ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ မြို့အဝင်ဂိတ်များတွင် နေရပ်ပြန်လာသည့် လူငယ်များအား စစ်သင်တန်းတက် ပြီး ပြန်လာသည်ဟူသော သံသယဖြင့် စစ်ကောင်စီတပ်များက ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဆွမ်ပရာဘွမ်၊ ပူတာအို ၊ မချမ်းဘော၊ ခေါင်လန်ဖူး စသည့် မြို့အဝင်များတွင် စစ်ကောင်စီ လက်အောက်ခံတပ်များ၏ စစ်ဆေးရေး ဂိတ်စခန်းများရှိရာ ပြင်ပမှ နေရပ်ပြန်လာသည့် လူငယ်များကို အဆိုပါဂိတ်များတွင် စစ်ဆေးဆေးမြန်းခြင်း၊ စစ်သင်တန်းတက်ပြီး ပြန်လာသည်ဟု သံသယရှိပါက ဖမ်းဆီးကာ ရိုက်နှက်စစ်ဆေးခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်။
ထိုကဲ့သို့ မသင်္ကာမှုဖြင့် ဖမ်းဆီးစစ်ဆေးခံရသည့် လူငယ် ၈ ဦး ရှိပြီဖြစ်ပြီး ယင်း ၈ ဦးအနက် ၂ ဦးမှာ မေ ၁၅ ရက်က ပူတာ အိုမြို့အဝင် မူလာရှီးဒီးကြိုးတံတားတွင် ဖမ်းဆီးခံရပြီး ကျန် ၆ ဦးမှာ ဧပြီ ၂၂ ရက်က ခေါင်လန်ဖူးမြို့အဝင် မဂွေဇကြိုးတံ တား၌ ခေါင်လန်းဖူးပြည်သူ့စစ်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
၎င်းတို့အားလုံးသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထံမှ စစ်သင်တန်း တက်လာပြီး နေရပ်ရင်းသို့ ပြန်ဝင်လာသူ များ သို့မဟုတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၏ အဖွဲ့ဝင်များအဖြစ် သံသယရှိခြင်းကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
ပူတာအိုမြို့ဒေသခံ ဦးဘွမ်ရှဂေါင့်က “မူလာရှီးဒီးမှာ ဖမ်းခံရသူ ၂ ဦးကို မေ ၁၈ ရက် နေ့လယ် ၂ နာရီမှာ ပြန်လွှတ်လိုက် တယ်။ သူတို့ကို စစ်ဆေးတုန်းက ပါးရိုက်တာတွေ ရှိတယ်။ ပြန်လွှတ်တော့ ဗျူဟာမှူးက မိဘတွေကိုခေါ်ပြီး ကတိဝန်ခံ ချက် ထိုးခိုင်းတယ်။ အဝေးကို မသွားဖို့၊ သူတို့ အိမ်မှာပဲ ရှိနေတယ်ဆိုတဲ့ အကြောင်းကို တပတ်တခါ လာပြီးသတင်းပို့ဖို့ ဝန်ခံချက်တွေ ထိုးခိုင်းတယ်။ မိဘတွေကိုပါ ဝန်ခံချက် ထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်တာပါ” ဟု ပြောသည်။
အဆိုပါ ဖမ်းဆီးခံရသည့် လူငယ် ၂ ဦးမှာ အသက် ၂၇ နှစ်အရွယ်တဦး၊ ၂၉ နှစ်အရွယ်တဦးဖြစ်ပြီး ၎င်းတို့သည် ဆွမ်ပရာ ဘွမ်မြို့နယ်ရှိ ရွှေတူးဖော်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေကြသူများ ဖြစ်သည်။
ယင်း လူငယ် ၂ ဦးအနက် ၁ ဦးမှာ မိသားစုဝင် ဆုံးသွားသဖြင့် နာရေးကိစ္စကြောင့် ပူတာအိုကို ပြန်လာရာ စစ်တပ်ဂိတ်၌ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။
