ကယားပြည်နယ် ဒီးမော့ဆိုမြို့တွင် ယနေ့ (မေလ ၂၁ ရက်) မနက်ပိုင်း ၈ နာရီ ဝန်းကျင်မှစ၍ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ တပ်များကြား တိုက်ပွဲ ပြင်းထန်နေသည်ဟု သတင်း ရရှိသည်။
တိုက်ပွဲတွင်း ပါဝင် တိုက်ခိုက်နေသည့် ဒေသခံ လူငယ်တဦးက “ကျနော်တို့ PDF ဘက်က စ မပစ်ဘူး။ မနေ့က အရပ်သား ၄ ဦးနဲ့ CDM ဝန်ထမ်း ၄ ဦးကို အသုဘထဲထိ ဝင်ဖမ်းတယ်။ ဒီနေ့မှာလည်း မနေ့ကလို ထပ်လာဖမ်းတော့ PDF အဖွဲ့တွေက ဒီးမော့ဆိုကို လာမလုပ်ဖို့ ပြောတာ ညှိမရလို့ သူတို့က အရင် စပစ် တာပါ။ အဲဒီလိုနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်တာပါ” ဟု ပြောသည်။
တိုက်ပွဲ ဖြစ်ပွားနေသည့် ဒေါငံခါးရပ်ကွက်သည် ဒီးမော့ဆိုမြို့မှ တောင်ငူမြို့နယ်ဘက်သို့ သွားသည့် ပြည်ထောင်စုလမ်းမ ကြီး၏ဘေးတွင် တည်ရှိသည့် ရပ်ကွက်ကြီးတခု ဖြစ်သည်။
တိုက်ပွဲ ပြင်းထန်နေသည့် ဒေါငံခါးရပ်ကွက်နှင့် နယ်မြေဆက်စပ်နေသည့် မားနာပလော့ကျေးရွာတွင် မေ၂၀ ရက်က အရပ် သား ၄ ဦးနှင့် CDM ပြုလုပ်ထားသည့် အစိုးရဝန်ထမ်း ၄ ဦးကို စစ်ကောင်စီက ဝင်ရောက် ဖမ်းဆီးမှုများ ပြုလုပ်ထားသည်။
စံပြ ၆ မိုင် ကျေးရွာတွင်လည်း မေ ၂၀ ရက်က ရွာတွင်းမှ အမျိုးသား ၅ ဦးကို စစ်ကောင်စီဘက်က ဖမ်းဆီး ခေါ်ဆောင်သွား သည်။
ထို့ကြောင့် ယနေ့ မနက်ပိုင်းတွင် စစ်ကောင်စီ၏ တပ်များက ပြည်ထောင်စုလမ်းမကြီးမှ တဆင့် ဒေါငံခါး ရပ်ကွက်အတွင်း သို့ မားနာပလော့ ကျေးရွာမှတဆင့် ဝင်ရန် ကြိုးစားရာ တင်းမာမှုများ စတင်ခဲ့ခြင်း ဖြစ်သည်။
ဒေသခံများ၏ ရပ်ကွက်တွင်း ဝင်ရန် ကြိုးစားသဖြင့် တိုက်ပွဲဖြစ်ပွားနေသည့် စစ်ကောင်စီ၏ တပ်သည် ဒီးမော့ဆိုမြို့တွင် အခြေစိုက်သည့် ခြေလျင်တပ်ရင်း ခလရ ၁၀၂ ဖြစ်သည်ဟု သိရသည်။
တိုက်ပွဲအတွင်း ပါဝင်နေသည့် အခြားဒေသခံ လူငယ်တဦးကလည်း “ပစ်ခတ်မှုက ကျနော်တို့က လက် နက်တွေက အစုံပဲ ရှိတယ်။ သူတို့လောက်တော့ လက်နက်အင်အား မကောင်းဘူး။ သူတို့ကတော့ စိန် ပြောင်းတွေနဲ့ပါ ပစ်ခတ်မှုတွေ ရှိနေပါ တယ်။ ကျနော်တို့ ဘက်ကတော့ ပြောက်ကျားစနစ်နဲ့ပဲ တိုက်နေ တာပါ။ ကျနော်တို့က အဆိုးဆုံးထိ စဉ်းစားထားပြီးပြီ။ လက်ရှိ ခွေးတွေ အာဏာယူနေသေးသရွေ့တော့ ကျနော်တို့ တိုက်နေမှာပဲ။ ကျနော်တို့ သူသေ ကိုယ်ရှင်ကို တိုက်ဦးမှာ” ဟု ပြောသည်။
ဒီးမော့ဆိုမြို့တွင်း တိုက်ပွဲတွင် စစ်တပ်ဘက်က လက်နက်ကြီးများ အသုံးပြု၍ ဒေသခံများဘက်ကို ပစ် ခတ်သည့် အပြင် နေ့လယ် ၁၁ နာရီကျော်တွင်လည်း လွိုင်ကော်မြို့ဘက်မှ စစ်ကား ၁၀ စီးနှင့် အထက် ဒီးမော့ဆိုမြို့ဘက်သို့ မောင်းနှင် သွားသည်ဟု လွိုင်ကော်ဒေသခံများထံက သိရသည်။
