မြန်မာစစ်ကောင်စီသည် အဆင့်မြင့်စစ်ကိုယ်စားလှယ်အဖွဲတခုကို မော်စကိုသို့ ယခုအပတ်အတွင်း စေလွှတ်ခဲ့သည်။ လေတပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်က ထိုအဖွဲ့ကိုဦးဆောင်ပြီး အခြားအဆင့်မြင့် စစ်အရာရှိများ လိုက်ပါသွားကြသည်။
ထိုကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သူတဦးမှာ ကျော်ကြားလှသော မြန်မာလုပ်ငန်းရှင်ကြီး ဦးတေဇဖြစ်ကြောင်း ရန်ကုန်နှင့်နေပြည်တော်မှ စီးပွားရေးငန်းသတင်းရင်းမြစ် အများအပြားပြောသည်။ ယခုအပတ်အစောပိုင်းတွင် ဦးတေဇသည် သီးခြားလေယာဉ်ဖြင့် စင်္ကာပူမှ နေပြည်တော်သို့ရောက်လာပြီး ရုရှားခရီးစဉ်မတ်ိုင်မီ အဆင့်မြင့် စစ်အရာရှိများနှင့် ဆွေးနွေးပွဲ အများအပြားကျင်းပသည်။
ထိုကိုယ်စားလှယ်အဖွဲ့သည် စစ်လက်နက်ပစ္စည်း ဝယ်ယူရေးအပါအဝင် စီမံကိန်းကြီး ၂၀ ကျော် ရုရှားအရာရှိများနှင့်ဆွေးနွေးမည်ဖြစ်ကြောင်းလည်း သတင်းရင်းမြစ်များက ဆိုသည်။
ထူးအုပ်စုကို တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဦးတေဇသည် စင်္ကာပူတွင် နေထိုင်သည်မှာ နှစ်အတန်ကြာပြီဖြစ်ပြီး လက်ရှိရော လက်ဟောင်း စစ်အုပ်စုများနှင့်ပါ ဆက်ဆံရေး အထူးနက်ရှိုင်းသည်ဟု လူသိများသူ ဖြစ်သည်။
၂၀၀၀ ပြည့်နှစ်များက ယခင်စစ်အုပ်ချုပ်ရေးလက်အောက်တွင် ထူးထရေးဒင်းကုမ္ပဏီသည် သစ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ စားအုန်းဆီ ထုတ်လုပ်ရေးလုပ်ငန်းနှင့် စစ်လက်နက်အရောင်းအဝယ်များကို လုပ်ကိုင်သည်။
ဦးတေဇသည် သစ်လုပ်ငန်းဖြင့် စတင် ကြွယ်ဝချမ်းသာလာပြီးနောက် ထိုစဉ်က စစ်အုပ်စုဖြစ်သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) နှင့် ဆက်ဆံရေး တိုးချဲ့ကာ သူ၏ကုမ္ပဏီဖြစ်သော Myanmar Avia Export မှတဆင့် စစ်အုပ်စုအတွက် လေယာဉ်အစိတ်အပိုင်းများ တင်သွင်းပေးသည်။ ထိုကုမ္ပဏီသည် ရုရှားမှ ပြည်ပပို့ စစ်ဖက်စက်မှုလုပ်ငန်းအုပ်စု (MAPO) နှင့် ရုရှားရဟတ်ယာဉ်ကုမ္ပဏီ Rostvertol ၏ မြန်မာနိုင်ငံမှ တဦးတည်းသော ကိုယ်စားလှယ်ဖြစ်သည်။
တရုတ်ပြီးလျှင် ရုရှားသည် မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှု ဒုတိယအများဆုံး နိုင်ငံဖြစ်ပြီး ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း မြန်မာသို့တင်သွင်းသည့် လက်နက်ခဲယမ်း စုစုပေါင်း၏ အနည်းဆုံး ၁၆ ရာခိုင်နှုန်းကို တင်ပို့သည်။ လတ်တလောတွင် စစ်ကောင်စီသည် ၂၀၁၉ ခုနှစ်က မှာကြားထားသည့် Su-30 ဂျက်တိုက်လေယာဉ် ၆ စင်း ရရှိရန် စောင့်ဆိုင်းနေပြီး ရုရှားလေကြောင်းကာကွယ်ရေးစနစ်တခုနှင့် ထောက်လှမ်းရေးမောင်းသူမဲ့လေယာဉ်များ ဝယ်ယူရန် ၂၀၂၁ ဇန်နဝါရီလတွင် နှစ်ဘက်လက်မှတ်ရေးထိုးထားသည်။
