ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားနေသည့် ဆီဘောက်ဆာကား ၇ စီးကို စစ်ကောင်စီ အတွက် လေယာဉ်ဆီများ သယ်ဆောင်လာသည်ဟု သံသယရှိသဖြင့် လက်နက်ကြီးဖြင့် ပစ်ခတ်လိုက်ကြောင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ပြောသည်။
ယင်း ဆီဘောက်ဆာယာဉ်များသည် တရုတ်နိုင်ငံဘက်မှ ဆီများကို သယ်ဆောင်ကာ မူဆယ်မြို့နယ်မှ ကွတ်ခိုင်မြို့နယ် သိန္နီ မြို့နယ်တို့ဘက်သို့ မောင်းနှင်လာစဉ် ပစ်ခတ်ခံရခြင်း ဖြစ်သည်။
KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ၏ အဆိုအရ မေ ၁၇ ရက်တွင် မူဆယ်မြို့နယ်နှင့် ကွတ်ခိုင် မြို့နယ် ကြား ပြည်ထောင်စု လမ်းမကြီးပေါ်တွင် မောင်းနှင်လာသည့် ဆီဘောက်ဆာကား ၅ စီး၊ ကွတ်ခိုင်မြို့နယ်နှင့် သိန္နီမြို့ နယ်ကြားတွင် ၁ စီး၊ မေ ၁၈ ရက်တွင် ကွတ်ခိုင်မြို့နယ်နှင့် သိန္နီမြို့နယ်ကြား မောင်းနှင်းနေသည့် ဆီဘောက်ဆာကား ၁ စီးတို့ကို ပစ်ခတ်လိုက်ခြင်းဟု သိရသည်။
ဗိုလ်မှူးကြီးနော်ဘူက “ဒီဆီတွေက ပြည်သူလူထု သုံးဖို့ ဆီ မဟုတ်ဘူးတဲ့။ အားလုံးက စစ်ကောင်စီရဲ့ ဆီတွေတဲ့။ နောက် ဟုတ်သလား၊ မဟုတ်သလား မသိတာက ပြည်သူလူထုတွေ ပြောတာ လေယာဉ်ဆီတွေတဲ့။ အဲဒါကြောင့် စစ်ကောင်စီရဲ့ ဆီဆိုတော့ ကျနော်တို့က ပစ်ရတာပေါ့” ဟု ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်တပ်နှင့် KIA ကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဆီဘောက်ဆာကားများကိုသာ ပစ်ခတ်ခြင်း ဖြစ်ကြောင်း သိရသည်။
KIA နှင့် စစ်တပ်ကြား စစ်ရေးတင်းမာမှု အရှိန်အမြင့်ဆုံး ဖြစ်နေသည်မှာ ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အရေးပါ သည့် အလော့ဘွမ်ဗျူဟာကုန်း အနီးတဝိုက် ဖြစ်ပွားနေသည့် တိုက်ပွဲ ဖြစ်သည်။
စစ်တပ်က အလော့ဘွမ်ကို ပြန်သိမ်းယူနိုင်ရန် တိုက်ခိုက်နေရာ တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို လည်း မတ်၂၅ ရက်မှစ၍ မေ၁၇ ရက်အထိ အသုံးပြုကာ တိုက်ခိုက်ထားသည်။
KIA က အလော့ဘွမ်ဗျူဟာကုန်းကို သိမ်းယူထားသဖြင့် မြစ်ကြီးနား- ဗန်းမော် လမ်းတလျှောက်ကို နယ်မြေစိုးမိုးထား သည့်အပြင် စစ်တပ်၏ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ အတက်အဆင်း ပြုလုပ်ရာ မြစ်ကြီးနား လေတပ်နှင့် ဗန်း မော်လေဆိပ်တို့ကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ထားရာ စစ်တပ်သည် မိုးမောက်ကို လာရောက် တိုက်ခိုက်မည့် လေယာဉ်များ၊ ရဟတ်ယာဉ်များကို လားရှိုး၊ မန္တလေးနှင့် မိတ္ထီလာမြို့များဘက်မှ မောင်းနှင်လာရသည်ဟု KIA က သတင်း ရရှိထားသည်။
