ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် ယုဇနကုမ္ပဏီဝန်ထမ်းများ ထွက်ခွာသွားပြီးနောက် ဒေသခံများက ကျေးရွာ အလိုက် မြေယာစီမံခန့်ခွဲရေးကော်မတီများ ဖွဲ့စည်းကာ ဒေသခံတောင်သူများအားလုံး မြေပိုင်ဆိုင်ရေးမူဖြင့် မြေများကို ခွဲ ဝေလျက်ရှိကြောင်း သိရသည်။
ဟူးကောင်းချိုင့်ဝှမ်းဒေသအတွင်း လီဒိုလမ်းမကြီးပေါ်ရှိ ဖားကန့်နှင့် တနိုင်းမြို့နယ်တို့အတွင်းမှ ဒေသခံတောင်သူများ၏ မြေ ဧက ၂ သိန်းကျော်ကို ယုဇနကုမ္ပဏီက သိမ်းဆည်းထားသည်မှာ ၁၅ နှစ်ကျော်ရှိပြီ ဖြစ်သည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဧပြီ ၁ ရက်တွင် ယုဇနကုမ္ပဏီဝန်းကို မီးရှို့လိုက်သဖြင့် ဝန်ထမ်းများ စွန့်ခွာသွား ကြပြီးနောက် မူလမြေပိုင်ရှင် ဒေသခံများက မြေများကို ပြန်သိမ်းယူပြီး ယခုအခါ ခွဲဝေနေကြခြင်းလည်း ဖြစ်သည်။
ဟူးကောင်းချိုင့်ဝမ်းဒေသမှ တောင်သူတဦးက “ကျနော်တို့မှာက ကျေးရွာအလိုက် မြေယာစီမံခန့်ခွဲတဲ့ကော်မတီ ဖွဲ့ပြီးတော့ စနစ်တကျ စီမံပြီးမှ ဒေသခံများ မြေမပိုင်ဆိုင်မှု လုံးဝမရှိအောင် ရည်ရွယ်ချက်နဲ့ မုဆိုးမ ဖြစ်ပါစေ အနည်းဆုံး မြေ ၅ ဧက ပိုင်ရမယ် ဆိုပြီးတော့မှ ဦးတည်ချက်ထားပြီး မြေယာကို ခွဲဝေနေကြတယ်။ နဂိုက မြေယာသိမ်းခံရတဲ့ တောင်သူတွေ ကိုတော့ ဦးစားပေးပြီး လယ်ယာတွေ ချထားပေးတာကို ဆက်လက် လုပ်နေကြပါတယ်။ ကျေးရွာအလိုက် မြေယာစီမံခန့်ခွဲ တဲ့ ကော်မတီဆိုပြီး ကျနော်တို့က စနစ်တကျ ဖွဲ့စည်းပြီးမှ လုပ်နေပါတယ်” ဟု ရှင်းပြသည်။
ကျေးရွာအလိုက် မြေယာစီမံခန့်ခွဲမှုကော်မတီများ ဖွဲ့စည်းကာ မြေခွဲဝေရခြင်းမှာ ကျေးရွာသား အချင်းချင်း ပြဿနာ မဖြစ် စေရန်နှင့် မြေပိုင်ဆိုင်မှု မှတ်တမ်းများကို စနစ်တကျ သိမ်းဆည်းနိုင်ရန် ဖြစ်သည်ဟုလည်း ဆိုသည်။
ပြန်လည် သိမ်းဆည်းထားသည့် မြေများပေါ်တွင် ဒေသခံတောင်သူများက စပါးများ စိုက်ပျိုးနေကြပြီဖြစ်ပြီး ဆောင်းရာသီ တွင်လည်း တခြားသီးနှံများ စိုက်ပျိုးရန် အစီအစဉ် ပြုလုပ်ထားကြောင်း တောင်သူများက ပြောသည်။
ဝန်ထမ်းများ စွန့်ခွာသွားသဖြင့် ကျန်နေခဲ့သည့် ယုဇနကုမ္ပဏီဝန်းအတွင်းမှ အဆောက်အဦကိုလည်း မေ ၁၉ ရက် ည ၈ နာရီဝန်းကျင်တွင် KIA တပ်ဖွဲ့ဝင်များက ဘူဒိုဇာဖြင့် ထပ်မံဖြိုချသွားကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံတဦးက “ဧပြီ ၁ ရက်မှာ KIA က ယုဇနကုမ္ပဏီကို မီးရှို့ပြီး ဖျက်ဆီးလိုက်တယ်။ ကျန်တဲ့ အဆောက်အဦတွေနဲ့ တံတိုင်းတွေကို မနေ့ည ၉ နာရီမှာ ဆက်ပြီး ပြန်လာဖျက်လိုက်တယ်။ အဆောက်အဦကျန်တဲ့ စက်ရုံကမဟုတ်ဘဲ ဝန်းထဲ က အိမ်တွေကိုတော့ ဒေသခံတွေက ဖျက်ယူနေကြတာ” ဟု ပြောဆိုသည်။
