ် ထိုင်း၏ ရပ်တည်ချက်ဖြစ်သော အကြမ်းဖက်မှုများ လျှော့ချရေး၊ လူသားချင်းစာနာမှုနှင့် ဆေးဝါးများ ထောက်ပံ့ရေး၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် တွေ့ဆုံဆွေးနွေးရေးတို့ကို ပရာရွတ်က ပြောဆိုသည်။
ထိုင်းနိုင်ငံ၏ ထိုရပ်တည်ချက်ကို ဂျကာတာ အာဆီယံခေါင်းဆောင်များ အစည်းအဝေးတွင် ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်းက တင်ပြခဲ့သေးသည်။
လတ်တလော မြန်မာဒုက္ခသည် ၁ သိန်းကျော်သည် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် နေထိုင်လျက် ရှိပြီး ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ပထမ ၃ လပတ်စာရင်းအရ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဒဿမ ၃ သန်း မှတ်ပုံတင်ထားကြောင်း သိရသည်။
You may also like these stories:
DVB သတင်းထောက်များကို မြန်မာပြည်ပြန်မပို့ရန် ထိုင်းမီဒီယာအဖွဲ့အစည်းများ တောင်းဆို
အာဆီယံဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ် မြန်မာပြည်ခရီး စီစဉ်နေ
အကြမ်းဖက်မှု ရပ်ဖို့ အာဆီယံ ပြောသော်လည်း စစ်ကောင်စီ၏ သတ်ဖြတ်မှု တိုးလာ