ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့နယ်နှင့် ခေါင်လန်ဖူးမြို့နယ်တို့တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့က တိုက်ခိုက်လာပါက အသင့်ပြန်တိုက်နိုင်ရန် ဒေသခံများ အခြေခံစစ်ပညာ သင်ထားကြရန် စစ်ကောင်စီ၏ လက်အောက်ခံ ရဝမ်ပြည်သူ့စစ်အဖွဲ့က တရွာဝင် တရွာထွက် လိုက်လံစည်းရုံးနေသည်ဟု သတင်းရရှိသည်။
ပူတာအိုခရိုင်တွင်း အခြေစိုက်လှုပ်ရှားကာ ဦးတန်ဂူးတန်ဦးဆောင်သည့် ရဝမ်ပြည်သူ့စစ်အဖွဲ့မှ အရာရှိများ၊ ရဝမ်စာပေနှင့် ယဉ်ကျေးမှု အသင်း၏ နာယက ဦးထုံဖူးဒဂုဏ်တို့က ပူးပေါင်းကာ တရွာဝင်တရွာထွက် လိုက်လံ စည်းရုံးနေခြင်း ဖြစ်သည် ဟု ဒေသခံများက ပြောသည်။
နောင်မွန်မြို့နယ်မှ ဒေသခံတဦးက “သူတို့က UNICEF က ပေးတဲ့ ကိုဗစ်အတွက် နှာခေါင်းစည်းတွေ ဆပ်ပြာတွေ ပေးမယ် ဆိုပြီး ရွာသားတွေကို လူစုလိုက်တာ။ တွေ့တဲ့အခါကျမှ ဒီမှာ အမည်းရောင် နယ်မြေဖြစ်ပြီမို့လို့ KIA နဲ့ အဖွဲ့ချုပ်ကို တိုက်ဖို့ စစ်သင်တန်းတက်ကြရမယ်တဲ့။ လွန်ခဲ့တဲ့ ၂ ပတ်ကတည်းက နောင်မွန်ကို သူတို့ ရောက်လာပြီး တရွာဝင် တရွာထွက် အဲဒီ လို လိုက်ပြောသွားတာ၊ ရွာတိုင်းကို သူတို့ ဝင်စည်းရုံးသွားတယ်”ဟု ပြောသည်။
ရဝမ်ပြည်သူ့စစ်အဖွဲ့မှ ဒေသခံများကို စည်းရုံးစဉ် KIA နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို တိုက်ထုတ်ရန်ဟု ပြော ဆိုသော်လည်း အဓိကမှာ စစ်သင်တန်းများတက်ပြီး ဒေသတွင်း PDF အဖွဲ့ဝင်များ အဖြစ် စစ်ကောင်စီကို တိုက်ခိုက်ရန် ပြန်လာမည့် NLD ပါတီဝင်များကို ဆိုလိုခြင်း ဖြစ်သည်ဟုလည်း ဒေသခံများက ပြောဆိုသည်။
ရဝမ်ပြည်သူ့စစ်အဖွဲ့ထံတွင် စစ်သင်တန်း ၂ ပတ် လာတက်ရမည်ဖြစ်ပြီး သင်တန်းလာတက်သူများကိုလည်း ယခင်က အသုံးပြုသည့် ကာဘိုင်သေနတ်များ၊ သေနတ်အဟောင်းများ မကိုင်ခိုင်းဘဲ ခေတ်မီ သေနတ်များ ကိုင်ခိုင်းမည် ဖြစ် ကြောင်း၊ သင်တန်းတက်သူများကိုလည်း သေနတ်များ ပေးမည်ဟု ထည့်သွင်း စည်းရုံးသွားကြောင်း ဒေသခံများက ပြောသည်။
KIA နှင့် NLD ပါတီဝင်များဘက်မှ စစ်သင်တန်းတက်ထားသူများသည် ဒေသတွင်း ပြန်ဝင်လာကာ တိုက်ပွဲများ ဆင်နွဲမည် ဖြစ်သဖြင့် မိမိဒေသကို ကာကွယ်ကြရန် ဒေသခံများဘက်ကလည်း စစ်ပညာကို ကြိုတင်သင်ယူထားရမည်ဟုလည်း ပြော ဆို စည်းရုံးကြောင်း သိရသည်။
အခြား ဒေသခံတဦးကလည်း “သူတို့ စည်းရုံးရေး ဆင်းတဲ့နေရာမှာ ကျနော်တို့ရွာကဆို ကြံ့ခိုင်ရေးက ပါတီဝင်တွေလည်း ပါတယ်။ သူတို့က ကချင်တွေဘက်မှာ လက်နက်တွေကို ဘုရားကျောင်းတွေမှာ ဖွက်ထားနိုင်တယ်ဆိုပြီးတော့လည်း သံ သယနဲ့ ထည့်ပြောသွားတယ်။ သူတို့ ဒီလိုလုပ်နေတဲ့ အပေါ်မှာ ကျနော်တို့ဘက်ကလည်း စိုးရိမ်မှုနဲ့ စောင့်ကြည့်နေရတာ။ သူတို့က ပြောသေးတယ် မဲဆန္ဒနယ် (၂) မှာ အနိုင်ရထားတဲ့ အဖွဲ့ချုပ်က ဦးမလောင်အောင်ရမ် ပုန်းနေတဲ့ နေရာကိုလည်း သိတယ်တဲ့။ သူ့ကို ဝိုင်းဖမ်းကြဖို့လည်း ပြောသွားတယ်” ဟု ဆိုသည်။
