စစ်အာဏာသိမ်း ဆန့်ကျင်သူများကို မြန်မာစစ်ကောင်စီက ဆက်လက်သတ်ဖြတ်နေသောကြောင့် တိုကျိုအနေဖြင့် မြန်မာနိုင်ငံသို့ ပေးနေသည့် အကူအညီများအားလုံးကို ရပ်ဆိုင်းလိုက်နိုင်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက သောကြာနေ့က တွေ့ဆုံမေးမြန်းခန်းတခုတွင် ပြောဆိုလိုက်သည်။
ဂျပန်နိုင်ငံသည် မြန်မာအတွက် ထိပ်တန်းအလှူရှင်ဖြစ်ပြီး စစ်ကောင်စီက အရပ်သားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချပြီးနောက် အကူအညီသစ်များကို ဆိုင်းငံ့ထားသည်။
သို့သော် န်ိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆု မိုတီဂီက ထိုသို့အကူအညီ ဆိုင်းငံ့ခြင်းကို တိုးချဲ့နိုင်သည်ဟု Nikkei Asia သတင်းဌာနကို ပြောဆိုသည်။
“ကျနော်တို့က ဒါမျိုးတွေ လုံးဝမလုပ်ချင်ဘူး။ ဒါပေမယ့် ဒီလိုအခြေအနေအောက်မှာ အခုအတိုင်းဆက်နေဖို့ ခက်တယ်ဆိုတာကို ပြောချင်တယ်” ဟု မိုတီဂီက ပြောသည်။ “မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို နည်းမျိုးစုံနဲ့ထောက်ခံခဲ့တဲ့ နိုင်ငံတနိုင်ငံအနေနဲ့ရော မိတ်ဆွေနိုင်ငံတခုအနေနဲ့ပါ ကျနော်တို့ဟာ နိုင်ငံတကာအသိုက်အဝန်းကို ကိုယ်စားပြုရပြီး ဒီသတင်းစကားကို ရှင်းရှင်းလင်းလင်းပြောကြားလိုတယ်” ဟုလည်း သူပြောသည်။
အခြားနိုင်ငံများကဲ့သို့ မြန်မာစစ်ကောင်စီအပေါ် ပစ်မှတ်ထား ပိတ်ဆို့မှုများ မလုပ်သော်လည်း ဂျပန်က စစ်အာဏာသိမ်းမှုကို တုံ့ပြန်သည့်အနေဖြင့် မြန်မာသို့ အကူအညီသစ်များ ပေးတော့မည်မဟုတ်ကြောင်း မတ်လတွင် ကြေညာခဲ့သည်။
ဂျပန်သည် မြန်မာနိုင်ငံအတွက် စီးပွားရေးအကူအညီ အများဆုံးပေးသော နိုင်ငံဖြစ်ပြီး တိုကျိုသည် မြန်မာစစ်တပ်နှင့် ရှည်ကြာသော ဆက်ဆံရေးရှိကြောင်းလည်း သူပြောသည်။
Nikkei သတင်းအဆိုအရ ဂျပန်သည် ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံသို့ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ ODA ဒေါ်လာ ၁.၇၄ ဘီလျံ ပေးခဲ့ပြီး အခြားမည်သည့်နိုင်ငံကမဆို ထုတ်ပြန်ထားသည်ထက် များကြောင်း သိရသည်။
ဖေဖေါ်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုတွင် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချပြီးနောက် ဆန့်ကျင်မှုများအတွင်း စစ်ကောင်စီက လူ ၈၀၀ ကျော် သတ်ဖြတ်ပြီးဖြစ်သည်။
အာဏာသိမ်းမှု နောက်ဆက်တွဲပြဿနာများကို သတင်းယူနေသည့် ဂျပန်သတင်းထောက်တဦးကို မြန်မာစစ်ကောင်စီက လွန်ခဲ့သော အပတ်က တိုကျိုသို့ ပြန်လွှတ်ပေးခဲ့သည်။
မြန်မာနိုင်ငံအတွက် အရေးပေါ်အကူအညီ ဒေါ်လာ ၄ သန်းကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှတဆင့် ပေးမည်ဟု ဂျပန်က ကြေညာပြီနောက် ထိုသတင်းထောက်ကို လွှတ်ပေးခြင်းဖြစ်သည်။
သောကြာနေ့က တိုကျိုတွင်ပြောကြားရာတွင် သတင်းထောက် ယူကီ ကီတာဇုမိက ဂျပန်အစိုးရအနေဖြင့် မြန်မာစစ်တပ်အပေါ် သြဇာသုံးရေး သတ္တိရှိရန် တိုက်တွန်းသည်။
“ဂျပန်အစိုးရက ခိုင်မာတဲ့ အရေးယူမှုလုပ်မယ်လို့ မြန်မာပြည်သူတွေက မျှော်လင့်နေတယ်” ဟု သတင်းစာ ရှင်းလင်းပွဲတွင် သူပြောသည်။
ညှင်းပမ်းနှိပ်စက်ခံရပြီး ညအိပ်ခွင့်မရသော နိုင်ငံရေးအကျဉ်းသားများနှင့် ဆုံတွေ့ခဲ့ကြောင်း ကီတာဇုမိ ပြောသည်။
“ကျနော့်ကို လွတ်မြောက်အောင် လုပ်ပေးနိုင်တဲ့ ဂျပန်အစိုးရရဲ့ သြဇာကို မြန်မာပြည်သူတွေအတွက် သုံးမယ်လို့ ကျနော်မျှော်လင့်တယ်” ဟုလည်း သူပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး ဒီမိုကရေစီပြန်လည်ထိန်းသိမ်းရန် တိုကျိုကတောင်းဆိုထားပြီး တိုကျိုသည် စစ်ကောင်စီနှင့် ဆက်လက်ဆွေးနွေးနေကြောင်း မိုတီဂီက Nikkei သို့ပြောသည်။
“မြန်မာနိုင်ငံမှာ စစ်တပ်အပါအဝင် အားလုံးနဲ့ ကျနော်တို့မှာရှိတဲ့ လမ်းကြောင်းတွေက ဥရောပထက်ရော အမေရိကထက်ပါ များတယ်” ဟု သူပြောသည်။
ကိုးကား။ ။ Nikkei Asia နှင့် AFP
You may also like these stories:
ရန်ကုန်တွင် တည်ဆောက်မည့် ဂျပန် AEON Mall စီမံကိန်းကို ဆိုင်းငံ့
တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် စစ်ကောင်စီ တွန်းလုပ်မည်
စင်ကာပူအခြေစိုက် တရုတ်အစိုးရပိုင်ကုမ္ပဏီ မြန်မာကို လေယာဉ်ဆီ ရောင်းခဲ့
မြန်မာဒုက္ခသည်များ ပြန်မောင်းမထုတ်ဟု ထိုင်းဝန်ကြီးချုပ် ပြော