နာမည်ကျော် အဝတ်အထည် အမှတ်တံဆိပ်တခုဖြစ်သော H&M အပါအဝင် နိုင်ငံတကာ ကုမ္ပဏီတချို့ မြန်မာ့ အထည်ချုပ်ကဏ္ဍသို့ အပ်ထည်များ ပြန်လည်မှာယူရန် လုပ်ဆောင်နေကြကြောင်း သိရသည်။
ကမာ္ဘ့ ဒုတိယအကြီးဆုံး အဝတ်အထည်လုပ်ငန်းဖြစ်သည့် ဆွီဒင်အခြေစိုက် H&M ကုမ္ပဏီ အပါအဝင် အိုင်ယာလန် ကုမ္ပဏီ Primark၊ ဒိန်းမတ်ကုမ္ပဏီ Bestseller တို့ကလည်း မြန်မာနိုင်ငံသို့ အပ်ထည်အော်ဒါ ပြန်ပို့တော့မည် ဖြစ်ကြောင်း ကြေညာထားကြသည်။
အထည်ချုပ်စက်ရုံ ပိတ်သိမ်းလိုက်ရပါက သောင်းနှင့်ချီသည့် အလုပ်သမားများ အလုပ်အကိုင် ဆုံးရှုံးသွားနိုင်သည့် အခြေ အနေ မရောက်စေလိုသည့်အတွက် ယခုကဲ့သို့ ဆုံးဖြတ်ချက်ချလိုက်ခြင်း ဖြစ်ကြောင်းနှင့် ယင်းကုမ္ပဏီမှာလည်း အာဏာ သိမ်းခဲ့သည့် စစ်ကောင်စီနှင့် တိုက်ရိုက် ပတ်သက်ဆက်နွယ်မှု မရှိကြောင်း H&M ကုမ္ပဏီက ပြောကြားထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က ဆန္ဒပြ ပြည်သူလူထုကို အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုကြောင့် H&M က မြန်မာနိုင်ငံသို့ အပ်ထည် အော်ဒါများ ပို့ပေးမှုကို ယာယီရပ်ဆိုင်းထားမည် ဖြစ်ကြောင်း မတ်လအတွင်း ကြေညာခဲ့သလို အခြား ကုမ္ပဏီများကလည်း အပ်ထည် အော်ဒါအသစ်များအတွက် စောင့်ကြည့်နေခဲ့ကြသည်။
ထိုသို့ ပြည်ပအပ်ထည် အမှာစာများ ပြန်လည်ရရှိနိုင်မည့် အခြေအနေများကြောင့် ယခင်လုပ်သားလျှော့ချခဲ့ရသော စက်ရုံ များက လုပ်သားတိုးမြှင့်ခေါ်ယူလာနိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်း ပြန်လည်ကောင်းမွန်၍ လုပ်ငန်းများလည်ပတ် နိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးမြင့်စိုးက ဧရာဝတီသို့ ပြောသည်။
၎င်းက “လူတွေအားလုံးက အလုပ်ကတော့ လိုချင်တာပေါ့။ ဒီအတိုင်း ထိုင်နေလို့မှ စားစရာမှ မရှိတာကို၊ အလုပ်အကိုင် အခွင့်အလမ်းက အရင်လျှော့ခဲ့တာတွေက ပြန်ကောင်းလာနိုင်တယ်။ အခင်းအကျင်းတွေက ပိုပြီး တည်ငြိမ်လာမယ်၊ ကောင်းလာမယ်ဆိုရင် ပိုပိုပြီး အလုပ်တွေ ပြန်ရှိလာပြီး ပိုကောင်းလာမှာပေါ့” ဆိုသည်။
သို့သော် မြန်မာ့အထည်ချုပ် လုပ်ငန်းများအတွက် ဈေးကွက်က ပြန်ပွင့်လာသည့် အခြေအနေရှိသော်လည်း နိုင်ငံရေး မတည်ငြိမ် ခြင်းနှင့် ဒေသ မတည်ငြိမ်မှုများကြောင့် အလုပ်သမားအများစုသည် လုပ်ငန်းခွင်သို့ ပြန်ဝင်ရောက် အခက်အ ခဲများနှင့် ကြုံတွေ့ရခြင်းကြောင့် အထည်ချုပ်စက်ရုံ အများစုသည် ပုံမှန်အတိုင်း မလည်ပတ်နိုင်သေးကြောင်း သိရသည်။
ထို့ပြင် ကမာ္ဘ့ကပ်ရောဂါ ကိုဗစ်- ၁၉ ကြောင့် နိုင်ငံတကာသင်္ဘောလိုင်းများနှင့် ဆိပ်ကမ်းများက အပြည့်အဝ မလည်ပတ် နိုင်သေးခြင်းနှင့် ပြည်တွင်း၌ ဘဏ်လုပ်ငန်း အကျပ်အတည်းကြောင့် ဝန်ထမ်းများ လစာပေးရေးကိစ္စ အပါအဝင် ငွေပေး ချေရေး ကိစ္စရပ်များတွင်လည်း အခက်အခဲများ ရင်ဆိုင်နေကြရကြောင်း အထည်ချုပ်လုပ်ငန်းရှင်များက ပြောဆိုသည်။