မချမ်းဘောမြို့နယ်တွင်း နေထိုင်သည့် ဒေသခံတဦးက “ဧပြီ ၂၂ ရက်မှာ ဖမ်းခံရတဲ့ ၆ ယောက်ထဲမှာ ဒီမေလထဲမှာပဲ ၅ ယောက်ကို ပြန်လွှတ်ပေးလိုက်ပြီ။ သူတို့ကို ကျနော်တို့လည်း အဆက်အသွယ်မရတော့ နောက် ဘာတွေဆက်ဖြစ်လဲ အတိအကျ မသိတော့ဘူး။ ဒါပေမယ့် သူတို့ကိုလည်း ဆက်စောင့်ကြည့်မယ့် အနေအထားပဲ။ တယောက်ကိုတော့ သူတို့ ဆက်ဖမ်းထားပြီး ထောင်ထဲကို ပို့ထားတယ်။ ဆက်ဖမ်းထားတာက KIA နဲ့ ပတ်သက်လို့ဆိုပြီး စွပ်စွဲထားတယ်” ဟု ပြော သည်။
ခေါင်လန်ဖူးဒေသခံ လူငယ် ၆ ဦးကို ဖမ်းဆီးထားစဉ်ကလည်း ပူတာအိုခရိုင်အတွင်း နေထိုင်သည့် ဒေသခံများက ၎င်းတို့ အား ပြန်လွှတ်ပေးရန်၊ မတရားဖမ်းဆီး ချုပ်နှောင်ခြင်းများ မပြုလုပ်ရန် တောင်းဆိုမှုများ ရှိခဲ့သည်။
ပူတာအိုခရိုင်တွင် စစ်တပ်နှင့် ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့၏ လှုပ်ရှားမှုနှင့် လူထုအပေါ် စောင့်ကြည့်ခြင်း၊ မသင်္ကာပါက ဖမ်းဆီးခြင်းများ ရှိနေသော်လည်း ဒေသခံများသည် စစ်တပ်က အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ကာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကို ထောက်ခံမှုများ ရှိနေသည်။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေသည့် ကာလအတွင်း ပေါ်ပေါက်လာသည့် ရဝမ်အမျိုးသားမဟာမိတ်အဖွဲ့ (RA) က လည်း လက်ရှိ နိုင်ငံရေးအခြေအနေတွင် KIA သည် လူထုက အသိအမှတ်ပြုသည့် တပ်ဖွဲ့ဖြစ်သဖြင့် လူထုက တရားဝင် ဆက်သွယ်ခွင့်ရှိကြောင်း၊ ခေါင်လန်ဖူးပြည်သူ့စစ်အနေဖြင့် ဒေသခံများကို နှောင့်ယှက်ဖမ်းဆီးခြင်းများ ဆက်လက် လုပ်နေ ပါက တန်ပြန်အရေးယူမှုများ ပြုလုပ်မည်ကို သိရှိစေလိုကြောင်း ဧပြီ ၂၄ ရက်နေ့ကတည်းက ထုတ်ပြန်ပြောဆိုထားသည်။
စစ်ကောင်စီကို ဆန့်ကျင်သည့် ပူတာအိုခရိုင်အတွင်းမှ ဒေသခံများနှင့် ခေါင်လန်ဖူးပြည်သူ့စစ်ကြား သဘောထား တင်းမာ မှုများ ရှိနေသလို တဖက်တွင်လည်း ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့က ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းနှင့် ပူးပေါင်းပြီး အရပ် သားများကို စစ်ရေးအတွက် ပြင်ဆင်ထားကြရန် လိုက်လံ လှုံ့ဆော်လျက်ရှိသည်။
ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့က မေလ ပထမပတ်မှစ၍ နောင်မွန်နှင့် ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ကျေးရွာများကို တရွာဝင် တရွာထွက် လိုက်လံတွေ့ဆုံကာ KIA ထံတွင် စစ်သင်တန်း တက်ထားသူများက မိမိတို့နယ်မြေကို လာရောက် တိုက်ခိုက် မည်ဖြစ်သဖြင့် ကိုယ့်ဒေသကို ကာကွယ်ကြရန် ပြောဆိုကာ ၂ ပတ်ခန့် သင်ကြားမည့် စစ်သင်တန်းကိုလည်း လာရောက် တက်ထားကြရန် ပြောဆိုထားသည်။
You may also like these stories:
ပူတာအို ဒေသခံများ စစ်ရေးပြင်ဆင်ရန် စစ်ကောင်စီ၏ ရဝမ်ပြည်သူ့စစ် လှုံ့ဆော်