အာဏာသိမ်း မြန်မာစစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် မေ ၂၀ ရက်တွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ လာရောက်ကြောင်း ရုရှားနိုင်ငံအခြေစိုက် The Moscow Times သတင်းဌာနက ရေးသားထားသည်။
ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၏ ယခု ရုရှားခရီးစဉ်သည် မေ ၂၀ မှ ၂၂ရက်ထိ မော်စကိုတွင် ကျင်းပမည့် ရုရှား၏ Heli Russia အကြီးဆုံး ရဟတ်ယာဉ်ပြပွဲသို့ လာရောက်ခြင်းဖြစ်သော်လည်း နှစ်နိုင်ငံ ဆက်ဆံရေးခိုင်မာစေရန် အတွက်လည်း ပါဝင်ကြောင်း အဆိုပါ သတင်းဌာနက ဖော်ပြထားသည်။
အဆိုပါ ပြပွဲတွင် ရုရှားနိုင်ငံပိုင် လက်နက်ကုမ္ပဏီကြီး တခုဖြစ်သော Rosoboron Export က ထုတ်လုပ်သည့် နောက်ဆုံး ပေါ် KA -52 နှင့် Mi-28NE အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ်များအား ပြသမည် ဖြစ်သည်။
လေတပ်ဦးစီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တွင် မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းကြီးများ လုပ်ကိုင်နေသော ထူးကုမ္ပဏီအုပ်စု၏ တည်ထောင်သူ ဦးတေဇလည်း လိုက်ပါလာမည်ဖြစ်ကြောင်း ရန်ကုန်နှင့် နေပြည်တော်ရှိ စီးပွားရေး အသိုင်းအဝိုင်းထံမှ ဧရာဝတီက သိရသည်။
မြန်မာစစ်တပ်သည် ရုရှားနှင့် အနီးကပ်ဆက်ဆံနေရာ စစ်တပ်အာဏာမသိမ်းမီ ဇန်နဝါရီ ၂၁ရက်က ရုရှားကာကွယ်ရေး ဝန်ကြီး ဆာဂျီ ရှိုဂု နေပြည်တော်သို့ လာရောက်ကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီနောက် ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် NLD အစိုးရ ထံမှ အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။
ထို ရုရှားကာကွယ်ရေး ဝန်ကြီး၏ နေပြည်တော်ခရီးစဉ်တွင် မြန်မာကို Pantsir-S1 ရေပြင်မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် များ၊ Orlan-10E မောင်းသူမဲ့ ထောက်လှမ်းရေးလေယာဉ်များနှင့် ရေဒါများရောင်းချရန် ထိုခရီးစဉ်အတွင်း နှစ်နိုင်ငံသဘောတူကြသည်။
မတ်လ ၂၇ ရက်နေ့တွင် ကျင်းပသည့် ၇၆နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို ရုရှား ဒုကာကွယ်ရေး ဝန်ကြီး အလက်ဇန္ဒား ဖိုမင်တက်ရောက်ခဲ့သည်။
ယခု ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်တွင် လက်နက်နှင့် စစ်ဘက် ဆိုင်ရာပစ္စည်းများ ဝယ်ယူခြင်း အပါအဝင် စီမံကိန်း ပေါင်း ၂၀ ကျော်အား ရုရှားလုပ်ဖော်ကိုင်ဖက်များနှင့် ဆွေးနွေးရန် ရှိနေသည်ဟုလည်း သိရသည်။
ပြီးခဲ့သည့် မေ ၃ ရက်တွင် ဗုံးလာကြဲသော မြန်မာစစ်တပ်၏ ရဟတ်ယာဉ် တစီးကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ကချင်ပြည်နယ် မိုးမောက်မြို့နယ်၌ ပစ်ချခဲ့ပြီးနောက် မြန်မာလေတပ်က ရုရှားနိုင်ငံ၏ အကြီးဆုံး ရဟတ်ယာဉ်ပြပွဲသို့ တက်ရောက်ရန် ပြင်ဆင်လာခြင်းလည်း ဖြစ်သည်။
You may also like these stories:
စစ်ကောင်စီ၏ ရုရှားခရီးစဉ်တွင် လက်နက်ပွဲစား ဦးတေဇ လိုက်ပါသွား
စစ်တပ်တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို KIA ပစ်ချ
လေတပ်စခန်း ဌာနချုပ်တွေ ဘာကြောင့် အတိုက်ခံနေရလဲ
လေကြောင်းရန် ကာကွယ်ရေး စက်လက်နက်များ ရုရှားက မြန်မာကို ရောင်းချပေးမည်
ရုရှားကာကွယ်ရေးဝန်ကြီးကို တပ်မတော်က ကော်ဇောနီဖြင့် ကြိုခဲ့သည်