အိန္ဒိယနိုင်ငံက ကိုတာစနစ်ဖြင့် ပဲတင်သွင်းခွင့် ပယ်ဖျက်လိုက်ပြီး မည်သူမဆို တင်ပို့ခွင့် ပေးလိုက် ခြင်းကြောင့် ပြည်တွင်း ပဲဈေးကွက်အတွင်း မတ်ပဲနှင့် ပဲစင်းငုံဈေးများ အနည်းငယ် မြင့်တက်လျက် ရှိကြောင်း သိရသည်။
ယခုနှစ်တွင် အိန္ဒိယနိုင်ငံက ပြည်တွင်း ပဲလိုအပ်ချက် များပြားနေသည့်အခြေအနေကြောင့် ယခင် သတ်မှတ်ထားသော ကိုတာစနစ်ကို ပယ်ဖျက်ပေးလိုက်ပြီး မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းသုံးမျိုးကို အကန့် အသတ်မရှိ လာမည့် အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထားကာ သင်္ဘောတင်ခွင့် ရရှိမည်ဖြစ်ကြောင်း မန္တလေးကုန်စည်ဒိုင် ဒု ဥက္ကဋ္ဌ ဦးမျိုးဆွေက ဧရာဝတီသို့ ပြောသည်။
၎င်းက “ဒီသတင်းကြောင့် အိန္ဒိယကို သွားတဲ့ မတ်ပဲ၊ ပဲစင်းငုံကတော့ ဈေးလိုက်တက်လာတယ်။ တရုတ် ဘက်သွားနေတဲ့ ပဲတီစိမ်းနဲ့ တခြားပဲနှမ်းတွေကတော့ ကိုဗစ်နဲ့ စည်းကမ်း အရမ်းကျပ်ထား ဆိုတော့ သုံးချိုးတချိုးလောက်ပဲ သွားနိုင်တော့တယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံက မတ်ပဲနှင့် ပဲစင်းငုံကို အိန္ဒိယဈေးကွက်သို့ အဓိကထား တင်ပို့နေရလျက် ရှိသည်။
မန္တလေးဈေးကွက်တွင် မတ်ပဲနှင့် ပဲစင်းငုံဈေးမှာ မူလက ၃တင်း တအိတ်လျှင် ကျပ် ၉ သောင်းခန့် ရှိရာမှ ယခုအခါ မတ်ပဲမှာ ကျပ် ၉ သောင်း ၈ထောင်ခန့်၊ ပဲစင်းငုံမှာ ကျပ် ၉ သောင်း ၅ထောင်ခန့် ဈေးတက်လာကြောင်း သိရသည်။
ယခင် ကိုတာစနစ်တွင် အိန္ဒိယသို့ ပဲတင်သွင်းရန်အတွက် တင်သွင်းခွင့်လိုင်စင်များ လုပ်ဆောင်ရပြီး လိုင်စင်ရရှိသူများသာ တင်ပို့ခွင့်ရရှိသည့်အတွက် လိုင်စင်အရောင်းအဝယ် ဈေးကွက်အထိ ဖြစ်ပေါ်ခဲ့ပြီး ယခုတွင် ထိုလိုင်စင်များ မလိုအပ်တော့ဘဲ လွတ်လပ်စွာ တင်ပို့ခွင့်ရရှိမည် ဖြစ်သည်။
ဦးမျိုးဆွေက “အိန္ဒိယက နှစ်တိုင်းနှစ်တိုင်းကို လိုအပ်ချက်များလာတဲ့ အနေအထားရှိတယ်။ အိန္ဒိယမှာ လည်း ပဲဈေးတွေက တက်နေတဲ့အခါကျတော့ ဖွင့်ပေးချင်လွန်းလို့တော့ မဟုတ်ဘူး မဖြစ်မနေ ဖွင့်ရမယ့် အခြေအနေမို့လို ဖွင့်ပေးလိုက်တာ” ဟု ပြောဆိုသည်။
လက်ရှိအချိန် ပဲစင်းငုံ စိုက်ပျိုးသည့် ရာသီဖြစ်နေသည့်အတွက် တောင်သူများသည် ဈေးကောင်း ရရှိမည့် အခြေအနေများကြောင့် ပဲစင်းငုံကို တိုးစိုက်လာမည့် အခြေအနေ ရှိသော်လည်း မတ်ပဲသည် ဆောင်းရာ သီကုန်မှ စိုက်ပျိုးရခြင်းဖြစ်၍ မတ်ပဲ ဈေးကွက်ကို အနေအထားကို ခန့်မှန်းရန် အချိန်စောနေသေး ကြောင်း ပဲကုန်သည်များက ပြောသည်။
“အိန္ဒိယက သူ့ဘက်မှာ လိုရင်လိုသလို၊ မလိုရင်မလိုသလို ဖွင့်တာ၊ ပိတ်တာလုပ်တာဆိုတော့ ဒီဘက်က တောင်သူက ဈေးကောင်းဆိုပြီး တွန်းစိုက်လိုက်လို့ ပေါ်ပြီးဆိုရင် မဝယ်ဘူးဖြစ်ရင် တောင်သူဆီမှာ ပေါ် တဲ့အချိန် ဈေးကောင်းမရရင် ရှုံးကြမှာပေါ့” ရန်ကုန်အခြေစိုက် ပဲကုန်သည်တဦးက ဧရာဝတီသို့ ပြော သည်။
အိန္ဒိယဘက်သို့ ကိုတာစနစ်ကို ပယ်ဖျက်လိုက်ပြီး လွတ်လပ်စွာ တင်းသွင်းခွင့်ရှိသော်လည်း ပြည်ပပို့ ကုန်လုပ်ငန်းကဏ္ဍများ၌ ပြည်တွင်းဘဏ်လုပ်ငန်းများ အကျပ်အတည်းကြောင့် ငွေပေးချေရေး ကိစ္စရပ် များတွင် အခက်အခဲ ဖြစ်ပေါ်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
အိန္ဒိယအစိုးရသည် ၂၀၁၇ ခုနှစ် နောက်ပိုင်းမှ စတင်ကာ မြန်မာနိုင်ငံတွင် ပဲ ပေါ်ချိန်နီးသည့် နှစ်ကုန်ပိုင်း ကာလများတွင် ပြည်ပမှ ပဲတင်သွင်းမှု ကိုတာများကို နှစ်စဉ်သတ်မှတ် ထုတ်ပြန်ပေးကာ ပဲတင်သွင်းခွင့် ကို ကန့်သတ်ထားခဲ့ခြင်းဖြစ်သည်။
You may also like these stories:
သပိတ်မှောက်သောကြောင့် စစ်တပ်ယမကာလုပ်ငန်း အရောင်းထက်ဝက်ကျ
အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါက စစ်ကောင်စီအဖွဲ့ဝင်များကို ဒဏ်ခတ်အရေးယူမှု တိုးမြှင့်
စံချိန်တင်ဈေးနှုန်း မြင့်တက်ခဲ့သော ရွှေနှင့် ဒေါ်လာ ဈေးပြန်ကျလာ