ချင်းပြည်နယ် ဟားခါးဒေသတွင် ချင်းဒေသ ကာကွယ်ရေးတပ်(ဟားခါး)နှင့် စစ်ကောင်စီ လက်နက်ကိုင်တပ်များကြား မြို့ ပေါ်နှင့် တောထဲတွင်ပါ နှစ်ရက်ဆက်တိုက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ စစ်သား ၁၀ ဦး ထပ် မံ ကျဆုံးကြောင်း သိရသည်။
ချင်းဒေသ ကာကွယ်ရေးတပ်(ဟားခါး)၏ ဖော်ပြချက်အရ မေလ ၁၈ ရက်နေ့ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၇ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာ ရရှိကြောင်း၊ မေလ ၁၉ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိကြောင်း သိရသည်။
မေလ ၁၈ ရက် ညနေပိုင်းတွင် ဟားခါး – ထန်တလန်လမ်းမပေါ်ရှိ လုံခြုံရေးဂိတ် (ဟားခါးတက္ကသိုလ်အနီး) ပစ်ခတ်မှု တ ကြိမ်၊ ဟားခါး ၆ လမ်းစုံတွင် တကြိမ်၊ ဟားခါး-ဂန့်ဂေါလမ်းတွင် တကြိမ် စုစုပေါင်း ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး ၃ ကြိမ်စလုံးတွင် ချင်းဒေသ ကာကွယ်ရေးတပ်များက သွားရောက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
“၆ လမ်းဆုံမှာကျတော့ ကျနော်တို့က ဗုံးနဲ့ သွားပစ်တာ။ သူတို့ဘက်က ၄ ယောက် ကျသွားတယ်။ ဘေးနားမှာရှိတဲ့ မျက် မြင်သက်သေတွေက ပြန်ပြောပြတာ။ အဲဒီကားတစီးတည်းမှာဆိုတော့ ဒဏ်ရာရတဲ့သူက ပိုများတယ်။ ကားတစီးကို ၁၆ ယောက်လောက် ပါတယ်”ဟု ချင်းဒေသ ကာကွယ်ရေးတပ်မှ အဖွဲ့ဝင်တဦးက ပြောသည်။
ဟားခါး-ဂန့်ဂေါလမ်း တိုက်ပွဲတွင်လည်း စစ်ကူလာသည့် စစ်ကားများကို ဒေသခံ ကာကွယ်ရေးတပ်များက ချုံခို တိုက် ခိုက်ခဲ့ခြင်း ဖြစ်ပြီး ယင်းတိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်မှ အနည်းဆုံး ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဟားခါး-ထန်တ လန်ကြား တိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်မှ ၄ ဦး ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
“ထိခိုက်ဒဏ်ရာက တိုက်ပွဲဖြစ်ရင် သူတို့ဘက်က ပိုများတယ်။ ကျနော်တို့ဆီက ပစ်လိုက်တဲ့ ကျည်က တခါပစ်ရင် ၄၈ လုံး ထွက်တယ်။ ကျနော်တို့ ပစ်လိုက်ပြီဆိုတာနဲ့ မထိဘူးဆိုတာ မရှိဘူး။ အဲဒါကြောင့် သူတို့ဘက်က ဒဏ်ရာရတဲ့သူကတော့ များတယ်”ဟု ချင်းဒေသခံတဦးက ပြောသည်။
မေလ ၁၈ ရက်နေ့ ညနေပိုင်းတွင် ချင်းဒေသကာကွယ်ရေးတပ်များ အနားယူနေသည့် ဟားခါးမြို့နယ်ရှိ နေရာတခုသို့ စစ် တပ်က ဒရုန်းလွှတ်၍ စောင့်ကြည့်ခဲ့ပြီး မကြာမီ ယင်းနေရာသို့ လက်နက်ကြီးကျည်များ ကျရောက်လာကြောင်း သိရသည်။
မေလ ၁၉ ရက်နေ့တွင် စစ်ကောင်စီ လက်နက်ကိုင် အင်အား ၇၀ ခန့်သည် ဟားခါးမှ မတူပီသို့ တပ်ပြန်ဆုတ်လာစဉ် ချင်း ဒေသကာကွယ်ရေးတပ်များက ချောင်းမြောင်းပစ်ခတ်သဖြင့် စစ်သား ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိကြောင်း၊ ချင်းကာ ကွယ်ရေးတပ်များ၏ ဆိုင်ကယ် အစီး ၃၀ ကျော် မီးရှို့ ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။