စစ်လက်နက်ကိရိယာနှင့် လေယာဉ်များ ဝယ်ယူပေးခြင်းအပါအဝင် စစ်အုပ်စုကို ထောက်ခံခြင်းကြောင့် ဦးတေဇကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၀၈ ခုနှစ်တွင် အရေးယူပိတ်ဆို့ထားသည့် အထူးသတ်မှတ်ထားသော နိုင်ငံသားများ Specially Designated Nationals စာရင်းတွင် ထည့်သွင်းခဲ့ကြောင်း ထိုစဉ်က ထုတ်ပြန်ကြေညာချက်များအရ သိရသည်။ ဝါရှင်တန်က ထိုသို့အရေးယူခြင်းနှင့်ပတ်သက်သည့် အသေးစိတ်များကို ပေါက်ကြားသွားသည့် ၂၀၀၇ ခုနှစ်ကြေးနန်းသတင်းများတွင် ဖေါ်ပြထားသည်။ ထိုကြေးနန်းသတင်းများအရ ဦးတေဇသည် စစ်တပ်က လက်နက်ခဲယမ်း၊ ထောက်ပံ့ရေး၊ MI-17 ရဟတ်ယာဉ်များနှင့် MiG-29 ဂျက်တိုက်လေယာဉ်များ ဝယ်ယူမှုမှ ကော်မရှင်ကြေး အများအပြားရသည်ဟု စွပ်စွဲထားသည်။
ဦးတေဇကလည်း ရုရှားလုပ် MI-17 ရဟတ်ယာဉ်များရောင်းချခြင်းကို ဝန်ခံပြီး မြန်မာစစ်တပ်သို့ ပြုပြင်ထိန်းသိမ်းရေးနှင့် အပိုပစ္စည်းရောင်းချရေး သဘောတူညီချက်များ ဆက်လက်ထားရှိသည်။
၂၀၁၃ ခုနှစ် နှစ်လယ်က မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ယခု အာဏာသိမ်းစစ်ကောင်စီ အကြီးအကဲ)က လက်နက်သဘောတူစာချုပ်များအတွက် မော်စကိုသို့ သွားသောအခါကလည်း ဦးတေဇသည် မော်စကိုတွင် ရှိနေခဲ့သည်။
ဦးသိန်းစိန်အစိုးရနှင့် ဖြုတ်ချခံ ဒေါ်အောင်ဆန်းစုကြည် အစိုးရအောက်တွင် ဦးတေဇသည် မြန်မာစီးပွားရေး အသိုင်းအဝိုင်းမှ အများအားဖြင့် ပျောက်ကွယ်နေပြီး စင်္ကာပူသို့ရွှေ့ပြောင်းနေကာ ထိုင်းတွင်လည်းနေအိမ်များ ဝယ်ယူနေကြောင်း သိရသည်။
၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ထူးအုပ်စုက လောင်စာဆီ တင်သွင်းဖြန့်ချိရန် ဗီယက်နမ်မှ Petrolimex နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးသောအခါ ဦးတေဇသည် စီးပွားရေး အသိုင်းအဝိုင်းတွင် ပြန်ပေါ်လာသည်။
ယခင်စစ်အုပ်စုများအောက်တွင် မြန်မာမှ ခရိုနီသူဌေးများသည် စစ်အုပ်ချုပ်သူများနှင့် အနီးကပ် လုပ်ဆောင်ခဲ့ကြသည်။ အရေးယူပိတ်ဆို့မှုများကို ကျော်လွှားရန် ၎င်းတို့၏ ကျွမ်းကျင်မှုအတွက် အလေးပေးခံရပြီး ထိုခရိုနီများကို စစ်အုပ်စုက သစ်တောလုပ်ငန်းမှ ကားတင်သွင်းခွင့်အထိ ပါဝင်သော ကြီးမားသည့် ဆုကြေးများပေးသည်။
ဦးတေဇသည် မြောက်ကိုရီးယားနှင့် ပတ်သက်သည့် ကုမ္ပဏီများအား နအဖ စစ်ကောင်စီကိုယ်စား ငွေပေးချေမှုများ ပြုလုပ်ခဲ့ကြောင်း Forbes မဂ္ဂဇင်းက ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် ဖေါ်ပြသည်။
WikiLeaks မှတဆင့် ပေါက်ကြားခဲ့သော ၂၀၀၇ ခုနှစ် အမေရိကန်ကြေးနန်းသတင်းတွင် ဦးတေဇသည် ယခင်စစ်အုပ်စု၏ အတွင်းလူဖြစ်ကြောင်း ဖေါ်ပြသည်။ သူ့ကို မြန်မာနိုင်ငံမှ နံပတ်တစ် ခရိုနီစီးပွားရေးသမားဟု သတ်မှတ်ပြီး သူသည် စစ်ခေါင်းဆောင်များကို အကြီးအကျယ်မြှောက်ပင့်ကာ အကျိုးအမြတ်အများဆုံး ကန်ထရိုက်များရအောင် လုပ်ဆောင်ခဲ့သည်ဟု ဖေါ်ပြသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Notorious Myanmar Arms Broker Joins Military Leaders on Russia Trip ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
တပ်ချုပ်နှင့် ဒုတပ်ချုပ်တာဝန်ထမ်းဆောင်ခွင့် အသက် ၆၅ နှစ် ကန့်သတ်ချက် ပယ်ဖျက်
ဖုန်းများကို ကြားဖြတ်သတင်းယူရန် စစ်တပ် ဘယ်လိုလုပ်ခဲ့သလဲ
လေတပ်စခန်း ဌာနချုပ်တွေ ဘာကြောင့် အတိုက်ခံနေရလဲ
ယူနီဖောင်းဝတ်ထားတဲ့အချိန် ရွံရှာတဲ့ အကြည့်တွေကို ကျနော်တို့ မခံနိုင်တော့ဘူး