စစ်အာဏာသိမ်းပြီးနောက် စစ်တပ်က တိုင်းရင်းသားဒေသတချို့ကို လေကြောင်းထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေ သည့် တချိန်တည်း လေတပ်စခန်းဌာနချုပ်တချို့ မှာလည်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကို ခံနေရသည်။
ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့က ကရင်အမျိုးသား အစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေနှင့် ဆက်စပ်လျက်ရှိသည့် ပဲခူး တိုင်း တောင်ငူမြို့နယ် အတွင်းရှိ လေတပ်စခန်းဌာနချုပ်နှင့် နယ်မြေခံတပ်ရင်းတို့ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ် ခတ်တိုက်ခိုက်ခြင်း ခံခဲ့ရသည့် စစ်တပ်ပိုင် မြဝတီသတင်းက ဖော်ပြသည်။
တောင်ငူလေတပ်စခန်း ဌာနချုပ် အနီးသို့ ရှော့တိုက်ဒုံး ၂ လုံး ကျရောက် ပေါက်ကွဲခဲ့ရာ လူနှင့် အဆောက်အဦ ထိခိုက်မှု မ ရှိကြောင်း၊ နယ်မြေခံတပ်ရင်းအနီးသို့ ကျရောက်သည့် အလုံးမှာ ပေါက်ကွဲခဲ့ခြင်း မရှိဟု ယင်းသတင်းတွင် ပါရှိသည်။
သို့သော် ထိုသို့ ပြည်မအတွင်းပိုင်းတွင် အခြေစိုက်သည့် လေတပ်စခန်းများကို ရှော့တိုက်ဒုံးများဖြင့် ဝင်ရောက်ပစ်ခတ်သည် မှာ တိုင်းရင်းသားလက်နက်ကိုင်များ အနေဖြင့် စစ်တပ်အပေါ် စစ်ရေး၌ အတိုင်းအတာတခု အရ ခြိမ်းခြောက်နိုင်ကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။
လေတပ်စခန်းများ တိုက်ခိုက်ခံရခြင်းမှာ ဤသည်မှာ ပထမဆုံး အကြိမ်မဟုတ်ပါ၊ ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့ကလည်း မကွေး အခြေစိုက် လေတပ်စခန်းနှင့် မိတ္ထီလာ အခြေစိုက် လေတပ်စခန်း တို့အား ရှော့တိုက်ဒုံးဖြင့် အပစ်ခံခဲ့ရသည်။
စစ်တပ်သည် တိုင်းရင်းသား လက်နက်ကိုင်များကို တိုက်ခိုက်ရာတွင် ၂၀၁၀ ခုနှစ် နောက်ပိုင်းကစ၍ မြေပြင်သာမက ဝေဟင်ကပါ ပူးတွဲတိုက်ခိုက်မှု ပုံစံကို ဖော်ဆောင်လာရာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ၊ ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း တိုက်ပွဲများတွင် ခြေလျင်နှင့် လေကြောင်းပူးတွဲတိုက်ခိုက်မှုများ၊ လှုပ်ရှားမှုကို ထင်ထင်ရှားရှား တွေ့လာရသည်။
၂၀၁၈ ခုနှစ်က စတင်ပြီး တိုက်ပွဲများ အကြီးအကျယ်ဖြစ်ခဲ့သည့် ရခိုင်စစ်မျက်နှာသည် ၂၀၂၀ နှစ်ကုန်ပိုင်းကတည်းက စတင်ငြိမ်သက်သွားသော် လည်း ၂၀၂၁ခု ဖေဖေါ်ဝါရီ ၁ရက်တွင် အာဏာသိမ်းလိုက်သည့် စစ်တပ်အဖို့ မြို့ကြီးတော်တော် များများတွင် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများ အကြီးအကျယ် ကြုံတွေ့နေရခြင်းကြောင့် ထိန်းချုပ်နိုင်ရန် ကြိုးစား နေရသည်။
