ချင်းပြည်နယ် တီးတိန်မြို့ပေါ်တွင် မေလ ၁၆ ရက် ညနေ ၈ နာရီ ဝန်းကျင်ခန့်က စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ပစ်ခတ် သည့်အတွက် မြို့ခံ ပြည်သူ သေဆုံးမှု ရှိကြောင်း မြို့ခံများက ပြောသည်။
တီးတိန်မြို့ပေါ်တွင် ယမန်နေ့က ပေါက်ကွဲသံများနှင့် သေနတ်သံများကြားရကြောင်း ဒေသခံများက ဆိုသည်။
ယမန်နေ့ည ၈ နာရီဝန်းကျင်က ပစ်ခတ်သဖြင့် သေဆုံးသွားသူမှာ အသက် ၃၀ အရွယ် ဂိုရှမ်မုန်ဖြစ်ပြီး မွေးမြူရေးခြံမှနေ အိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပစ်ခတ်လိုက်ခြင်း ဖြစ်ကြောင်း မြို့ခံ တဦးက ပြောသည်။
မြို့ခံတဦးက “ တယောက် သေဆုံးတာကိုတော့ အတည်ပြုလို့ရတယ်။ ကျန်တဲ့လူတွေကတော့ အတည်ပြုလို့ မရသေးဘူး။ တချို့ကလည်း ကလေးတယောက် သေတယ်။ အသက် ၄၀ ကျော်အရွယ်တယောက်လည်း ဒဏ်ရာရတယ်။ နောက်ပိုင်းသူလည်း သေသွားတယ်လို့ပြောတယ်။ လူတွေက ပြေးနေရတာလည်းရှိတယ်။ တချို့လည်း အပြင်လည်း မထွက်ရဲတော့ အတိအကျ မသိကြဘူး” ဟု ဧရာဝတီသို့ ပြောသည်။
တီးတိန်မြို့ပေါ်တွင် စစ်ကာအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်၍ သေဆုံးသွားသူ မြို့ခံ ၄ ဦးရှိပြီး ဧပြီလ ၉ ရက်က ဖမ်းဆီးခံရသူ CDM လှုပ်ရှားမှုတွင် ပါဝင်သော တီးတိန်မြို့ခုတင် ၁၀၀ ပြည်သူ့ ဆေးရုံကြီးမှ သူနာပြုဆရာ ဒေါ်ကျိန်းဒွန့်ကိမ် အပါအဝင် မြို့ခံ ၃ ဦးတို့ကိုမှာလည်း လက်ရှိအချိန်အထိ ပြန်လွတ်လာခြင်း မရှိသေးကြောင်းလည်း မြို့ခံများက ပြောဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီနောက်ပိုင်း ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ချင်းတိုင်းရင်းသားများ နေ့စဉ် ထိတွေ့ တိုက်ခိုက်မှုများ ဖြစ်ပေါ်နေပြီး ယခုရက်ပိုင်းအတွင်းကလည်း မင်းတပ် တူးမီး လက်နက်ကိုင် Chanland Defence Force (CDF)နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
CDF အဖွဲ့သည် မတူပီ ဘက်မှ ပြန်လာသော စစ်ကောင်စီ ကား ၆ စီအား ခြုံခိုတိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများကို သိမ်းယူခဲ့သလို စစ်ကားများကိုလည်း ဖျက်ဆီးခဲ့သည့်နောက်ပိုင်း စစ်ကောင်စီက မြို့ပေါ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ရဟတ်ယာဉ်များနှင့်ပင် စစ်ကူ ပေးခဲ့ရသည်။
ထိုမင်းတပ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် မင်းတပ် Chanland Defence Force (CDF ) တို့ကြား နှစ်ဖက် ထိခိုက် ကျဆုံးမှုများ ရှိသလို မြို့ခံ ပြည်သူများမှာလည်း ဘေးလွတ်ရာသို့ အသက်လု ထွက်ပြေးနေကြရသည်။
အလားတူ ချင်းပြည်နယ် ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာအနီးတွင် ဟာခါး CDF အဖွဲ့နှင့် စစ်ကောင်စီ တပ်တို့ ထိတွေ့ ပစ်ခတ်မှုဖြစ်သဖြင့် ဟာခါး CDF အဖွဲ့ဝင်တဦး ကျဆုံးမှု ရှိသလို စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့လည်း ကျဆုံးသွားခဲ့ကြောင်း ချင်းအခြေစိုက် မီဒီယာများက ဖော်ပြထားသည်။