ထို့ပြင် နောင်မွန်မြို့နယ်တွင်း “အသိပေးနှိုးဆော်ချက်”ဟူသည့် စာများကို ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက လူထုကြား လိုက်လံ ဖြန့်ဝေခဲ့ကြပြီး ထိုစာထဲတွင် မကြာမီကာလအတွင်း မြန်မာ့တပ်မတော်က အထွေထွေ ထိုးစစ်ကြီးအား အရှိန်အဟုန်မြှင့် ဆောင်ရွက်မည်ဖြစ်သဖြင့် KIA ထံတွင် တာဝန်ထမ်းဆောင်နေသူများ တပ်မတော်ထံ အချိန်မီ အလင်း ဝင်ကြရန်၊ အလင်း ဝင်လာသူများကို လုံခြုံရေးအရလည်း အပြည့်အဝ တာဝန်ယူပေးပါမည်ဟူ၍ ရေးသားထားသည်။
ခေါင်လန်ဖူးမြို့နယ်မှ ဒေသခံ ကိုအစိုင်းက “ဒီဘက်မှာ အေးချမ်းသလို ထင်နေရပေမယ့် အခြေအနေက စစ်ရိပ်သန်းနေ တယ်။ လူသစ်စုတယ်၊ သူတို့အဖွဲ့ထဲ မဝင်ရင်တောင် စစ်သင်တန်းတက်ထားကြဖို့ လိုက်ပြောနေတော့ လုံခြုံတယ်လို့ မခံစားရဘူး။ ကျနော်တို့ လူငယ်ပိုင်းတွေထဲမှာ သူတို့ပြောတာကို လက်မခံတာ မတိုက်ချင်တာတွေ ရှိတယ်။ စစ်ကောင်စီ ကို ဆန့်ကျင်နေကြတာတွေလည်းရှိတယ်။ အဲဒီလို ဆန့်ကျင်သူတွေလည်း အကုန်ခြိမ်းခြောက်ခံနေရတယ်”ဟု ပြောသည်။
ပူတာအိုခရိုင်အတွင်းမှ မြို့နယ်များနှင့် ရပ်ကွက်၊ ကျေးရွာများ အသီးသီးတွင် အခြားဒေသများကဲ့သို့ပင် စစ်တပ်၏ အာဏာ သိမ်းမှုကို လက်မခံကြောင်း ဆန့်ကျင်ဆန္ဒပြခြင်းများ၊ ကန့်ကွက်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။
စစ်တပ်နှင့် ရဲတပ်ဖွဲ့ဘက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများ၊ လှုပ်ရှားမှု ပြုလုပ်သူများကို လိုက်လံ ဖမ်းဆီး သဖြင့် လူငယ်အချို့မှာလည်း ယနေ့ထိ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်သည်။
ပူတာအိုခရိုင်တွင်း နေထိုင်သည့် ဦးဘွမ်ရှဂေါင့်က “သူတို့က ကျနော်တို့ နောင်မွန်နဲ့ ခေါင်လန်ဖူး၊ ကိုယ့်ဒေသကို ကိုယ်ကာ ကွယ်ဖို့အတွက် တပ်မတော်နဲ့ ပူးပေါင်းပြီး ဌာနေပြည်သူ့စစ်တွေနဲ့အတူ ပူးပေါင်းပြီး တိုက်ခိုက်ရမယ်လို့ ပြောတယ်။ ၂ ပတ်စီ အကုန်လုံး စစ်ပညာသင်ရမယ်လို့ သူတို့က စည်းရုံးတယ်။ ခေါင်လန်ဖူးမြို့နယ်မှာက အခု ဒီတပတ်မှာ စပြီး စည်းရုံး ရေးဆင်းနေပြီ”ဟု ပြောသည်။
ထိုသို့ နောင်မွန်နှင့် ခေါင်လန်ဖူးမြို့နယ်များတွင်း အမျိုးသားများကို စစ်သင်တန်း လာတတ်ကြရန်နှင့် တိုက်ပွဲအတွက် ကြို ပြင်ထားကြရန် လိုက်လံ လှုံ့ဆော်နေခြင်းနှင့် ပတ်သက်၍ မေးမြန်းရန် ဦးထုံဖူးဒဂုဏ်ကို ဧရာဝတီမှ ဖုန်းဖြင့် ဆက်သွယ် သော်လည်း ဆက်သွယ်၍ မရပါ။