လူထု၏ ဆန္ဒပြမှုများကို စစ်တပ်က ပစ်ခတ်နှိမ်နင်းနေစဉ်မှာပင် ထိုသတ်ဖြတ်မှုများကို အကြောင်းပြုပြီး ကချင်လွတ် လပ်ရေးတပ်မတော် (KIA)က ယခင် လက်လွှတ်ခဲ့ ရသည့် ဗျူဟာကျသော အလော့ဘွမ်စခန်း ကို ပြန်လည်သိမ်းပိုက် သလို ကရင်အမျိုးသား အစည်းအရုံး(KNU) လက်အောက်ခံ တပ်မဟာ ၅ကလည်း ဖာပွန်ခရိုင်အတွင်းရှိ စစ်တပ် အထိုင်စခန်းများကို သိမ်းပိုက်လိုက်သည်။
ထို့အတွက် စစ်ကောင်စီမှာ ပြည်တွင်းဆန္ဒပြမှုများကို နှိမ်နင်းနေရသလို မြို့ပြများကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေရသည့် အချိန် မိုးမောက်ဒေသရှိ စခန်းများကို သိမ်းထားသည့် KIA တပ်များနှင့် KNU တပ်မဟာ ၅ ဖာပွန် ခရိုင်ကို မြေပြင် ထိုးစစ် ထက် လေကြောင်းတိုက်ခိုက်မှုများဖြင့်သာ တုံ့ပြန်နိုင် ခဲ့သည်ကို တွေ့ရသည်။
ထိုသို့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကချင်နှင့် ကရင်ဒေသခံအများအပြား ထွက်ပြေးနေရသလို ကရင်စစ်ဘေး ရှောင်ဦး ရေမှာလည်း နှစ်သောင်းခန့်အထိ တက်လာသည်။
တရုတ်- မြန်မာနယ်စပ်မှ မဟာဗျူဟာကျသည့် အလော့ဘွမ်စခန်းနှင့် မိုးမောက်မြို့နယ်အတွင်း လှုပ်ရှားနေသည့်
KIA ကို လေကြောင်းမှ တိုက်ခိုက်ရန် မြစ်ကြီးနားလေတပ်စခန်းကို ယခင်က သုံးသော်လည်း KIA ၏ တုံ့ပြန် တိုက်ခိုက် နိုင်သော ဧရိယာအတွင်း ရှိသည့်အတွက် မြစ်ကြီးနား လေတပ်စခန်းအစား မန္တလေးတိုင်း တံတားဦး လေတပ် စခန်း၊ မိထ္တီလာ၊ မကွေးလေတပ်စခန်းများကို သုံးနေရ သလို ဖာပွန်ခရိုင်ရှိ KNU စခန်း များကို တိုက်ခိုက်ရန် တောင်ငူလေတပ် စခန်းကို သုံးခဲ့သည်။
ထို့အတွက် တိုင်းရင်းသား လက်နက်ကိုင်များကလည်း ပြည်မထဲသို့ ထိုးဖောက်ဝင်ရောက်ကာ လေတပ်စခန်းတချို့ကို ၁၀၇ မမ ရှော့တိုက်ဒုံးများသုံးကာ တိုက်ခိုက်ပြီး တန်ပြန် ခြိမ်းခြောက်နေခြင်းဖြစ်သည်။
၁၀၇ မမ ရှော့တိုက်ဒုံးများကို တိုင်းရင်းသားလက်နက်ကိုင်များက ကိုးကန့်စစ်ပွဲ စတင်သုံးခဲ့ခြင်းဖြစ်ပြီး၊ ၂၀၁၉ ခုနှစ်က ဖြစ်ပွားသည့် ပြင်ဦးလွင်မြို့ အခြေစိုက် တပ်မတော် နည်းပညာတက္ကသိုလ်(DSTA) ကျောင်းကို ပစ်ခတ်ရာတွင် ယင်း ရှော့တိုက်ဒုံးများကို သုံးခဲ့သည်။
ယခင်က ယင်းရှော့တိုက်ဒုံးများကို သဲအိတ်များပေါ်တင်က ပစ်ခတ်ကြသော်လည်း ယခုနောက်ပိုင်း ဒုံးပစ်စင်နှင့် ပစ်မှတ်ကို ပိုမိုသေချာအောင် ပစ်ခတ်နိုင်သည့် အနေအထားရှိလာသည်ကို တွေ့ရသည်။
CDM ပြုလုပ်လာသည့် DSA အပတ်စဉ် ၅၄ မှ ဗိုလ်ကြီး လင်းထက်အောင်ကလည်း ကချင် လွတ်မြောက်ရေးတပ် (KIA) နှင့် KNU ထိန်းချုပ်နယ်မြေတချို့သို့ စစ်တပ်က လေကြောင်းထိုးစစ်ဆင်တိုက်ခိုက် မှုများ ဆက်တိုက် ပြုလုပ်လာပြီး နောက် တုံ့ပြန်သည့် အနေဖြင့် ယခုလို လေတပ်စခန်းဌာနချုပ်များ တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်းပြောသည်။
