ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း စစ်ကောင်စီက လက်နက်ကြီးများ စမ်းသပ်ပစ်ခတ်မည့်ကိစ္စကို ပြန်လည် ရုတ်သိမ်းလိုက်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က မေ ၁၉ ၊ ၂၀ ရက်တွင် လက်နက်ကြီးများ စမ်းသပ်ပစ်ခတ်မည် ဖြစ်၍ အနီးအနားရှိ ကျေးရွာသားများအား ရွာပြင်မထွက်ရန် အကြောင်းကြားထားခဲ့ရာမှ မေလ ၁၈ရက်နေ့တွင်မူ လက်နက်ကြီးပစ်ခတ်မှု ပြုလုပ်တော့မည် မဟုတ် ကြောင်း မြို့ နယ်စီမံ အုပ်ချုပ်ရေးရုံးမှ ထပ်မံအကြောင်းကြားလာကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပြောသည်။
မြောက်ဦးမြို့ အမှတ် ၃၁ ရဲတပ်ရင်းမှ ၎င်းအနီးရှိ ခေါင်းဖြူတောင်ကွင်းတွင် လက်နက်ကြီးများ စမ်းသပ်ပစ်ခတ်မည် ဖြစ်သည့်အတွက် ရွာဟောင်းတော၊ ဆင်အိုးကြီး၊ ဆင်အိုးချေ၊ လက်ကောင်ဈေး၊ ဘုရားအုပ် စသည့် ကျေးရွာသားများ အနေဖြင့် အနီးရှိ တောတောင်များ၌ သစ်၊ ဝါး၊ ထင်းများ ခုတ်ယူပြီး ဖြတ်သန်း သွားလာခြင်း မပြုရန် မြို့နယ်စီမံအုပ်ချုပ် ရေးမှူးရုံးမှ မေ ၁၂ ရက်နေ့ ရက်စွဲဖြင့် အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း ဆင်းအိုးချေ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က ရှင်းပြသည်။
၎င်းက “ရဲတပ်ဖွဲ့ဝင်တွေ လက်နက်ကြီး စမ်းသပ်ပစ်ခတ်ဖို့အတွက် ကျေးရွာသားတွေ ခေါင်းဖြူတောင်ကွင်း အနီးအနား ပတ်ဝန်းကျင်ကို ဖြတ်သွားဖြတ်လာ မလုပ်ဖို့ ပထမတော့ ကျနော်တို့ဆီကို အကြောင်းကြားခဲ့တာရှိတယ်။ မနေ့ကတော့ ပစ်ခတ်မှုတွေ မလုပ်တော့ဘူးဆိုတာ ရွာသားတွေကို ပြန်လည်အသိပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ညွှန်ကြားလာပါတယ်။ လက်နက်ကြီးတွေ ပစ်မယ်ဆိုတော့ လူတွေကတော့ စိုးရိမ်တာပေါ့။ အခုက မပစ်တော့ဘူးဆို ကျနော်တို့လည်း စိတ်အေးရ တာပေါ့” ဟု ပြောဆိုသည်။
မြောက်ဦးမြို့ ကိုးသောင်းဘုရာအနီးရှိ အမှတ် ၃၁ ရဲတပ်ရင်း၌ ခေတ်မီလက်နက်များ စနစ်တကျ ထားသိုထိန်းသိမ်းရေးနှင့် ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြု ပစ်ခတ်နိုင်ရေး သင်တန်းအား ရဲအရာရှိ အပါအဝင် တခြားအဆင့် တပ်ဖွဲ့ဝင် ၅၀ ဦးဖြင့် ဖွင့်လှစ်လျက်ရှိပြီး အဆိုပါ သင်တန်းသားများက ရွာဟောင်းတောရွာကျေးရွာအုပ်စု ခေါင်းဖြူတောင်စက်ပစ်ကွင်းတွင် လေ့ကျင့်ပစ် ခတ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံ ပေးပို့သည့် အကြောင်းကြားစာတွင် ဖော်ပြထား သည်။
မည်သည့်လက်နက်ကြီးများ ပစ်ခတ်မည်ဆိုသည်ကိုမူ ဒေသခံများ အနေဖြင့် သိရှိခြင်းမရှိပေ။
မြောက်ဦးဒေသခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းသာစိန်က လက်နက်ကြီးများ စမ်းသပ်ပစ်ခတ်မည် ဆိုပါက ဒေသခံ ကျေးရွာသားများအတွက် အလွန်အန္တရယ်များသည်ဖြစ်ရာ ကျေးရွာသားများ နေထိုင်သည့် အနီးတွင် လက်နက်ကြီးများ စမ်းသပ်ပစ်ခတ်မှု မပြုလုပ်သင့်ကြောင်း ပြောဆိုသည်။
