သတင်း

ဖမ်းဆီးခံများ၏ ကြွယ်၀သော မိဘများထံမှ စစ်ကောင်စီ ငွေညှစ်နေ

Want create site? Find Free WordPress Themes and plugins.

အာဏာသိမ်းစစ်ကောင်စီ အရာရှိများသည် ဖမ်းဆီးထားသည့် တက်ကြွလှုပ်ရှားသူ သားသမီး ၇၀၀ နီးပါးကို လွှတ်ပေးမည်ဟု လိမ်လည်ပြီး ၎င်းတို့၏ချမ်းသာကြွယ်၀သော မိဘများထံမှ လာဘ်တောင်းယူခဲ့သည်။

အချို့သော မိသားစုများမှာ အများအားဖြင့် ဆယ်ကျော်သက်များဖြစ်သော ၎င်းတို့သားသမီးများကို လွှတ်ပေးရန် သိန်း ၅၀ (အမေရိကန်ဒေါ်လာ ၃၂၀၀) နှင့် အထက်ပေးကြရသော်လည်း ထိုကတိမှာ လိမ်ညာခြင်းဖြစ်ကြောင်း နောင်တွင်သိရသည်ဟု ရန်ကုန်ရှိ မိဘတဦးက ဆိုသည်။

ဖမ်းဆီးခံ လူငယ်များမှာ ပြန်လည်လွတ်မြောက်ခြင်း မရှိပေ။ ထိုသို့ ငွေညှစ်သည့် စစ်အရာရှိများက ထိုလူငယ်များ ထောင်တွင်းတွင် အဆင်ပြေမပြေသာ ကြည့်ရှုထားပြီး စိတ်ပူနေသော မိဘများထံသို့ သတင်းပြန်ပေးကာ စားသောက်စရာများကို ယူဆောင်သွားပေးသည်ဟု သိရသည်။

လူငယ်အများအပြားသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ကြပြီး လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများအား ငွေကြေးနှင့် အခြားအကူအညီများပေးကာ အခိုင်အမာထောက်ခံကြသည်။ လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှုကြောင့် များပြားလှစွာသော နိုင်ငံဝန်ထမ်းများသည် စစ်ကောင်စီအတွက် အလုပ်မလုပ်ကြတော့ဘဲ ထိုလှုပ်ရှားမှုသည် ပြင်းထန်လွန်းသောကြောင့် စစ်ကောင်စီသည် အာဏာသိမ်းပြီး ၃ လကျော်ကြာသည်အထိ နိုင်ငံကို ကောင်းစွာစီမံနိုင်ခြင်းမရှိတော့ပေ။

လမ်းမများမှ ဆန္ဒပြပွဲများနှင့် နေအိမ်များတွင် လိုက်လံဖမ်းဆီးခံထားရသည့် ချမ်းသာကြွယ်၀သော လူငယ်များ ဧပြီလ ဒုတိယပတ်မှ စတင်ပြီး အင်းစိန်ထောင်တွင် ဖမ်းဆီးထားကြောင်း ၎င်းတို့၏ မိသားစုများထံမှ သိရသည်။ ထိုသို့ဖမ်းဆီးခံထားရသူများတွင် ထိုင်းနိုင်ငံတွင်ကျော်ကြားပြီး ကြော်ငြာများ၊ ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်လာသည့် ပိုင်တံခွန်ကဲ့သို့သော အနုပညာရှင်များလည်း ပါဝင်သည်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်သောလှုပ်ရှားမှုအတွက် သောကြာနေ့အထိ နိုင်ငံတဝှမ်းတွင် လူ ၃၉၇၁ ဦးကို ဖမ်းဆီးထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏စာရင်းအရ သိရသည်။ AAPP သည် စစ်ကောင်စီ၏ ဖမ်းဆီးမှုများနှင့် သတ်ဖြတ်မှုများကို စာရင်းပြုစုနေသော အဖွဲ့ဖြစ်သည်။

သားသမီးများဖမ်းဆီးခံရပြီနောက် ငွေကြေးတတ်နိုင်သော မိဘများကက ၎င်းတို့လွတ်မြောက်ရေးအတွက် စစ်ကောင်စီအရာရှိများကို ချဉ်းကပ်ကြသည်။ အချို့သောမိဘများမှာ ရန်ကုန်တွင် လူသိများသည့် ကြွယ်ဝချမ်းသာသူများ ဖြစ်ကြသည်။ နယ်မြို့အချို့တွင် ဖမ်းဆီးခံရသည့် လူငယ်များလွတ်မြောက်ရေး မိဘများက လုံခြုံရေးအရာရှိများကို ငွေပေးခဲ့သည်ဆိုသည့် သတင်းများကြောင်း ထိုသို့လုပ်ဆောင်ခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။

လုံခြုံရေးအရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များ၏ အဆိုအရ ရန်ကုန်နှင့် အခြားမြို့များမှ ချမ်းသာသော စီးပွားရေးလုပ်ငန်းရှင်များသည် လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှုကို ငွေကြေးထောက်ပံ့ခဲ့သည်ဟု စစ်ကောင်စီနှင့် စစ်ထောက်လှမ်းရေးက သံသယရှိနေပြီး ထိုသို့သော မိသားစုများမှ လူငယ်အချို့သည် ဆန္ဒပြပွဲများတွင် တက်ကြွစွာ ပါဝင်ကြောင်း သိထားကြသည်။ ဆန္ဒပြပွဲများကို ထောက်ခံသောကြောင့် ထိုသို့သော မိဘများကို စစ်ကောင်စီက ဒဏ်ခတ်လိုနေသောကြောင့် ငွေပုံအောပေးသော်လည်း ထိုလူငယ်များကို လွှတ်ပေးရန် မဖြစ်နိုင်ကြောင်း စစ်ကောင်စီနှင့် စစ်ထောက်လှမ်းရေးအရာရှိများ သိပြီးဖြစ်သည်။ သို့သော် မိဘများကပေးသောငွေများကို လိမ်လည်ရယူနေကြောင်း သတင်းရင်းမြစ်များပြောသည်။

“ဒါက ပြန်ပေးဆွဲတာပေါ။ ကလေးတွေကတော့ လွတ်မှာမဟုတ်ဘူး” ဟု ထိုသတင်းရင်းမြစ်တခုက ဆိုသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Myanmar Junta Extorting Cash From Wealthy Parents of Detained Protesters ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ဆန္ဒပြပြီး ပြန်လာသော လူငယ် ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိဟု စစ်ကောင်စီထုတ်ပြန်

တလုပ်မြို့၌ ဖမ်းခံရသည့် ကျောင်းသား စစ်ကြောရေးတွင် ညတွင်းချင်း သေဆုံး

ရခိုင်ဝန်ကြီးချုပ်သမီးနှင့်အတူ NLD လူငယ် ၃ ဦးပါ အဖမ်းခံထားရ

ဉာဏ်ရည် မသန်စွမ်းသူများ အပါအဝင် မသန်စွမ်းသူများကိုပါ စစ်ကောင်စီက ဖမ်းဆီးထား

Did you find apk for android? You can find new Free Android Games and apps.
Loading