“လက်နက်ကိုင် အဖွဲ့ အစည်းတွေကလည်း လေယာဉ်နဲ့ ဗုံးကြဲတာတွေ ခံနေရတယ်။ အဲဒီအတွက် သူတို့ဘက်ကလည်း အရင်လိုမျိုး ငြိမ်ခံနေမယ့် အနေထားမျိုးတွေ မဟုတ်တော့ဘူး။ လေယာဉ်တွေနဲ့ ဗုံးကြဲမှုတွေအတွက် လေယာဉ်တွေ တက် မလာနိုင်အောင် အဓိက လေတပ်စခန်းဌာနချုပ်တွေကို အဓိထားပြီး တိုက်ခိုက်တယ်”ဟု ၎င်းက ပြောသည်။
သို့သော် မည်သည့် လေတပ်စခန်းဌာနချုပ်များသည့် မည်သည့်အဖွဲ့ လက်ချက်ဆိုသည်အချက်ကိုမူ ထုတ်ဖော် ပြောဆိုလို ခြင်း မရှိကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
ယခုလို လေတပ်စခန်းဌာနချုပ်များ အနီးအထိ လာရောက်တိုက်ခိုက်နိုင်ခြင်းမှာ လူထုထောက်ခံမှုနှင့် အများကြီး သက်ဆိုင် ကြောင်း၊ ပြည်သူလူထု၏ ထောက်ခံအားပေးမှု ရှိမှသာ ယခုလို နေရာမျိုးအထိ လာရောက်ပြီး ပစ်ခတ်နိုင်ခြင်း ဖြစ်ကြောင်း၊ ယခင်က EAOs များနှင့် ပြည်သူများကြားတွင် မယုံကြည်မှုများ ရှိသော်လည်း ယခုနောက်ပိုင်း ပြောင်းလဲလာ၍ ဖြစ် ကြောင်းလည်း သုံးသပ်သည်။
ဗိုလ်ကြီးလင်းထက်အောင်က “တိုင်းရင်းသားအဖွဲ့တွေနဲ့ G-z တွေနဲ့ ပေါင်းမိသွားတယ်။ ဒါကြောင့် ဒီလိုတိုက်ခိုက်မှုတွေ လုပ်နိုင်တာ။ ပြည်တွင်းမှာက တပ်မတော်က လူငယ်တွေကို ဖမ်းတယ်။ ၅၀၅ ထုတ်တယ်။ မတရားဖမ်းဆီးတယ်။ သတ် တယ်။ လမ်းမှာ လူငယ်တွေ တွေ့တာနဲ့ အကြောင်းမဲ့ရိုက်တယ်။ အိမ်တအိမ် ဝင်သွားပြီဆိုတာနဲ့ လူငယ်ဆိုတာနဲ့ ဖမ်း တယ်။ လူငယ်တွေ စိတ်ထဲမှာ လည်း စစ်တပ်ကို တော်တော်မုန်းနေပြီ။ နာကျည်းနေပြီ”ဟု ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့ပေါ်တွင် လူထုလှုပ်ရှားမှု ဆန္ဒပြပွဲများ၊ CDM လှုပ်ရှားမှုများကို စစ်တပ်က အတိုင်းအတာ တခုအထိ ထိန်းချုပ်နိုင်သော်လည်း နိုင်ငံရေးစစ်ပွဲတွင် လူထု မထောက်ခံသဖြင့် ယခင်လို သတင်းအချက်အလက်များ မရ ရှိသည့်အခါ စစ်တပ်၏ ရှုံးနိမ့်မှုတချို့ကို မြင်လာရကြောင်း တိုင်းရင်းသားအရေး လေ့လာသူ တဦးက သုံးသပ်သည်။
“စစ်တပ်က ရှုံးနေတော့ အခုလို အတွင်းထဲမှာ ဖြစ်တဲ့ လေတပ်စခန်းတွေပါ အတိုက်ခံနေရတာက ဘယ်သူလုပ်တယ်လို့ တော့ မသိဘူး။ ဒါပေမယ့် နိုင်ငံရေးစစ်ပွဲ ရှုံးနေတဲ့အတွက် ကြားထဲမှာ တာဝန်သိပြည်သူတွေကလည်း သတင်းမပေး တော့ဘူး။ တကယ်တန်းလာလုပ်တဲ့အခါမှာ သူကြိုမသိတော့ဘူး”ဟု ၎င်းက ပြောသည်။
သို့သော် တိုင်းပြည်တွင် ပြည်သူများသည် စစ်တပ်ကို တိုက်ခိုက်ပါက မည်သည့်နည်းလမ်းမဆို ထောက်ခံသည့် အယူအဆ ကိန်းအောင်လာသဖြင့် နောက်ပိုင်းတွင် တိုင်းပြည်တည်ငြိမ်ရေးပါ ထိခိုက်လာနိုင်ပြီး ပြည်တွင်းစစ်နှင့် နီးစပ်လာသည့် သ ဘောမျိုး မြင်ရကြောင်း ၎င်းက သုံးသပ်သည်။
