ယနေ့ နံနက်အစောပိုင်းက ချင်းပြည်နယ် ဖလမ်းမြို့ မှ ထွက်ခွာလာသည့် စစ်ကားတစီးကို ဖလမ်း-ကလေး ကားလမ်းမ ပေါ်တွင် Chinland Defense Force(ဖလမ်း)က တိုက်ခိုက်ရာ ဗိုလ်ကြီး အဆင့်ရှိသူတဦး အပါအဝင် စစ်သား ၆ ဦး ပွဲ ချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
“တိုက်ပွဲက ခနလေးဖြစ်တာ။ မနက်စောစောမှာ လူ ၈ ယောက်လောက်ပါတဲ့ စစ်ကားတစီး ဆင်းလာတယ်။ ကျနော်တို့ရဲ့ အဖွဲ့တဖွဲ့က ကြားဖြတ် ဝိုင်းတိုက်လိုက်တာပေါ့။ သူတို့ဘက်က ၆ ယောက် ပွဲချင်းပြီး သေတယ်။ နှစ်ယောက်ကတော့ ဒဏ်ရာတွေနဲ့ အောက်ချိုင့်ထဲကို ဆင်းပြေးသွားတယ်”ဟု ဖလမ်း ဒေသခံဦးက ပြောသည်။
အထက်ပါ တိုက်ပွဲတွင် Chinland Defense Force(ဖလမ်း)ဘက်မှ တဦး ကျဆုံးကြောင်း သိရသည်။
ထို့ပြင် ချင်းပြည်နယ် ဟားခါးမြို့သို့လည်း ကလေးဒေသဘက်မှ စစ်ကား ၅ စီး ထပ်မံရောက်ရှိလာသည်ဟု အတည်ပြုထား ကြောင်း CDF(ဟားခါး)မှ အဖွဲ့ဝင်တဦးက ပြောသည်။
“ကလေးက တက်လာတာ စစ်ကား ၅ စီးပဲ အတည်ပြုနိုင်တယ်။ စစ်သားတွေကို အင်အားဖြည့်လာတယ်။ အရပ်သား ကား တွေနဲ့လည်း အင်အားဖြည့်လာတယ်”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်များ ဟားခါးဘက်သို့ အများအပြား ရောက်ရှိလာသဖြင့် တပ်ဆုတ်ထားကြောင်း၊ လက်ရှိတွင် ပျောက်ကြား စနစ်ဖြင့် တိုက်ခိုက်လျက်ရှိကြောင်း CDF(ဟားခါး)က ပြောသည်။
ထို့ပြင် ဟားခါးမြို့တွင် မေလ ၂၀ ရက်နေ့မှ စ၍ ည ၁၀ နာရီမှ စ၍ မနက် ၅ နာရီအတွင်း ခွင့်ပြုမိန့်တောင်းခံထားသည့် အ ရေးပေါ် လူနာတင်ကားမှအပ ဟားခါး တမြို့နယ်လုံးအတွင်း သွားလာခွင့် ပိတ်ပင်လိုက်ကြောင်း CDF(ဟားခါး)က သတင်း ထုတ်ပြန်ထားသည်။
“ကျနော်တို့က ပြည်သူနဲ့ စစ်သားကို ဘယ်လို ခွဲရမယ်မှန်း မသိဘူး။ သူတို့ လှုပ်ရှားမှုကို သိသာအောင် ကျနော်တို့ လုပ်လိုက်တာ ဖြစ်တယ်”ဟု CDF(ဟားခါး)မှ အဖွဲ့ဝင်တဦးက ပြောသည်။
၎င်းက ဆက်၍ “ကားမောင်းတယ်ဆိုရင်လည်း ကားမှန်တွေ ချထားဖို့၊ မောင်းတဲ့အချိန်မှာ ဘယ်သူလဲ၊ ဘာညာပေါ့နော်။ မောင်းတဲ့သူ ဘယ်သူလဲ သိအောင် လုပ်ထားတယ်။ ပြီးတော့ ဒလန်တွေရဲ့ လှုပ်ရှားမှုတွေကိုလည်း သိသာအောင် လုပ် လိုက်တာ”ဟု ပြောသည်။
ချင်းပြည်နယ်တွင် ဟားခါး၊ မင်းတပ်နှင့် ဖလမ်းမြို့နယ်တို့တွင် စစ်ကောင်စီ လက်နက်ကိုင်တပ်များကို ဒေသခံများက တူမီး သေနတ်များဖြင့် ခုခံတိုက်ခိုက်လျက်ရှိရာ ဟားခါးဒေသ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ စစ်သား ၂၀ ကျော် သေဆုံးခဲ့ပြီ ဖြစ်သည်။
ဟားခါးမြို့တွင် အဖမ်းခံထားရသူများကို မလွှတ်ပေးသဖြင့် မေလ ၂ ရက်နေ့မှ မေလ ၄ ရက်နေ့အထိ ၃ ရက်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့ဖူးပြီး မေလ ၁၇ ရက်နေ့မှ စတင်ကာ ယနေ့အထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။
You may also like these stories:
ဆွေးနွေးပွဲပျက်ပြီးနောက် မင်းတပ်မြို့ကို စစ်ကောင်စီတပ်က အမြောက်နှင့်ပစ်
ကနီမြို့ အထက်ပိုင်း ချင်းတွင်းမြစ်တွင် ရေကြောင်းတိုက်ပွဲ ဖြစ်
မြန်မာပြည်တွင် စစ်ပွဲများ ကျယ်ပြန့်လာနေသည်