ပူတာအိုခရိုင်အတွင်းရှိ ပူတာအို၊ နောင်မွန်၊ ခေါင်လန်ဖူး မြို့နယ်များသည် လမ်းပန်းဆက်သွယ်ရေးနှင့် ဖုန်းလိုင်း အခက် အခဲများ ရှိသည့် ဒေသများဖြစ်ကာ စစ်တပ်နှင့် ရဝမ်ပြည်သူ့စစ် တပ်ဖွဲ့များ ကြီးစိုးသည့် နယ်မြေများလည်း ဖြစ်သည်။
ဧပြီ၂၂ ရက်ကလည်း ပူတာအိုမြို့နယ်ဘက်သို့ သွားပြီး ပြန်လာသည့် ခေါင်လန်ဖူးဒေသခံ ရဝမ်လူငယ် ၆ ဦးကို ခေါင်လန်ဖူး ပြည်သူ့စစ်တပ်ဖွဲ့က လမ်းခရီးတွင် ဖမ်းဆီးခဲ့သည်။
အဆိုပါ လူငယ် ၆ ဦးသည် KIA ထံမှ စစ်သင်တန်းတက်ကာ ပြန်လာခြင်း ဖြစ်သည်ဟူသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးကာ ပူတာအို စစ်တပ်လက်ထဲသို့ အပ်နှံခဲ့ပြီးနောက်တွင် ၅ ဦးကို ပြန်လွှတ်ပေးသော်လည်း ကျန် ၁ ဦးကို ဆက်လက် ဖမ်းဆီး ထားဆဲ ဖြစ်သည်။
ရဝမ်ပြည်သူ့စစ် အဖွ့ဲ ခေါင်းဆောင်မှာ ဦးတန်ဂူးတန်ဖြစ်ပြီး ၎င်းသည် စစ်တပ်မှ အငြိမ်းစား ခေါင်းဆောင်များ ဖွဲ့စည်းတည် ထောင်ထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီဝင်တဦး ဖြစ်သည်။
ဦးတန်ဂူးတန်သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ ခွဲထွက်ကာ ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ထဲမှ တပ်မှူးဟောင်း တဦးဖြစ်ပြီး ၎င်း၏ နောက်လိုက် ရဝမ်စစ်သားများနှင့်အတူ NDA-K မှ ခွဲထွက်ကာ စစ်အစိုးရ၏ လက်အောက်ခံ အဖြစ် သောင်းကျန်းသူ ဆန့်ကျင်ရေး အဖွဲ့ (Rebellion Resistance Force -RRF) အမည်ဖြင့် တပ်ဖွဲ့ တဖွဲ့ကို စတင် ထူထောင်ခဲ့သည်။
၂၀၀၉ ခုနှစ်တွင် စစ်အစိုးရက ပြည်နယ်အသီးသီးရှိ ငြိမ်းချမ်းရေးယူထားသည့် တိုင်းရင်းသားတပ်များကို ပြည်သူ့စစ် အဖြစ် ပြောင်းလဲခိုင်းရာတွင် ဦးတန်ဂူးတန်၏ အဖွဲ့သည်လည်း ခေါင်လန်ဖူးပြည်သူ့စစ်တပ်ဖွဲ့ (ရဝမ်ပြည်သူ့စစ်) ဖြစ်လာခြင်း ဖြစ်သည်။
ပြည်သူ့စစ်တပ်ဖွဲ့များသည် စစ်တပ်၏ လက်အောက်တွင် ရှိပြီး ၎င်းတို့သည် ဒေသတွင်း စစ်တပ်နှင့် တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို တိုက်ခိုက်ပေးခြင်း၊ သတင်း စုဆောင်းပေးခြင်းအပြင် ဒေသ တည်ငြိမ်စေရန် ဟူသည့် ခေါင်းစဉ်အောက်မှနေ၍လည်း စစ်တပ်နှင့် ပူးပေါင်းကာ ကင်းစောင့်ခြင်း၊ ၎င်းတို့ မသင်္ကာသည့် အရပ်သားများ ကို ဖမ်းဆီး စစ်ဆေးခြင်းများ ပြုလုပ်နိုင်သည့် အခွင့်အာဏာရှိကြသည်။
ပြည်သူ့စစ် တပ်ဖွဲ့များသည် စစ်ရေးပိုင်းတွင်သာ ပါဝင်ကြခြင်း မဟုတ်ဘဲ ၎င်းတို့ သက်ဆိုင်ရာ ဒေသများရှိ မြေအောက် သယံဇာတများ၊ သစ်နှင့် အခြား စီးပွားရေး လုပ်ငန်းများကိုလည်း လုပ်ကိုင်ကြသည်။
You may also like these stories:
မံစီတွင် KIA နှင့် အာဏာသိမ်းစစ်တပ် တိုက်ပွဲပြင်းထန်နေ
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီဆန့်ကျင်သူတွေ ပေါင်းစည်းသွား