ယခင်က တပ်စခန်းဌာနချုပ်များအနီးသို့ လာရောက်တိုက်ခိုက်ခြင်းမျိုး မကြုံဖူးခဲ့ပေ။ တိုက်ခိုက်ရန်လည်း အလွန် ခက်ခဲသည့် အခြေအနေမျိုး ဖြစ်သည်။
“လူငယ်တွေကလည်း EAOs အဖွဲ့တွေထဲကို သွားကြတယ်။ EAOs တွေကလည်း လက်ခံပြီးတော့ ထမင်း ကျွေးတယ်။ စစ် ပညာသင်ကြားပေးတယ်။ ဒီလောက်အထိကို တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း လူငယ်တွေကို ကူညီမှုတွေ ရှိနေ တယ်။ ပူးပေါင်းမှုတွေ အရမ်းများလာတယ်”ဟု ဗိုလ်ကြီး လင်းထက်အောင်က ပြောသည်။
စစ်ကောင်စီလက်နက်ကိုင်တပ်များသည် မြေပြင်ထိုးစစ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များကို အနိုင်ရရှိရန် အချိန် ယူရခြင်း၊ အကျအဆုံးများခြင်းတို့ကြောင့် လေကြောင်းပစ်ကူကို ယခုနောက်ပိုင်း စစ်ပွဲများတွင် ပိုမိုအားကိုးလာခဲ့သည်။
မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်အခြေစိုက်စခန်းတချို့ကို ကရင် အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ တပ်မဟာ ၅ က သိမ်းယူလိုက်သည့်အခါ စစ်ကောင်စီတပ်များ ဖာပွန်ခရိုင်အတွင်းသို့ တိုက်လေယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းဖြင့် ပြန်လည် တုံ့ပြန်ခဲ့သည်။
ထို့ပြင် ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင်လည်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်ဒေသများသို့ စစ်တပ် က တိုက်လေယာဉ်များ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
မေလ ၃ ရက်နေ့တွင် ရုရှားနိုင်ငံထုတ် ဘက်စုံသုံး တိုက်ခိုက်ရေး ရဟတ်ယဉ် Mi-35 တစီးကို မိုးမောက်မြို့နယ် အတွင်း၌ KIA က ပစ်ချနိုင်ခဲ့သည်။
၂၀၁၁ခုနှစ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု သုတေသနနှင့် မှတ်တမ်းဌာန၏ ပြုစုချက်အရ မြန်မာစစ်တပ်တွင်
လေတပ်စခန်းဌာနချုပ် ၁၈ ခုရှိပြီး ထိုအထဲတွင် ပြုပြင်ထိန်းသိမ်းရေးနှင့် လေကြောင်း အတတ်သင် လေတပ်စခန်း၊ မြေပြင် အတတ်သင်လေတပ်စခန်း၊ လေယာဉ်ထုတ်လုပ် ပြုပြင်ရေး ဌာနချုပ်များလည်း ပါဝင်သည်။
အဓိက လေတပ်စခန်းဌာနချုပ်များမှာ မှော်ဘီ၊ မင်္ဂလာဒုံ၊ မြစ်ကြီးနား၊ တောင်ငူ၊ နမ့်စန်၊ မိတ္ထီလာ၊မြိတ်၊ ပုသိမ်၊ တံတားဦး၊ မကွေးတို့ဖြစ်ပြီး နောက်ပိုင်းတွင် နေပြည်တော်(ဧလာ)၊ စစ်ကိုင်းတိုင်း ဟုမ္မလင်း၊ ရခိုင်ပြည်နယ် အမ်းမြို့တို့တွင်လည်း လေတပ်စခန်းများ တိုးချဲ့ဖွင့်လှစ်ကြောင်း သိရသည်။
You may also like these stories:
လေတပ်မှ အရာရှိ၊ စစ်သည် ၈၀ ကျော် အာဏာသိမ်း စစ်တပ်ကို စွန့်ခွာ
စစ်တပ်တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို KIA ပစ်ချ