ယုဇနကုမ္ပဏီရှိ အဆောက်အဦတချို့ကို ဖြိုဖျက်ရာ၌ ဘူဒိုဇာဖြင့် ဖြိုချခြင်းဖြစ်ပြီး KIA တပ်ဖွဲ့ဝင်များက လုပ်ဆောင်ခြင်း ဖြစ် သည်ဟု ဒေသခံတချို့က ပြောဆိုသော်လည်း KIA ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြု ပြောဆိုခြင်း မရှိပါ။
ဗိုလ်မှူးကြီးနော်ဘူက “ကျနော် အတိအကျ မကြားသိရဘူး။ လိုင်းကနေ သတင်းတွေ ဘာမှမသိဘူး။ ပြည်သူလူထုဘက် က ပြောတာတော့ ကြားတယ်။ ဒါပေမယ့် ကျနော်ဘာမှ တိတိကျကျ အတည်ပြုပေးလို့ မရပါဘူး” ဟု ပြောသည်။
ဟူးကောင်းချိုင့်ဝှမ်းဒေသခံများက ၎င်းတို့၏ မြေများ ပြန်ရရှိရေးအတွက် KIA ဘက်က ကူညီပေးကြောင်း၊ လူထုဆန္ဒအရ ယုဇနကုမ္ပဏီကို ဒေသက ထွက်သွားအောင် မောင်းထုတ်ပေးသည်ဟူသော ပြောဆိုမှုများလည်း ရှိနေသည်။
ဗိုလ်မှူးကြီးနော်ဘူက ယုဇနကုမ္ပဏီ သိမ်းယူထားသည့် မြေများကို ဒေသခံများက ပြည်သူပိုင် ပြန်သိမ်းယူခြင်းနှင့် ပတ် သတ်၍ KIA က အသိအမှတ်ပြု ထောက်ခံခြင်း၊ တစုံတရာ စွက်ဖက်ခြင်း မရှိပါဟု ဆိုသည်။
သို့သော် ယုဇနကုမ္ပဏီအပေါ် သဘောထားနှင့် ပတ်သက်၍ ဗိုလ်မှူးကြီးနော်ဘူက “ဒီကုမ္ပဏီကို လူထုရဲ့ မြေတွေကို မတ ရားသိမ်းပိုက်တာတွေ မလုပ်သင့်ဘူးလို့ ပြောထားတာတွေ ရှိပါတယ်။ အမြဲတမ်း ပြောထားတာ ရှိပါတယ်။ မူအားဖြင့် ပြော ထားတာ ရှိပါတယ်။ လက်တွေ့ကတော့ လွန်ခဲ့တဲ့လပိုင်းက သူတို့ယန္တရားတွေကို ပစ်ခတ်ပြီး ဝင်စီးတာရှိခဲ့ပါတယ်” ဟု ပြောဆိုသည်။
ယုဇနကုမ္ပဏီကို ဧပြီ ၁ ရက်က မီးရှို့ရခြင်းမှာ ဒေသခံတောင်သူများ၏ မြေကိစ္စများ ပါဝင်သည့်အပြင် စစ်ရေးအရလည်း စစ်ကောင်စီတပ်များကို လက်နက်ခဲယမ်း သိုလှောင်ခွင့် ပေးထားသည်ဟူသော သတင်းများ ရရှိသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
ယုဇနကုမ္ပဏီသည် ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် ဒေသခံများထံမှ အဓမ္မသိမ်းယူထားသည့် မြေများပေါ်တွင် ပီလောပီနံ စိုက်ပျိုးကာ ပီလောပီနံ အမှုန့်ကြိတ်စက်ရုံကိုလည်း တည်ဆောက်ထားသည်။
အဆိုပါ ကုမ္ပဏီသည် မူလမြေပိုင်ရှင် ဒေသခံတောင်သူများအပေါ် အာဏာပိုင်များနှင့် ပူးပေါင်းကာ အနိုင်ကျင့်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် မြေပြန်လည်ရရှိရေး ကြိုးစားသည့် တောင်သူများကို ရိုက်နှက်ခြင်းများ ပြုလုပ်သဖြင့် ကချင်ပြည်နယ် အတွင်း ဒေသခံများအကြား နာမည်ဆိုးဖြင့် ကျော်ကြားသည့် ကုမ္ပဏီတခု ဖြစ်သည်။
You may also like these stories:
Mizzama အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်အမှု တရားလိုဘက် စတင် စစ်ဆေး
ဟားခါးတွင် တိုက်ပွဲများ နေရာအနှံ့ ဖြစ်ပွားနေ၊ စစ်သား ၁၀ ဦး ထပ်မံ ကျဆုံးဟု ဆို
ဖုန်းများကို ကြားဖြတ်သတင်းယူရန် စစ်တပ် ဘယ်လိုလုပ်ခဲ့သလဲ