စစ်တပ်ကို ထောက်ခံကြောင်း အစဉ်တစိုက်ပြောကာ NLD အစိုးရအပေါ် ဝေဖန်တိုက်ခိုက်သဖြင့် တရားစွဲခံရသည့် မိုက်ကယ်ကျော်မြင့်နှင့် ဒေါ်မိုးမိုးခိုင် ဆိုသူတို့အား စစ်ကောင်စီ၏ လမ်းညွှန်ချက်ဖြင့် ယမန်နေ့က အမှုများ ရုတ်လိုက်ကြောင်း သိရသည်။
မိုက်ကယ်ကျော်မြင့်နှင့် ဒေါ်မိုးမိုးခိုင်တို့အား အာဏာသိမ်းစစ်ကောင်စီ လမ်းညွှန်ချက်ဖြင့် ယ မန်နေ့က အမှုများရုပ်သိမ်းလိုက်ကြောင်း ၎င်းတို့ကိုယ်တိုင် လူမှုကွန်ယက်ကတဆင့် ကြေညာခဲ့သည်။
မိမိကိုယ် မိမိ မျိုးချစ်ဟု အမည်ခံထားပြီး အခြေခံလူတန်းစား ဘဝတိုးတက်မြင့်မားရေးပါတီ(YDP) အထွေထွေ အတွင်းရေးမှူးဖြစ်သူ မိုက်ကယ်ကျော်မြင့်က “နစက အစိုးရကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်၊ ဒီကျေးဇူးကိုလည်း မမေ့ပါဘူး။ နှစ်သစ်၊ခေတ်သစ်၊ အစိုးရသစ်လက်ထက်မှာ NLD မပါသော ရာသက်ပန်နိုင်ငံရေးကို ကျနော်တို့ညီညီညွတ်ညွတ် နဲ့ အမျိုးသားရေးစိတ်ကို အခြေခံပြီး ဖြတ်သန်းကြရအောင်ပါ”ဟု ယမန်နေ့က လူမှုကွန်ရက်တွင် ထုတ်ဖော်ပြောထားသည်။
စစ်တပ်အာဏာမသိမ်းမီ မိုက်ကယ်ကျော်မြင့်အား ခင်ဦးမြို့နယ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပုတ်ခတ်ပြောဆိုမှုဖြင့် ပုဒ်မ ၅၀၅(ခ)၊ နေပြည်တော်တွင် တိုင်းပြုပြည်ပြုကျောက်တိုက်ဆိုကာ စိုက်ထူရန်ကြိုးပမ်းမှုကြောင့် အရှေ့ပိုင်းခရိုင်တရားရုံးတွင် ပုဒ်မ ၁၂၄(က)နှင့် ကျောက်တံတားမြို့နယ် တကိုယ်တော်ဆန္ဒပြမှုကြောင့် ငြိမ်းစုစည်းဥပဒေ ပုဒ်မ ၂၀ တို့ဖြင့် ရွေးကောက်ခံအရပ်သားအစိုးရက အမှုဖွင့်အရေးယူထားခြင်းဖြစ်သည်။
မိုက်ကယ်ကျော်မြင့်ကဲ့သို့ လွတ်မြောက်လာသည့် ဒေါ်မိုးမိုးခိုင်မှာလည်း အခြေခံလူတန်းစား ဘဝတိုးတက်မြင့်မားရေးပါတီ(YDP)၏ ဗဟိုကော်မတီဝင်ဖြစ်သည်။
သူသည် ၂၀၂၀ နိုဝင်ဘာ ၁၀ ရက် ရွေးကောက်ပွဲ အပြီး ရွေးကောက်ပွဲ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ရန်နှင့် တပ်မတော်နှင့် အတူရှိကြောင်း ဒီဇင်ဘာ ၂၈ ရက်က မြို့တော်ခန်းမရှေ့တွင် ဆန္ဒထုတ်ဖော်မှုကြောင့် ငြိမ်းစုစည်းဥပဒေပုဒ်မ ၂၀ ဖြင့် ကျောက်တံတားရဲစခန်းတွင် အမှုဖွင့်ခဲ့သည့်အပြင် တောင်ဒဂုံမြို့နယ်ရဲစခန်းတွင်လည်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က)ဖြင့် ဇန်နဝါရီ ၂၄ ရက်နေ့က အမှုဖွင့်အရေးယူခံရသူဖြစ်သည်။
သို့သော် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က) ဖြင့် တောင်ဒဂုံမြို့နယ်တွင် တရားစွဲထားသည့်အမှုမှာ အပြီးအပြတ်ရုပ်သိမ်းခြင်းမရှိသေးကြောင်းလည်း ဒေါ်မိုးမိုးခိုင်က ၎င်း၏လူမှုကွန်ယက်တွင် ယမန်နေ့က ပြောထားသည်။