ထို့ကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်း သယ်ယူပို့ဆောင်ရေး လုပ်နေသည့် ဆီကားများမှာ မိုးမောက်ကို လာတိုက်ခိုက် မည့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်ရေးယာဉ်များအတွက် အသုံးပြုမည့် ဆီများဖြစ်နိုင်သည်ဟုလည်း ယူဆကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
ဆက်လက်ပြီး ၎င်းက “မနေ့ကလည်း မိုးမောက်မှာ လေယာဉ်လာတယ်။ မေလ ၁၇ ရက်လေ။ မနေ့က ဂျက်ဖိုက်တာ ၂ စင်းနဲ့ လာပစ်ထားတာ ရှိတယ်”ဟု ပြောသည်။
ဆီကားများကို ပစ်ခတ်ရာတွင် KIA က လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း မဟုတ်ဘဲ ပခုံးထမ်းလောင်ချာ RPG များ အသုံးပြုကာ ပစ်ခတ်ခြင်း ဖြစ်သည်ဟု KIA ဘက်က သိရသည်။
ဆီကားများ ပစ်ခတ်ခံရခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းတစုံတရာ ထုတ်ပြန်ခြင်း မရှိသေးသလို ပစ်ခတ်ခံရ သည့် ကားများနှင့် ပတ်သက်၍ ကားမောင်းသူများ၏ အခြေအနေကို သိရှိရန် ဧရာဝတီမှ ဒေသခံများထံ စုံစမ်းသော်လည်း မသိရှိရပါ။
ဒေသခံတဦးက “ကား မီးလောင်တာကတော့ မနေ့က ၁ စီး လောင်တာ သိတယ်။ နောက် ဒီမနက်မှာ တစီး ထပ်လောင် တယ်။ ကွတ်ခိုင်နဲ့ သိန္နီကြားမှာပဲ။ တခြားကားတွေတော့ မီးလောင်သွားလား။ ဘာဖြစ်လဲဆိုတာ မသိဘူး။ ဒီက ဒေသခံ တွေကလည်း ပစ်ခတ်သံကြားပြီဆိုရင် သိပ်မသွားလာတော့ဘူး။ ကြားညှပ်မှာ စိုးလို့လေ။ ကျနော်တို့ သိလိုက်တာကတော့ မနေ့က တစီး၊ ဒီနေ့ တစီးကတော့ မီးလောင်သွားတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် လေယာဉ်ဆီနှင့် ပတ်သက်ပြီး စင်ကာပူအခြေစိုက် PUMA ကုမ္ပဏီဖြင့် မြန်မာရေနံနှင့် ဓာတုဗေဒလုပ်ငန်း (MPE)တို့ ပူးပေါင်း၍ National Energy Puma Aviation Services Co., Ltd. (NEPAS)ကို ဖွဲ့စည်းဆောင်ရွက်ခဲ့သော် လည်း စစ်တပ်မှ အာဏာသိမ်းပြီးနောက် ဖေဖေါ်ဝါရီ ၁၀ရက်တွင် PUMA ဘက်မှ ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းထား သဖြင့် လေယာဉ်လောင်စာဆီနှင့် ပတ်သက်၍ လတ်တလော အခက်အခဲများ တွေ့နေရသည်။
ထို့အတွက် စစ်တပ်အတွက် လိုအပ်သည့် လေယာဉ်ဆီများကို တရုတ်နိုင်ငံဘက်မှ သယ်ဆောင်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။
လက်ရှိတွင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ခိုက်မှုများ၊ တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိကြောင်း KIA ဘက်မှ ပြောဆို သော်လည်း နှစ်ဖက်တပ်များက စစ်ရေးလှုပ်ရှားမှုများ ရှိနေသဖြင့် ကွတ်ခိုင်မြို့နယ်တွင်း နေထိုင်သည့် အရပ်သားများမှာ လုံခြုံမှု မရှိကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (HST-NSS) မှ အဖွဲ့ဝင် တဦးက ပြောသည်။
