စစ်ကိုင်းတိုင်း မုံရွာမြို့ နေ ကဗျာဆရာ ဦးစိန်ဝင်း(၆၀နှစ်)သည် ယမန်နေ့ (မေ ၁၄ ရက်) နံနက် ၉ နာရီခန့်က မုံရွာမြို့ စက်မှုဇုန်အနီးတွင် အလုပ်သမားတဦးက နောက်ကျောမှ ဓာတ်ဆီထုပ်ဖြင့်လောင်းကာ မီးရှို့ခဲ့မှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မီးလောင်ဒဏ်ရာများကြောင့် ယင်းနေ့ ည ၁၁ နာရီခန့်တွင် ဆေးရုံ၌ပင် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း ကဗျာဆရာ ဦးစိန်ဝင်း၏ ပရဟိတလုပ်ဖော်ကိုင်ဖက်တဦးက ဧရာဝတီကို ပြောသည်။
၎င်းက “အဲဒီနေ့ မနက်ပိုင်းက ကျနော်တို့နဲ့ဆုံသေးတယ်။ ဆုံပြီး လက်ဖက်ရည်ဆိုင်က ထသွားပြီးမှ ၉ နာရီလောက်မှာ ဖြစ် တာ။ ဘာကြောင့် အခုလို လုပ်တယ်ဆိုတာ မိသားစုဝင်တွေရော၊ အပေါင်းအသင်း မိတ်ဆွေတွေရော တိတိကျကျ အဖြေ မပေးနိုင်သေးဘူး။ ဘာဖြစ်လို့လဲဆို သူ့မိတ်ဆွေနဲ့ စကားထိုင်ပြောနေတုန်း အဲဒီစက်ရုံက အလုပ်သမားပေါ့နော်။ သူ့ကို ဒီ လိုလုပ်တာ။ နဂိုက သူနဲ့ စကားပြောဆိုမှုတွေရှိတယ်။ ရင်းလည်းရင်းနှီးတယ်။ ဒီအချိန်ကျမှ ဒီလိုဖြစ်သွားတာတော့ ကျနော် တို့လည်း သဲသဲကွဲကွဲ မသိရသေးဘူး” ဟု ပြောဆိုသည်။
ဦးစိန်ဝင်းသည် မုံရွာမြို့ခံ ကဗျာဆရာတဦးဖြစ်ပြီး စိန်ဝင်း(မုံရွာ)အမည်ဖြင့် ရေးသားနေသူဖြစ်ကာ သဘောကောင်း သူဖြစ် ကြောင်း၊ မည်သူနှင့်မျှ ရန်ငြိုးရန်စ မရှိသလို ရပ်ရွာ အရေး ပရဟိတ လုပ်ငန်းများကိုလည်း ဆောင်ရွက်နေသူဖြစ်ပြီး စာအုပ်စာပေများကိုလည်း ဝေမျှငှားဖတ်လေ့ရှိကြောင်း မုံရွာမြို့ခံ လူငယ်တဦးက ပြောသည်။
ဦးစိန်ဝင်း၏ ပရဟိတလုပ်ဖော်ကိုင်ဖက်တဦးက “ဆရာနဲ့ ထိုင်ပြီးစကားပြောနေတာ သူ့မိတ်ဆွေရှိတယ်။ အဲဒီအချိန်မှာ ဖြစ်လိုက်တော့ စက်ရုံက လူတွေတော့ ထွက်လာတယ် ပြောတယ်။ သူအရှို့ခံလိုက်ရတဲ့ အိမ်ပတ်ဝန်းကျင် အဆောင်လေး ကိုလည်း မီးလောင်သွားတယ်လို့လည်း ကြားရတယ်။ လူကိုလည်း ငြှိမ်းသလို အဆောက်အဦကိုလည်း နောက်ထပ် မလောင်အောင် ငြှိမ်းရတော့ တရားခံကတော့ တိမ်းရှောင်သွားတယ် သိရတယ်” ဟု ရှင်းပြသည်။
အဆိုပါ တရားခံကို စုံစမ်းနေဆဲဖြစ်ပြီး မိသားစုဝင်များမှာ နာရေးကိစ္စများ ဆောင်ရွက်နေရသဖြင့် အသေးစိတ် တိုင်ပင် ဆွေးနွေးမှုများ မပြုလုပ်ရသေးဟု ၎င်းက ဆိုသည်။
ဦးစိန်ဝင်းသည် အခင်းဖြစ်နေရာသို့ CDM သမားများအတွက် အလှူငွေသွားရောက် ကောက်ခံနေစဉ် ထိုကဲ့သို့ မီးရှို့ ခံရခြင်း ဖြစ်ပြီး ဦးစိန်ဝင်းအား မီးရှို့သတ်ဖြတ်သူမှာ အလုပ်သမား အယောင်ဆောင်ထားသူ တဦးဖြစ်ကြောင်း ပြောဆိုမှုများ ရှိသော်လည်း ဧရာဝတီက အတည်ပြုနိုင်ခြင်း မရှိပါ။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မုံရွာမြို့ အစောပိုင်း ဆန္ဒပြပွဲများတွင် ကျောက်ကပ်ရောဂါအခံရှိသည့် ဦးစိန်ဝင်း အနေဖြင့် ထဲထဲဝင်ဝင် ပါဝင်နိုင်ခြင်း မရှိဘဲ ဝန်းရံသူအနေဖြင့်သာ ပါဝင်နိုင်ခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူများက ပြောသည်။
ဦးစိန်ဝင်း၏ ဈာပနကို မေလ ၁၆ ရက်၊ နေ့လယ် ၂ နာရီခွဲ၌ ပြု လုပ်မည်ဖြစ်ကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၃လ ကျော်အတွင်း မုံရွာမြို့မှ ကဗျာဆရာ ၃ဦး အသတ်ခံခဲ့ရပြီး ဦးစိန်ဝင်းမှာ တတိယမြောက်ဖြစ်သည်၊ ပထမဆုံးမှာ ကဗျာဆရာကေဇဝင်းဖြစ်ကာ ဒုတိယမှာ ကဗျာဆရာခက်သီဖြစ်သည်။