စစ်တပ်က အာဏာသိမ်းပြီးနောက် မျိုးချစ်ဆိုသူများအား အမှုများရုတ်သိမ်းပေးလျှက်ရှိရာမှာ စစ်တပ်အရာရှိဟောင်းတဦး ဖြစ်သူ ဘူးလက် လှဆွေအား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲထားမှုကိုလည်း မေလ ၁၁ ရက်နေ့က အမှုပိတ်သိမ်းလိုက်ကြောင်း သိရသည်။
အမှုအား ရုတ်သိမ်းရန် တရားလိုဘက်က တရားရုံးသို့တင်ပြခဲ့ခြင်းဖြစ်ပြီး တရားစွဲခံရမှုကြောင့် တနှစ်ကျော်ကြာ ဝရမ်းပြေးအဖြစ် တိမ်းရှောင်နေရာမှ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် အဖမ်းခံခဲ့သည့် ၎င်းအား ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းအပြီး ဖေဖော်ဝါရီ ၂၃ ရက်နေ့ကတည်းက အားမခံဖြင့်လွတ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
ဘူးလက်လှဆွေသည် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ၂၀၁၉ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့ကပြုလုပ်သည့် တပ်မ တော်အရာရှိများအား အမေရိကန်နိုင်ငံ၏ ပိတ်ဆို့အရေးယူမှုအပေါ် ကန့်ကွက်ရှုတ်ချပွဲတွင် နိုင်ငံတော်အကြီးအ ကဲများအား သွယ်ဝိုက်ပုတ်ခတ်ခဲ့သည့်အတွက် ကျောက်တံတားမြို့နယ်၊ ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် တရားစွဲခဲ့ ခြင်းဖြစ်သည်။
ယင်းအပြင် ဟောပြောမှုအတွင်း အစ္စလာမ်ဘာသာအပေါ် ပုတ်ခတ်ပြောဆိုမှုများကြောင့်လည်း ကျောက်တံတား မြို့နယ် တရားရုံးတွင် သာသနာညိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)ဖြင့် တရားစွဲခံထားရသူဖြစ်သည်။
သို့သော် ဘူးလက်လှဆွေအား သာသနာညိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) ဖြင့် ကျောက်တံတားမြို့နယ်တရားရုံးတွင် တရားစွဲထားမှုအား အမှုရုတ်သိမ်းခြင်းရှိ/မရှိ မသိရသေးပေ။
ဘူးလက်လှဆွေသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) အမတ်ဟောင်းတဦးဖြစ်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုယ်စားလှယ်လောင်းအား ရှုံးနိမ့်ခဲ့သူဖြစ်သည်။
ယင်းရှုံးနိမ့်မှုအား ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာအမှု တင်သွင်းခဲ့သော်လည်း ထပ်မံရှုံးနိမ့်ခဲ့သည့်အ တွက် ကော်မရှင်၏ ကန့်ကွက်လွှာဖြေရှင်းရေးခုံရုံးသည် ထောက်ချောက်တခုသာဖြစ်ကြောင်း ဝေဖန်ခဲ့သူဖြစ် သည်။
၎င်းကဲ့သို့ပင် အစိုးရအကြီးအကဲများနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား ပုတ် ခတ်ပြောဆိုခဲ့သည့် ဦးဝိစိတ္တာ ဘိဝံသ(ခ) ဝီရသူအား ၂၀၁၉ ခုနှစ် မေလအတွင်းက အနောက်ပိုင်းခရိုင်တရားရုံး တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲဆိုထားမှုမှာ အမှုရုတ်သိမ်းခြင်းမရှိသေးကြောင်း သိရသည်။
တရားစွဲခံရမှုအား ဦးဝီရသူအနေဖြင့် တနှစ်ကျော်ကြာ ဝရမ်းပြေးအဖြစ် တိမ်းရှောင်နေရာမှ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့တွင် အဖမ်းခံခဲ့ခြင်းဖြစ်သည်။
၎င်းအမှုနှင့်ပတ်သက်ပြီး ယမန်နေ့ မေလ ၁၉ ရက်နေ့က ရုံးထုတ်ခဲ့ပြီး တရားလိုဖြစ်သူ အနောက်ပိုင်းခရိုင်၊ ဒုတိ ယ အထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းမင်း (ယခု ရွှေဘိုခရိုင်အုပ်ချုပ်ရေးမှူးအဖြစ် ပြောင်းရွှေ့ဟုသိရ) အား စစ်ဆေးခဲ့ပြီး နောက်ရုံးချိန်းအား မေလ ၂၇ ရက်နေ့ ပြန်လည်ချိန်း ဆိုထားသည်။
အာဏာသိမ်းစစ်ကောင်စီအနေဖြင့် အာဏာရယူပြီနောက် ရွေးကောက်ခံ အရပ်သားအစိုးရအပေါ် လူမျိုးရေး၊ ဘာ သာရေးအကြောင်းပြကာ ဝေဖန်တိုက်ခိုက်ကြသည့် အမျိုးသားရေးဟုကာ မျိုးချစ်အမည်ခံများအား တရားစွဲဆို ထားမှုများအပေါ် အမှုရုတ်သိမ်းပေးခြင်းများ ဆက်တိုက်ပြုလုပ်လျှက်ရှိသည်။
ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့ကလည်း မျိုးချစ်ဟု ကိုယ့်ကိုကိုယ်ခံယူပြီး တပ်မတော်ထောက်ခံသူ အခြေခံလူတန်း စားဘဝ မြှင့်မားတို့တက်ရေးပါတီ (YDP) မှ မိုက်ကယ်ကျော်မြင့်နှင့် ဒေါ်မိုးမိုးခိုင်တို့အား တရားစွဲဆိုထားမှုများကို လည်း အမှုများ ရုတ်သိမ်းစေခဲ့သည်။
You may also like these stories:
စစ်ကောင်စီ၏ UEC ဖိတ်ကြားချက် ANP နှင့် SNLD တက်ရောက်မည်မဟုတ်
ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံပွဲ ဦးကိုကိုကြီး တက်မှာလား
ရန်ကုန်တိုင်း ပညာရေး အရာရှိ ၇ ဦးကို စစ်ကောင်စီက တာဝန်မှ ရပ်စဲ