စစ်ရေး ပဋိပက္ခ ရှိနေသည့် ကာလအတွင်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာမှ အမျိုးသားများကို စစ်တပ်က လမ်း ပြအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ၎င်းတို့ သွားလိုသည့် နေရာကို လမ်းပြအဖြစ် အသုံးပြုပြီးမှ ထိုအရပ်သားကို ပြန်လွှတ် ပေးခြင်းများ ပြုလုပ်သည်ဟုလည်း HST-NSS အဖွဲ့ဝင်က ပြောသည်။
ဆက်လက်ပြီး ၎င်းက “နမ့်ကွတ်ရွာကိုဆိုရင်လည်း သူပုန်ရွာဆိုပြီး တရွာလုံး မီးရှို့ခံရမယ်လို့ ခြိမ်းခြောက် ပြောဆိုတာတွေ ရှိတယ်။ နောက်တခု အခက်အခဲရှိတာက အာဏာသိမ်းပြီးနောက်မှာ စစ်ရေးလှုပ်ရှားတဲ့ စစ်တပ်တွေက တချို့က ယူနီ ဖောင်းတွေ မဝတ်ကြဘူး။ နောက်ပြီး အားလုံးနီးပါးက သူတို့ ဘယ်တပ်က ဆိုတာ သေနတ်တွေမှာရော ခန္ဒာကိုယ်မှာပါ တံ ဆိပ်တွေ မကပ်ထားကြတော့ဘူး။ ဒီတော့ ဘယ်တပ်ရင်း၊ ဘယ်တပ်ဘယ်လောက်က အရပ်သားတွေကို ဒီလိုကျူး လွန်တာပါလို့ အချက်အလက် မရဘူး ဖြစ်နေတယ်” ဟု ပြောသည်။
KIA သည် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စာချုပ် တစုံတရာကို လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာမှ စ၍ ပဏာမအပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆိုနိုင်ရန် အစိုးရ၊ စစ်တပ်တို့နှင့် ညှိနှိုင်းနေသည့် တိုင်း ရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် လူထုကို သွေးထွက်သံယို ဖြစ်အောင် သတ်ဖြတ်ခြင်းများကြောင့် KIA သည် လူ ထုနှင့် အတူ ရပ်တည်မည်ဟု ပြောဆိုပြီး Bilateral ညှိနှိုင်းနေစဉ်က၂ နှစ်တာ ရပ်ဆိုင်းထားသည့် စစ်ရေး လှုပ်ရှားမှုများကို ဆက်လက် ရပ်ဆိုင်းမထားတော့ဘဲ မတ် ၁၁ ရက်တွင် စစ်မျက်နှာများ ပြန်လည် ဖွင့်လိုက်သည်။
KIA ၏ ထိပ်သီးခေါင်းဆောင်တဦးဖြစ်သည့် ဗိုလ်ချုပ်ဂွန်မော်က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက်သည့် KIA ၏ တပ်မဟာ ၄ ၊ တပ်မဟာ ၆ ၊ တပ်မဟာ ၁၀ တို့အနေဖြင့် လူနေကျေးရွာများနှင့် တရုတ်နိုင်ငံ၏ ဂတ်စ်ပိုက်လိုင်း တည်နေ ရာများကို ရှောင်ရှားကာ စစ်တပ်ကို တိုက်ခိုက်ရန် အမိန့်စာ တစောင်ကို မတ် ၁၁ ရက်က လက်မှတ်ရေးထိုးကာ ၎င်း၏ တပ်မဟာများကို ပေးပို့ထားသည်။
ကချင်ပြည်နယ်တွင်လည်း မတ် ၁၁ ရက်မှ စ၍ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးရှိ စစ်တပ်၏ စခန်းတခုကို KIA က စတင် ထိုးစစ်ဆင်တိုက်ခိုက်ပြီး စစ်မျက်နှာ စဖွင့်ခဲ့သည်။
You may also like these stories:
တီးတိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်၍ သေဆုံးမှုများရှိ
မံစီတွင် KIA နှင့် အာဏာသိမ်းစစ်တပ် တိုက်ပွဲပြင်းထန်နေ