မိုက်ကယ်ကျော်မြင့်အား စစ်တပ်အာဏာမသိမ်းမီ ရက်ပိုင်းအလို ဇန်နဝါရီ ၂၆ ရက် ညပိုင်းက တောင်ဒဂုံမြို့နယ်တွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ဒေါ်မိုးမိုးခိုင်အား မြောက်ဒဂုံမြို့နယ်တွင် ဇန်နဝါရီ ၂၅ ရက်နေ့ ညနေပိုင်းက ဖမ်းမိခဲ့ခြင်းဖြစ်ကာ ၎င်းတို့စိုက်ထူရန် ကြိုးပမ်နေသည့် ကျောက်တိုင်ကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့သည်။
မိုက်ကယ်ကျော်မြင့်နှင့် ဒေါ်မိုးမိုးခိုင်တို့သည် အခြေခံလူတန်းစားဘဝ မြင့်မားတိုးတက်ရေးပါတီ (YDP) ပါတီ အား တည်ထောင်ထားပြီး ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ ဩဂုတ်လအတွင်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ ရွေးကောက်ပွဲတွင် တရားမျှတမှု မရှိပါက ဝင်ရောက်ဖြေရှင်း ပေးရန် တောင်းဆိုခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ပါတီများ တွေ့ဆုံသည့်ပွဲကို ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ဦးဆောင်ခဲ့ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ဒေါ်သက်သက်ခိုင် ဦးဆောင်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ၊ လက်ရှိ စစ်ကောင်စီတွင် ပါဝင်သည့် ဦးခင်မောင်ဆွေ ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ အပါအဝင် စုစုပေါင်း ၃၄ ပါတီ တက်ရောက်သည်။
ကြံ့ ခိုင်ရေးပါတီ ဦးဆောင်သည့် ၃၄ ပါတီအစုအဖွဲ့အနေဖြင့် နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံကာ ရွေးကောက်ပွဲတွင် တရားမျှတမှုမရှိပါက ဝင်ရောက်ဖြေရှင်းပေးရန် တောင်းဆိုခဲ့သူဖြစ်သည်။
YDP ပါတီခေါင်းဆောင် မိုက်ကယ်ကျော်မြင့်သည် ၂၀၁၉ ခုနှစ်အတွင်းကလည်း တောင်ဒဂုံမြို့နယ်တွင် ဘာသာ ရေး အကြောင်းပြကာ ဆူပူမှုဖြစ်စေခဲ့သည့်အတွက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၀(ခ)ဖြင့် ထောင်ဒဏ် ၁ နှစ် ချမှတ်ခံရသူဖြစ်သည်။
မိုက်ကယ်ကျော်မြင့်မှာ စစ်တပ်မှ ကျောထောက်နောက်ခံ ပြုထားသူဟု နာမည်ကြီးပြီး၊ အာဏာမသိမ်းမီ ၅ ရက်အလိုက နေပြည်တော်တွင် ပြုလုပ်သည့် စစ်တပ်သတင်းစာရှင်းလင်းပွဲတွင် မိုက်ကယ်ကျော်မြင့်ကဲ့သို့သောသူများက တပ်မတော်အား ဝန်းရံခြင်းမှာ အပြစ်မဟုတ်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ကာကွယ်ပြောဆိုသွားသေးသည်။
You may also like these stories:
“မျိုးချစ်” အမည်ခံ ဝရမ်းပြေးများ အဖမ်းခံမှု နောက်ကွယ်မှာ ဘာရှိမလဲ
NLD ပါတီကို အပြီးဖျက်ပေးဖို့ ပါတီတချို့က ကော်မရှင်ကို သွားပြော
မျိုးချစ်များ၏ တပ်ဂုဏ်ပြု ကျောက်တိုင်စိုက်ပွဲပျက်
မျိုးချစ်ဆိုသူများ၏ ကျောက်တိုင်စိုက်ပွဲ ထောက်ပံ့ခြင်းမရှိဟု တပ်မတော်ငြင်း