ဦးထွန်းသာစိန်က “ခေါင်းဖြူတောင်ကွင်းဆိုတာ ဒေသခံ လယ်မြေတွေရှိတယ်။ အဲဒီမှာ လက်နက်ကြီး စမ်းသပ်ပစ်ခတ် မယ်ဆိုရင် ပစ်မှတ်ကို ရောက်တာလည်း ရှိမယ်။ မရောက်တာလည်း ရှိတယ်။ နောက်ပြီး မပေါက်ကွဲတာလည်း ရှိတယ်။ အဲဒီလိုဆိုရင် ရွာသားတွေ လယ်လုပ်တဲ့အခါ တော်တော်အန္တရာယ် များမယ်။ အခုတောင်မှ စစ်ကျန်ဗုံးသီးတွေ ပေါက်ကွဲ လို့ လူတွေ သေနေကြရတာ။ ကျနော့်အမြင်ကတော့ လက်နက်ကြီး စမ်းသပ်ပစ်ခတ်မယ်ဆိုရင် ပင်လယ်ပြင်တွေ၊ လူနဲ့ဝေး တဲ့ တောတောင်တွေမှာ လုပ်သင့်တယ်လို့ မြင်တယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ခေတ်မီလက်နက်ကြီးများ စမ်းသပ် ပစ်ခတ်မည်ဆိုသည့် သတင်းများမှာ မဟုတ်မှန်ဘဲ ရဲတပ်ဖွဲ့ဝင်များ ကိုင်ဆောင်သည့် G3, G4 လက်နက်များသာ သတ်မှတ်ထားသည့် စက်ပစ်ကွင်းတွင် လေ့ကျင့်ပစ်ခတ်မှုများ ပြုလုပ်ရန် အကြောင်းကြားခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။
“အဲဒီသတင်းက ဘယ်လိုကဘယ်လို ဖြစ်သွားလဲဆိုတာ ကျနော်တို့လည်း မသိဘူး။ တပ်ကိုလည်း ကျနော်တို့ မေးပြီးပြီ။ တပ်ရင်း၊ တပ်ဖွဲ့တွေမှာရှိတဲ့ G3, G4 တွေကို စက်ပစ်ကွင်းတွေမှာ သူ့အချိန်နဲ့သူ စမ်းသပ်ပစ်ခတ်မယ်။ အဲဒီအချိန် စက်ပစ် ကွင်း အနီးအနားကို ဖြတ်သွားဖြတ်လာ မလုပ်ဖို့၊ သတိထား ဆင်ခြင်ဖို့အတွက် အကြောင်းကြားတာသာ ဖြစ်တယ်။ သေ နတ်ဆိုတာ ကိုယ်ပစ်ချင်သလို တွေ့တဲ့နေရာမှာ ပစ်လို့မှ မရတာ” ဟု ၎င်းက ပြောသည်။
ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ပေါကြွယ်ဝသည့် မြောက်ဦးမြို့နယ်အတွင်း ထိုသို့ ခေတ်မီလက်နက်ကြီးများ စမ်းသပ်ပစ်ခတ်မည်ဟူသော သတင်းများကြောင့် ဒေသခံပြည်သူများအကြား စိုးရိမ်မှုများ မြင့်တက်ခဲ့သလို စစ်ကောင်စီ တပ်ဖွဲ့နှင့် ရက္ခိုင့်စစ်တပ် (AA)တို့အကြား တကျော့ပြန် တိုက်ပွဲပြန်စရန် အခြေအနေတခု ရောက်ရှိလာပြီလားဟူ၍လည်း သုံးသပ်မှုများ ထွက်ပေါ်လာခဲ့သည်။
စစ်ကောင်စီတပ်နှင့် ရက္ခိုင့်စစ်တပ် (AA) တို့သည် ၂၀၁၈ နှစ်ကုန်ပိုင်းမှ စတင်ကာ ၂ နှစ်ကျော် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၀ နိုဝင်ဘာလကတည်းက ရခိုင်ပြည်နယ်အတွင်း စစ်တပ်နှင့် AA တို့အကြား နှစ်ဖက်နား လည်မှုဖြင့် တိုက်ပွဲများရပ်တန့်သွားသည်မှာ ယခုဆိုလျှင် ၆ လခန့် ကြာမြင့်ပြီ ဖြစ်သည်။
You may also like these stories:
စစ်ကောင်စီ၏ လောင်စာဆီတင်ယာဉ် ၇ စီးကို KIA ပစ်ခတ်
လေတပ်စခန်း ဌာနချုပ်တွေ ဘာကြောင့် အတိုက်ခံနေရလဲ
ယူနီဖောင်းဝတ်ထားတဲ့အချိန် ရွံရှာတဲ့ အကြည့်တွေကို ကျနော်တို့ မခံနိုင်တော့ဘူး