လတ်တလော သိရှိရသော သတင်းများအရ လမ်းသွားလမ်းလာများကိုလည်း စစ်ကောင်စီက ဖမ်းဆီးနေလျက်ရှိပြီး ဆိုင်ကယ်စီးလာသူ တဦးအား ဆိုင်ကယ်မရပ်သဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့ရပြီး၊ အရပ်သား ၄ ဦးနှင့် နေအိမ် တအိမ်ထဲမှ၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ဒီးမော့ဆိုမြို့တွင်း ဒေသခံများနှင့် စစ်ကောင်စီတပ်ကြား ဆက်ဆံရေးတင်းမာနေသည်မှာ စစ်တပ်က အာဏာသိမ်းပြီး ကတည်းက ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်းလုံးမှ လူထုက လမ်းပေါ်ထွက်ကာ စစ်အာဏာရှင် ဆန့် ကျင်ရေး ဆန္ဒပြ မှုများကို ပြုလုပ်ခဲ့သည်။
စစ်တပ်က ၎င်းတို့ကို ဆန့်ကျင်နေသည့် လူထုကို ပစ်ခတ်ဖြိုခွင်းခြင်း၊ ရိုက်နှက်ဖမ်းဆီးခြင်းများ ပြုလုပ် သဖြင့် မေလ ၂၀ ရက်အထိ အရပ်သား ဦးရေ ၈၀၀ ကျော် သေဆုံးပြီး ၄၂၀၀ ကျော်သည် အကျဉ်း ထောင်များထဲတွင် ဖမ်းဆီးခံထားရသည်။
စစ်ကောင်စီတပ်များသည် လူထုက ရွေးချယ်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များကို လည်း လိုက်လံ ဖမ်း ဆီးသည့်အပြင် စစ်အာဏာရှင် ဆန့်ကျင်ရေးကို ဦးဆောင် လုပ်ကိုင်နေသူများ၊ ဆန္ဒပြသည့်ထဲတွင် ပါဝင်သူများကိုလည်း နေအိမ်များအတွင်း ဝင်ရောက်ကာ ရိုက်နှက်ဖမ်းဆီးခြင်း၊ နေအိမ်များအတွင်းမှ ပစ္စည်းများ လုယူသည်အထိ လုပ်ဆောင်ခဲ့ သည်။
ထိုသို့ အဖြစ်အပျက်များ ဖြစ်ပြီးနောက်တွင် လူငယ်များသည် နီးစပ်ရာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များထံသို့ သွား ရောက်၍ စစ်ပညာသင်ယူပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဟူ၍ ဖွဲ့စည်း ကာ လှုပ်ရှားလျက် ရှိသည်။
စစ်ကောင်စီ၏ တပ်များသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေသည့် ဒေသခံများနှင့် တိုက်ပွဲ ဖြစ်ပွား နေသည့် အပြင် ကယားပြည်နယ်တွင်း အခြေစိုက်လှုပ်ရှားသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန် ရေး တပ်ဖွဲ့ဖြစ်သည့် ကရင်နီ အမျိုး သားလွတ်မြောက်ရေး တပ်မတော် (KNPP) နှင့်လည်း တိုက်ခိုက်မှု များ ဖြစ်ပွားထားသည်။
ကယားပြည်နယ်တွင်း ဖားဆောင်းမြို့နယ်နှင့် ဘော်လခဲမြို့တို့တွင် မေ ၂၀ ရက်က KNPP ၏ တပ်စခန်း များ ရှိရာဘက်သို့ စစ်ကောင်စီတပ်များ ဝင်လာသဖြင့် တိုက်ပွဲဖြစ်ပွားထားသည်။
စစ်ကောင်စီတပ်များသည် KNPP အခြေစိုက် လှုပ်ရှားရာစခန်းများဘက်သို့ ဒရုန်းများဖြင့် ထောက်လှမ်းခြင်းများ ပြုလုပ်ခြင်း ကြောင့် မေလ ဒုတိ ယအပတ်အတွင်း KNPP က စစ်ကောင်စီ၏ ဒရုန်းတစင်းကို ပစ်ချခဲ့သည်။
You may also like these stories:
ဟားခါးတွင် တိုက်ပွဲများ နေရာအနှံ့ ဖြစ်ပွားနေ၊ စစ်သား ၁၀ ဦး ထပ်မံ ကျဆုံးဟု ဆို
ယုဇနကုမ္ပဏီ သိမ်းယူထားသည့် မြေများအား ဒေသခံတောင်သူများ ပြန်လည်ခွဲဝေ