ထိုင်းနိုင်ငံဘက်သို့ မြန်မာစစ်တပ်ဘက်က ပစ်လိုက်သည့် မော်တာကျည်များ ကျရောက် ပေါက်ကွဲမှု ထပ်မဖြစ်စေရန် မြန်မာအာဏာသိမ်းစစ်တပ်ထံ သတိပေးစာတစောင်ပေးပို့ခဲ့ကြောင်း ထိုင်းစစ်တပ်ဘက်က ပြောသည်။
ထိုင်း- မြန်မာ နယ်စပ် လုံခြုံရေးကို တာဝန်ယူထားသည့် ထိုင်းတတိယတပ်မတော်၏ တပ်မှူး ဒု ဗိုလ်ချုပ်ကြီး Apichet Suesat က မြန်မာစစ်တပ်အနေနှင့် ထိုင်းနိုင်ငံပိုင်နက်အထိ စစ်ဆင်ရေးများ တိုးချဲ့လုပ်ဆောင်ခြင်း မပြုရန် သတိပေးသည့်စာကို ထိုင်း – မြန်မာနယ်ခြား ကော်မတီမှတဆင့် မြန်မာဘက်သို့ သတိပေးထားကြောင်း Bangkok Post သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ မြန်မာဘက်ကို မီးခိုးဗုံး တလုံး ပစ်ခတ် သတိပေးပြီးနောက်မှာ တော့ သူတို့ဘက်က ပစ်ခတ်တာတွေ ရပ်တန့်သွားတယ်” ဟု ဆိုသည်။
ကရင်ပြည်နယ်တွင် တပ်စွဲထားသည့် မြန်မာစစ်ကောင်စီ၏ အမြောက်တပ်မှ ပစ်ခတ်သော မော်တာကျည် ၃ လုံး သည် မေလ ၂၀ ရက်တွင် သံလွင်မြစ်တဖက်ကမ်းရှိ ထိုင်းနိုင်ငံဘက်အခြမ်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် ထိုင်းစစ်တပ်ဘက် မြန်မာစစ်တပ်ထံ သတိပေးစာပို့ခဲ့ခြင်း ဖြစ်သည်။
မော်တာကျည် ၃ လုံးသည် ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင် မဲဆရီယန် ဒေသရှိ Mae Yuam ရွာအနီးတွင် ကျ ရောက် ပေါက်ကွဲခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှု မရှိကြောင်း ထိုင်းစစ်တပ်ဘက်က သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် မြန်မာဘက်အခြမ်း ကရင်ပြည်နယ် ထိုင်း – မြန်မာ နယ် စပ် သံလွင်မြစ်ကမ်းတလျှောက်၌ စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ တို့ ကြားတိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က တပ်စခန်း အချို့ ဆုံးရှုံးခဲ့သည်လည်း ရှိသည်။
လက်ရှိကာလတွင် နှစ်ဖက် တင်းမာမှုများရှိနေဆဲဖြစ်ရာ စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
You may also like these stories:
ဖာပွန်ခရိုင်ထဲက တပ်စခန်းများကို စစ်ကောင်စီတပ်များ အတိုက်မခံရမီ စွန့်ခွာနေ
ဖာပွန်တွင် စစ်အင်အားတိုးထားဟု BGF ပြော
စစ်စခန်းများ ကျပြီးနောက် စစ်ကောင်စီက ဖာပွန်ခရိုင်အတွင်း ဗုံးကြဲတိုက်ခိုက်နေ