အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ တလုပ်မြို့ကျေးရွာကို ဝင်ရောက်စီး နင်းခဲ့အပြီး ၈ ရက်ကြာသည့်တိုင် တပ်စွဲထားဆဲဖြစ်ပြီး ရွာရှိပစ္စည်းများကို လုယက်သယ်ဆောင်နေကြောင်း ဒေသခံများထံ မှ သိရသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များက တလုပ်မြို့ကျေးရွာကို မေလ ၁၁ ရက်နှင့် ၁၂ ရက်နေ့ နေ့လယ်ပိုင်းအထိ အင်အားသုံး ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ယနေ့အချိန်အထိ တလုပ်မြို့ ကျေးရွာအတွင်း၌ အင်အား ၁၀၀ ခန့်ဖြင့် ဆက်လက် တပ်စွဲ ထားခြင်း ဖြစ်သည်။
ဒေသခံတဦးက “ဆန်အိတ်တွေ့ ဆန်အိတ်တင်၊ ပဲအိတ်တွေ့ ပဲအိတ်တင်၊ စပါးပုံတွေ့ စပါးပုံရွှေ့ပြီး သူတို့ကားတွေနဲ့ သယ်နေတာပဲ။ ရွာထဲကပစ္စည်းတွေ သယ်နေတာ။ အဓိကကတော့ ဈေးဆိုင်တွေ ဖျက်ဆီးနေတာပေါ့။ ဈေးဆိုင်တွေ က တွေ့သမျှပစ္စည်း ယူတယ်။ ဆန်အိတ်၊ ပဲအိတ်ရှိတယ်ဆို တင်တယ်” ဟု ဧရာဝတီကို ပြောသည်။
ရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများကိုသာ ရွာအတွင်း ပေးဝင် ပြီး ယောကျ်ားသားများ ဝင်လိုပါက ၎င်းတို့ထံ စာရင်းပေးရသဖြင့် ရွာတွင်း ပြန်လည်နေထိုင်သူ တချို့သာ ရှိသည်ဟုလည်း ၎င်းက ဆိုသည်။
တလုပ်မြို့ရွာကိုသာမက အနီးဝန်းကျင်ရှိ တောထဲနှင့် ကျေးရွာများထိပါ လိုက်လံလှည့်လည် ဖမ်းဆီးမှုများ ရှိခဲ့ခြင်းကြောင့် ရွာသူ၊ ရွာသားအများစုမှာ အဝေးရွာများအထိ သွားရောက် တိမ်းရှောင်နေရချိန်တွင် ရွာရှိပစ္စည်းများကို ထိုကဲ့သို့ လုယက် သယ်ဆောင်နေကြခြင်း ဖြစ်သည်ဟုလည်း သိရသည်။
“အမျိုးသမီးတွေကိုတော့ ဝင်လို့ရတယ် ဆိုပေမယ့် ရမ်းကားနေတော့ ပြန်ထွက်လာတာပေါ့။ ရမ်းကားတဲ့အပြင် ပဲအိတ် ဆန်အိတ်ကလည်း တင်ခိုင်းနေတော့ အမျိုးသမီးတွေကလည်း မဝင်ရဲတော့ဘူး။ ရွာထဲက ဓားပြတိုက်ထားတာတဲ့ ဆိုင် ကယ်တွေနဲ့ လျှောက်ပတ်နေတာ။ သေနတ်ကြီးတွေ မိုးပေါ်ထောင်ပြီးတော့ ရွာထဲ လျှောက်ပတ်နေတာပေါ့” ဟုလည်း ဒေ သခံတဦးက ပြောသည်။
တလုပ်မြို့ရွာတွင် နေထိုင်သူ ၆,၀၀၀ ဝန်းကျင်ခန့် ရှိသည့်အနက် ၄,၀၀၀ ကျော်မှာ ထွက်ပြေး တိမ်းရှောင်နေရဆဲဖြစ်ပြီး သက်ကြီးရွယ်အို တချို့နှင့် စွန့်ခွာရန် အခြေအနေ မရှိသည့် မိသားစုတချို့သာ ကျေးရွာအတွင်း ပြန်လည် နေထိုင်လျက် ရှိ ကြောင်း သိရသည်။
“ဒေသခံတွေ အနေနဲ့ကလည်း အိမ်တွေမှာ တိရစ္ဆာန်တွေ၊ နွားတွေဘာတွေ မွေးထားတာက ပြဿနာရှိတယ်လေ။ နွားတွေ မစားရမသောက်ရ ဖြစ်နေတဲ့အခါမျိုးကျတော့ ပြန်ဝင်ကြရတာပေါ့” ဟု ဒေသခံတဦးက ပြောသည်။
နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံများ အနေဖြင့်လည်း အခြေခံ စားသောက်ကုန်နှင့် ဆေးဝါးများ လိုအပ်လျက် ရှိ သည်ဟု ဆိုသည်။
ဒေသခံကာကွယ်ရေးအဖွဲ့ဖြင့် ခုခံခဲ့သည့် တလုပ်မြို့အပြင် ရဲတိုင်၊ မြို့ကြီးကုန်းနှင့် မြောက်ရွာ စသည့် ရွာများကိုပါ စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သော်လည်း ယင်းရွာများတွင် တပ်စွဲထားခြင်း မရှိသောကြောင့် စစ်ကောင်စီတပ်ဖွဲ့များ လာရောက်ချိန် နီးစပ်ရာတောအတွင်း တိမ်းရှောင်နေပြီး ၎င်းတို့ပြန်သွားချိန်၌ ပြန်လည်နေထိုင် ကြကြောင်း သိရသည်။
တလုပ်မြို့ကျေးရွာသည် မြင်းခြံမြို့နှင့် ၇ မိုင်ကွာဝေးပြီး ရဲတိုင်၊ မြို့ကြီးကုန်းနှင့် မြောက်ရွာ စသည့် ရွာများနှင့် တဆက်တည်း ရှိနေခြင်း ဖြစ်သည်။
တလုပ်မြို့သို့ စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းမှုတွင် ကျောင်းသားလူငယ် ၆ ဦး အပါအဝင် ဒေသ ခံ အများအပြားကို ဖမ်းဆီးခံရပြီး မြင်းခြံနည်းပညာကောလိပ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ကျောင်း သား ကိုဇင်ကိုထွန်းသည် စစ်ကြောရေး၌ပင် သေဆုံးခဲ့သည်။
You may also like these stories:
တလုပ်မြို့ကို အင်အားသုံးစီးနင်း လူငယ် ၆ ဦးအပါ ရွာသားအများအပြားကို ဖမ်းဆီး
တလုပ်မြို့၌ ဖမ်းခံရသည့် ကျောင်းသား စစ်ကြောရေးတွင် ညတွင်းချင်း သေဆုံး