“ကျနော်တို့က မေလ ၂ ရက်နေ့ကတည်းက ကြေညာချက် ထုတ်ပြန်ထားပြီးသားပါ။ အဲဒီအတိုင်း မလိုက်နာဘူးဆိုရင် ကျ နော်တို့က လုပ်စရာရှိတာတွေ ဆက်လုပ်မယ်။ ကျနော်တို့ လူငယ်တွေ လိုချင်တာက ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြစ်ချင်တယ်။ ပြည်သူတွေကို မနှိပ်စက်ဖို့ပေါ့။ အခုက ပြည်သူတွေကို လိုက်သတ်ဖြတ်နေတယ်”ဟု မင်းတပ်ဒေသခံတဦးက ပြောသည်။
ယနေ့ နံနက်ပိုင်းကလည်း ဟားခါးမြို့ နှင့် ၉ မိုင်ခန့်ဝေးသည် လောင်းလုံကျေးရွာကို စစ်ကောင်စီတပ်များက ဝိုင်းထားပြီး ရှာ ဖွေမှုများ ပြုလုပ်နေသဖြင့် ရွာလုံးကျွတ်နီးပါး နီးစပ်ရာသို့ တိမ်းရှောင်နေရကြောင်း၊ ယင်းကျေးရွာရှိ အိမ်တချို့ မီးရှို့ ခံရပြီး ဆိုင်ကယ်တချို့လည်း မီးထဲပါသွားကြောင်း ဒေသခံများက ပြောသည်။
ယနေ့တွင် ကလေးမြို့ မှ စစ်ကူလာသည့် စစ်ကားများ မြို့ထဲရှိ အထက -၂ ကျောင်းတွင် ထိုးထားပြီး ၆ လမ်းဆုံတွင်လည်း ယခင်ရဲများ အစောင့်ထားရာမှ ယခုအခါ စစ်သားများသာ ရှိတော့ကြောင်း၊ မြို့ တွင်းရှိ ဌာနဆိုင်ရာများနှင့် အဆောက်အဦ ကြီးများတွင် စစ်ကောင်စီ လက်နက်ကိုင်တပ်များ နေရာအပြည့်ယူထားကြောင်း သိရသည်။
“စစ်တပ်က အင်အား အပြည့် ဖြည့်ထားတယ်။ အရင်က ရဲတွေ ရှိသေးတယ်။ အခု စစ်သားတွေချည်းပဲ။ တချို့ နေရာမှာ မြေတွေပြိုတယ်ဆိုရင် ခိုလှုံဖို့ ဒုသမ္မတ (ဦးဟင်နရီဗန်ထီးယူ)ဆောက်ခဲ့တဲ့ အဆောက်အဦ ရှိတယ်။ ခိုလှုံဖို့လေ။ အဲဒီမှာ သူတို့(စစ်တပ်)က နေရာယူထားတယ်”ဟု မင်းတပ်မြို့ ခံတဦးက ပြောပြသည်။
လက်ရှိတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာမည်ဟု ဒေသခံ ကာကွယ်ရေးတပ်များဘက်က သတိပေးထားပြီး ဒေသခံများကို ရွေ့ ခိုင်းခြင်းမျိုး ရှိကြောင်း၊ သို့သော် ဒေသခံ အများစုမှာ အိမ်ထဲတွင် တံခါးပိတ်နေရန်သာ ဆန္ဒရှိနေကြောင်း သိရသည်။
“မြို့ထဲမှာ စစ်တပ်က ဌာနဆိုင်ရာ ရုံးရှေ့ တိုင်းမှာ ရှိတယ်။ မြို့ထဲမှာ အဆောက်အဦ ကြီးကြီးတွေ အကာကောင်းတဲ့ နေရာ တိုင်းမှာ သူတို့လူတွေပဲ။ တပ်ရင်း ၂၆၆ က မြို့ပေါ်မှာ ထိုင်ထားတယ်။ ဟားခါးကို တမြို့လုံး မြင်ရတဲ့ အမြင့်ဆုံးတောင်မှာ အခြေစိုက်ထားတယ်။ တမြို့လုံးကို အဲဒီကနေ အကုန်မြင်ရတယ်”ဟု မင်းတပ်မြို့ခံတဦးက ပြောသည်။
ဟားခါးမြို့တွင် အဖမ်းခံထားရသူများကို မလွှတ်ပေးသဖြင့် မေလ ၂ ရက်နေ့မှ မေလ ၄ ရက်နေ့အထိ ၃ ရက်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့ဖူးပြီး မေလ ၁၇ ရက်နေ့မှ စတင်ကာ ယနေ့အထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ စစ်သား ၂၀ ကျော် ကျဆုံးခဲ့ပြီ ဖြစ်သည်။
You may also like these stories:
ဟားခါးတွင် တကျော့ပြန်တိုက်ပွဲ ဖြစ်၊ စစ်သား ၅ ဦး ထပ်မံ သေဆုံး