ဟားခါးမြို့ မြို့သစ်ရပ်ကွက်မှ အမျိုးသမီးတဦးက “ လောလောဆယ် မြို့ပေါ်မှာ တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ ချွန်ကျုံးရွာ အနီးမှာတော့ တိုက်ပွဲဖြစ်ကြတယ်လို့ ကြားတယ်။ ကျမတို့လည်း အပြင်မထွက်ရတော့ သေချာတော့ မသိဘူး ။ မြို့ပေါ်မှာလည်း ရဲတွေ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတာရှိတော့ စိုးရိမ်ပြီး အိမ်မှာပဲ နေကြတာများတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
ဟားခါး မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်ထိန်းရဲမှူး အပါအဝင် ၄ ဦးကို ဟာခါး CDF ဖမ်းဆီးခဲ့ပြီး ဟားခါးမြို့နယ်အတွင်းမှ ဖမ်းဆီးခံထားသည့် ပြည်သူအားလုံးကို မေလ ၁၅ ရက် နံနက် ၈ နာရီမတိုင်ခင် ပြန်လွှတ်ပေးရန်နှင့် ပြည်သူများအား ပြန်လွှတ်ပေးခြင်း မရှိပါက အဆိုပါယာဉ်ထိန်းရဲအရာရှိများ၏ အသက်ကို တာဝန်မယူနိုင်ကြောင်း ဟာခါး Chanland Defence Force (CDF ) ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း စစ်ကောင်စီဘက်မှ သတ်မှတ်ချက်အတိုင်း တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသည့်အတွက် ယင်း ထုတ်ပြန်ချင်အတိုင်း သေဒဏ် အမိန့် ချမှတ်လိုက်ကြောင်းလည်း ဟာခါး CDF အဖွဲ့ဝင်တဦးက ပြောသည်။
၎င်းက “ ကျနော်တို့ တောင်းဆိုချက်တွေကို စစ်ကောင်စီဘက်က ဘာမှ ဆက်သွယ် ချိတ်ဆက်လာတာ မရှိခဲ့ဘူး။ ကျနော်တို့ တောင်ယာသွားတဲ့ ပြည်သူ နှစ်ဦးကိုလည်း သူတို့ ရက်ရက်စက်စက် သတ်ပစ်တယ်။ အလောင်းတောင် ပြန်မပေးဘူး။ အစကတည်းက ကျနော်တို့ ပြောထားတဲ့အတိုင်း ပြည်သူတွေကို သူတို့ ပြန်လွှတ်မပေးရင် သူတို့ (ယာဉ်ထိန်းရဲအရာရှိများ ) အသက်ကို အာမမခံနိုင်ဘူးလို့ ပြောထားပြီးသား။ အဲဒီအတွက် ထုတ်ပြန်ချက်အတိုင်း ကျနော်တို့ သေဒဏ်ချလိုက်ပြီ” ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့တွင် မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း ယမန်နေ့ ညနေ ၆ နာရီနှင့် ၈ နာရီကြားတွင် ကလေးမြို့ ဘက်ကနေ ချီတက်လာသည့် စစ်ကောင်စီ ကားများကို မင်းတပ် CDF တပ်ဖွဲ့ဝင်များက တိုက်ခိုက်သည့်အတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦးထက် မနည်း သေဆုံးခဲ့ကာ မင်းတပ် CDF တပ်ဖွဲ့ကလည်း တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးလှူ သွားကြောင်း ၎င်းတို့ကအဖွဲ့က ထုတ်ပြန်ထားသည်။
You may also like these stories:
စစ်ကောင်စီ လက်နက်ကိုင်တပ်များ မင်းတပ်မြို့ကို ဝင်ရောက် သိမ်းပိုက်
ဆွေးနွေးပွဲပျက်ပြီးနောက် မင်းတပ်မြို့ကို စစ်ကောင်စီတပ်က အမြောက်နှင့်ပစ်
မင်းတပ်တိုက်ပွဲ အရှိန်မြှင့်လာ၊ တိုက်ပွဲအတွင်း CDF ဘက်မှ နှစ်ဦး သေဆုံး
ကလေး- ဂန့်ဂေါလမ်းတွင် စစ်တပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်နေ
စစ်ကိုင်းနှင့် ချင်းပြည်နယ်တို့က စစ်ကောင်စီ တော်လှန်ရေး တူမီး တိုက်ပွဲများ
ချင်းနဲ့ တူမီး၊ တူမီးနဲ့ ချင်း