စစ်ကောင်စီက လုပ်သည့် အခမ်းအနားတွင် မြို့မအဖွဲ့ သွားရောက် ဖျော်ဖြေမှုအပေါ် ပြည်သူလူထုက ဝေဖန်မှုများ ရှိနေသည့်တိုင် အသင်းအား ဆက်လက်၍ ရှေ့ဆက်သွားမည် ဖြစ်ကြောင်း မန္တလေး မြို့မက ဆိုလိုက်သည်။
မြို့မအသင်း၏ တာဝန်ရှိသူတဦးက “တချို့လိုင်းပေါ်မှာ မြို့မကို နားလည်ပေးကြတဲ့ မြို့မ ချစ်သူတွေ ရှိသလို၊ ချစ်လွန်းလို့ နားလည်နိုင်စွမ်း မရှိတော့တဲ့ လူတွေလည်း အများကြီးရှိပါတယ်။ အခုလို ဝေဖန်တယ်ဆိုတာလည်း ချစ်လွန်းလို့ ဝေဖန် တယ်လို့ မြင်ပါတယ်။ အပြစ် မမြင်ပါဘူး။ ကျနော်တို့ အသင်းရဲ့အနာဂတ်ကတော့ ဒီအတိုင်းပဲ ဆက်လက်သွားနေမှာပါပဲ” ဟု ပြောသည်။
မြို့မတူရိယာအသင်းသည် မေလ ၁၄ ရက်တွင် မန္တလေးမြို့၃၈ လမ်းနှင့် ၇၈ လမ်းထောင့်တွင်ရှိသည့် မျက်ပါးရပ် စစ်တပ် ဝင်းအတွင်း ရတနာပုံခန်းမဖွင့်ပွဲတွင် ဖျော်ဖြေခဲ့ပြီး စစ်ကောင်စီပိုင် ရုပ်သံလိုင်းတွင် အဆိုပါ ဖျော်ဖြေမှုအား ပြန်လည်ထုတ် လွှင့် ပြသခဲ့သည်။
ရွေးကောက်ခံ အစိုးရလက်မှ ဖေဖေါ်ဝါရီ ၁ရက်တွင် အာဏာသိမ်းခဲ့သည့် စစ်တပ်သည် မန္တလေးတိုင်းအတွင်းတွင်သာမက မြန်မာတနိုင်ငံလုံးတွင် ၄လနီးပါးအတွင်း လူ ၈၀၀ ကျော် သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။
ထိုသို့သော စစ်တပ်၏ ဖိတ်ကြားချက်ကို လက်ခံကာ ဖျော်ဖြေခဲ့သည့် မြို့မကို လှောင်ပြောင်သရော်သည့် အနေဖြင့် အဖွဲ့ အမှတ်တဆိပ် ငွေငန်းဟူသော စကားလုံးအစား ငွေကို ငမ်းငမ်းတက် မက်မောသည့် ငွေငမ်းဟုသော အသုံးဖြင့် သရော် နေကြသည်။
အဆိုပါပွဲတွင် ဖျော်ဖြေခဲ့သည့် သီချင်းများသည် စစ်ကောင်စီမှ ရွေးချယ်ထားခြင်းဖြစ်ပြီး တပ်မတော်နှင့် သက်ဆိုင်သည့် သီချင်းစုစုပေါင်း ၈ ပုဒ် တီးဆိုခဲ့ပြီး ယင်းပွဲအား အမှုဆောင်အဖွဲ့ဝင်၂ ဦးမှအပ ကျန်အမှုဆောင်များက ဆုံးဖြတ်ချက်ခဲ့ ြ ကခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ မြို့မအသင်းအနေဖြင့် စစ်ကောင်စီ၏ ပွဲကို သွားရောက်ဖျော်ဖြေပေးရခြင်းမှာ ဖိအားများရှိနေခြင်းကြောင့် ဟု ဆို ထားသော်လည်း စစ်ကောင်စီ ခေါင်းဆောင်ကမူ အဆိုပါ ခန်းမ ဖွင့်ပွဲ၌ မြို့မအသင်း လာရောက်ဖျော်ဖြေပေးလျှင် ကောင်း မည်ဟု ဆန္ဒပြုခဲ့သလို တကယ်ဖြစ်လာခဲ့၍ ဝမ်းမြောက်ကြောင်းကို ခန်းမ ဖွင့်ပွဲမိန့်ခွန်း၌ ပြောသွားခဲ့သည်။
မြို့မအသင်း၏ အဖွဲ့ဝင်များမှ အဆိုပါ ပွဲအားသွားရောက် ဖျော်ဖြေခဲ့သည့်အတွက် နုတ်ထွက်မည့် သတင်းစကားများ ထွက် ပေါ်နေခြင်းနှင့် ပတ်သက်၍ အသင်းဘက်မှ တစုံတရာ ဝေဖန်အပြစ်တင်နေမည် မဟုတ်ကြောင်း မြို့မအသင်း၏ အတွင်းရေး မှူးက ပြောသည်။
“ခံစားချက် ပြင်းထန်တဲ့လူတွေရဲ့သူတို့ရင်ထဲက လာတဲ့ ခံစားချက်က ကျနော်တို့ အမှုဆောင်အဖွဲ့ကို အားမလို အားမရ ဖြစ်တာတွေ ရှိကောင်းရှိပါလိမ့်မယ်။ ဒါက နိုင်ငံရေး အမြင်နဲ့ ဂီတအမြင်နဲ့ အမြင်တွေကတော့ တခြားစီပေါ့။ အဲဒီအတွက် တစုံတရာ ဝေဖန်နေမှာလည်း မဟုတ်ဘူး။ တုံ့ပြန်နေမှာလည်း မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။
ဆက်လက်ပြီး အတွင်းရေးမှူးက “သူတို့ ကြိုက်သလို ပြောပိုင်ခွင့် ရှိပါတယ်။ ဒီပွဲကို လိုက်မဆို၊ မတီးတဲ့ အသင်းသူ၊ အသင်းသားတွေကိုလည်း အရေးယူမှု တစုံတရာ ရှိမှာ မဟုတ်ပါဘူး။ ပြဿနာ ရှာတာမျိုး မရှိပါဘူး။ ဖိအားပေး နုတ် ထွက်ခိုင်းတာလည်း မရှိပါဘူး” ဟု မြို့မအသင်း၏ ဆိုသည်။
ထိုကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် မြို့မအသင်း၏ ပင်တိုင် တေးသံရှင် ဦးအောင်ကျော်ဟိန်းသည် အသင်းမှ နုတ် ထွက်ခဲ့ကြောင်း သိရသည်။
မြို့မအသင်းမှာ နာယက ၁၀ ဦး အလုပ်အမှုဆောင် ၁၀ ဦးဖြင့် ဖွဲ့စည်းထားပြီး စစ်ကောင်စီခန်းမဖွင့်ပွဲ ဖျော်ဖြေရန်အတွက် အသင်းသားများကို ပြောဆိုခဲ့သော်လည်း လိုက်ပါရန် အများစုမှာ ငြင်းဆန်းခဲ့ကြသည်။
You may also like these stories:
ဗိုလ်ချုပ်ရုပ်ရှင်ကို အပြီးသတ်ထုတ်လုပ်ပြသရန် စစ်ကောင်စီ စီစဉ်
ငွေကြောင့်မဟုတ် ဖိအားကြောင့် စစ်ကောင်စီ၏ ပွဲကို လက်ခံရခြင်းဖြစ်ဟု မြို့မအသင်းပြော