ဦးမြင့်စိုးက “အခက်အခဲဆုံးနဲ့ အကြီးမားဆုံး ပြဿနာက ဈေးကွက်။ အခုလောလောဆယ်ဆိုရင် ဈေးကွက်ကတော့ မြင်နေရပြီ။ ဈေးကွက်ကလည်း ပေးမယ်လို့ပြောနေတော့ ပုံမှန် အခြေအနေဖြစ်ဖို့ တဝက်လောက် အားရှိသွားတာပေါ့။ ကျန်တဲ့ အခင်းအကျင်းတွေ ဘာတွေကတော့ မှန်းလို့မှ မရတာ” ဟု ပြောသည်။
လက်ရှိအချိန်တွင် အထည်ချုပ်စက်ရုံအများစုသည် အပ်ထည်အော်ဒါအသစ် မရရှိကြဘဲ ဖေဖော်ဝါရီလမတိုင်မီက ကုန် ကြမ်းရရှိထားပြီးသော အပ်ထည် အော်ဒါအဟောင်းများဖြင့်သာ လုပ်ကိုင်နေကြရလျက်ရှိကြကြောင်း ရန်ကုန်မြို့ လှိုင်သာ ယာမြို့နယ်မှ အထည်ချုပ်လုပ်ငန်းရှင်တဦးက ဆိုသည်။
၎င်းက “H&M က သူပြန်ပေးမယ်ဆိုပေမယ့် လောလောဆယ်မှာ ဒီကအခြေအနေက ဘာမှတည်ငြိမ်သေးတာ မဟုတ်ဘူး လေ။ နောက်ပြီး ကျနော်တို့ နိုင်ငံက စင်ကာပူတို့ မလေးရှားတို့ကို တဆင့်ခံပြီး သွားနေရသေးတော့ အခုဖြစ်နေတဲ့ Logistic အခက်အခဲကြောင့်လည်း နှစ်ပတ်လောက် ပိုကြာနေသေးတယ်။ ဒီမှာ အခြေအနေတခုခု အပြောင်းအလဲ ဖြစ်မှပဲ အပ်ထည်တွေက ပြန်လာဖို့ များတယ်” ဟု ပြောဆိုသည်။
လတ်တလော၌ အထည်ချုပ်လုပ်ငန်းများ ပုံမှန် မလည်ပတ်သေးခြင်းကြောင့် အလုပ်သမားအားက များနေပြီး လုပ်သား ခေါ်ယူမည့် စက်ရုံက နည်းနေသောကြောင့် အလုပ်သမားအများစုသည် အလုပ်လက်မဲ့ ဖြစ်နေရကြောင်း ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် အလုပ်သမားအရေး ဆောင်ရွက်ပေးသူတဦးက ပြောသည်။
၎င်းက “တချို့ စက်ရုံတွေကဆိုရင် လုံခြုံရေး စိုးရိမ်ရတုန်းက ပြန်သွားတဲ့ အလုပ်သမားတွေကို သူတို့ခေါ်တဲ့ အချိန်မီ ပြန်မလာနိုင်လို့ ခွင့်မဲ့ ပျက်ကွက်တယ်ဆိုပြီး အကုန် အလုပ်ထုတ်ပစ်တာ ရှိတယ်။ အခုက အခြေအနေပြန်ငြိမ်လို့ အလုပ် သမားတွေလည်း ပြန်ရောက်လာရော အလုပ်သမားအသစ် ထပ်ခေါ်တဲ့ စက်ရုံဆိုတာ တော်တော်ရှားတယ်” ဟု ပြော ဆိုသည်။
ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်ကောင်စီက အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့အပြားတွင် ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့သည်၊ အထည်ချုပ်စက်ရုံ အများစု ရှိရာ ရန်ကုန်တိုင်း လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်များတွင် သပိတ်စခန်းများ ဆောက်ကာ ဆန္ဒပြပွဲများ အရှိန်မြင့်လာရာ မတ်လ ၁၄ရက်နေ့တွင် စစ်တပ် အင်အားသုံးဖြိုခွဲကာ စစ်အုပ်ချုပ်ရေး ကြေညာသဖြင့် မတ်လ ၁၅ရက်တွင် လှိုင်သာယာတွင် နေထိုင်သည့် အလုပ်သမားများမှာ မိမိတို့ နေရပ်သို့ ပြန်ခဲ့ကြသည်။
မြန်မာ့အထည်ချုပ်လုပ်ငန်းသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အထည်ချုပ်တင်ပို့မှုသည် အမေရိကန် ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံအထိရှိပြီး၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံအထည်ချုပ် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိ မျှော်မှန်း ထားခဲ့သည်။
You may also like these stories:
တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် စစ်ကောင်စီ တွန်းလုပ်မည်
ရန်ကုန်တွင် တည်ဆောက်မည့် ဂျပန် AEON Mall စီမံကိန်းကို ဆိုင်းငံ့