အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ မသမာမှု လုပ်ခဲ့သည့် ပုဂ္ဂိုလ်များကို နိုင်ငံတော် သစ္စာဖောက်အနေဖြင့် အရေးယူရန် စဉ်းစား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်ကောင်စီက ဖွဲ့စည်း ထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောဆိုလိုက်သည်။
ယနေ့ မေလ၂၁ ရက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ပြုလုပ်သည့် ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ယခု ရွေးကောက်ပွဲ ကော်မရှင်က မဲစာရင်းများပြန်လည်စစ်ဆေးနေပြီး ထိုသို့စစ်ဆေးရာတွင် ဥပဒေနှင့်မညီဘဲ ပါတီ တခုတည်းက အနိုင်ရအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည့် အချက်များကို တွေ့ရသည်ဟု ၎င်းက ဆိုသည်။
ဦးသိန်းစိုး က “အဲဒီလို ဥပဒေနဲ့မညီ ကြိုတင် ကြံစည်ပြီး ဆောင်ရွက်ခဲ့တဲ့ NLD ပါတီကို ကျနော်တို့ ဘယ်လိုလုပ်မလဲ၊ ပါတီ ကို ဖျက်ပစ်ရမယ်။ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေသည် နိုင်ငံတော် သစ္စာဖောက်အနေနဲ့ အရေးယူရမယ် စဉ်းစား ဆောင်ရွက် ရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
မေလ ၁၅ ရက်က ပြုလုပ်သည့် စစ်ကောင်စီ သတင်းစာ ရှင်းလင်းပွဲတွင်လည်း NLD ပါတီနှင့် ပတ်သက်၍ နိုင်ငံရေးပါတီ များ မှတ်ပုံတင်ခြင်းဥပဒေ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေတို့ပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုထားသည်။
ထိုနေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူတဦးက မဲစာရင်း စစ်ဆေး မှုများမှာ ယခုမေလအတွင်းတွင် ပြီးစီးမည်ဟုလည်း ပြောဆိုထားသည်။
မေလ ၇ ရက်က ပြုလုပ်သည့် စစ်ကောင်စီ သတင်းစာ ရှင်းလင်းပွဲတွင်လည်း သတင်းထုတ်ပြန်ရေး အဖွဲ့ဝင် ဗိုလ်မှူး ကောင်းထက်စံက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းများ စစ်ဆေးနေပြီး ထိုလုပ်ငန်းစဉ်များ အားလုံးပြီး ဆုံး ပြီးနောက် ထွက်ပေါ်လာသည့် ရလဒ်များကိုကြည့်ကာ ယင်းပါတီ၏ ဆက်လက် ရပ်တည်ရေးကို ဆောင်ရွက်သွားရန် ပြောဆိုထားသေးသည်။
NLD ပါတီနှင့် နီးစပ်သည့် တရားလွှတ်တော် ရှေ့နေတဦးကတော့ “အခုလည်း NLD ပါတီ ခေါင်းဆောင်တွေ အကုန်လုံး ဖမ်းထားတာပဲလေ။ မဲနဲ့ ပတ်သက်တာက နိုင်ငံရေး ပါတီတခုကို ဖျက်သိမ်းနိုင်တဲ့ အချက်ထဲမှာ မပါပါဘူး။ ဘယ်လို အခြေ အနေမှာ ပါတီတခုကို ဖျက်သိမ်းရမလဲဆိုတာ ဥပဒေတွေ ပြဋ္ဌာန်းထားတာပဲလေ။ သူတို့လက်ထဲမှာ သူတို့ လုပ်ချင်တာ လုပ်နေ တာက သိပ်ပြီး အရေးတယူ လုပ်စရာတော့ မရှိပါဘူး” ဟု ပြောသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပါတီတခု ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိခြင်း အခန်း၌ တည်ဆဲဥပဒေ တရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်း အပိုဒ်တွင် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၃ ခုတွင် မိမိ ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်ခြင်း၊ တည်ဆဲ ဥပဒေ တရပ်ရပ်အရ မတရား အသင်းအဖြစ် ကြေညာခံရခြင်း၊ နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော နည်းဖြင့်ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်းဖြစ်ကြောင်း တွေ့ရှိခြင်း အစရှိသည့် အချက်များသာ ပါဝင်သည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေဖြင့်၂ မှု၊ ပို့ကုန်/သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် ၁ မှု၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ ဖြင့် ၁ မှု၊ နိုင်ငံတော် အကြည်အ ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် ၁ မှု စုစုပေါင်း အမှု ၅ မှုဖြင့် ရင်ဆိုင်နေရလျက်ရှိသည်။
ထို့ပြင် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံံးတွင်လည်း နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေ ပုဒ်မ (၃) ဖြင့် ယခု ဧပြီလအတွင်းက တရားစွဲတင်ခံထားရသေးသည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် NLD ပါတီသည် စစ်တပ်ကျောထောက် နောက်ခံပေးထားသည့် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည်။
စစ်တပ်က ထိုရလဒ်ကို လက်မခံဘဲ မဲစာရင်းများ မှားယွင်းမှုများ ရှိသည်ဆိုသည့် အကြောင်းပြချက်ဖြင့် အာဏာသိမ်းခဲ့ပြီး NLD ပါတီ၏ ဥက္ကဋ္ဌလည်းဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်း ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီ ထိပ်ပိုင်း ခေါင်းဆောင်များ၊ ပါတီဝင်များကို ဖမ်းဆီးကာ ပုဒ်မ အမျိုးမျိုး တပ်၍ တရားစွဲဆိုထားသည်။
ထို့ပြင် မြန်မာနိုင်ငံအနှံ့အပြားရှိ NLD ပါတီဝင်များ၊ အနိုင်ရ ကိုယ်စားလှယ်များကို လိုက်လံ ဖမ်းဆီးချုပ်နှောင်ခြင်း ဖမ်းဝရမ်း ထုတ်ခြင်းများကို လုပ်ဆောင်လျက် ရှိသည်။
စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတဝှမ်း ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ပြီး စစ်တပ်၏ အကြမ်းဖက် နှိမ်နင်းမှုကြောင့် မေလ ၂၀ ရက်အထိ လူဦးရေ ၈၀၀ ကျော် သေဆုံးခဲ့ရပြီး ဖမ်းဆီးခံထားရသူဦးရေလည်း ၅ ထောင်ကျော်ပြီ ဖြစ်သည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်အမှုတွဲ တရားလွှတ်တော်ချုပ်တောင်းယူ
ဘူးလက်လှဆွေ အမှုကို အာဏာသိမ်း စစ်ကောင်စီ က ပိတ်သိမ်း
ဦးဝင်းထိန်ကို လူကိုယ်တိုင် ရုံးထုတ်၊ ရှေ့နေနှင့် တွေ့ခွင့်ရ
NLD ပါတီဝင် ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့ ရန်ကုန်မြို့တွင် အဖမ်းခံရ