ကမာ္ဘ့ကပ်ရောဂါ ကိုဗစ်-၁၉ နှင့် စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်း မငြိမ်မသက်မှုကြောင့် သီးနှံဈေး ကွက်ပျက်ကာ စီးပွားရေးအရ အထိနာနေခြင်းကြောင့်၂၀၂၀ မိုးရာသီ စိုက်ပျိုးရေးစရိတ် ချေးငွေများကို တောင်သူအများစုက ပြန်မဆပ် နိုင်ကြကြောင်း ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အောက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က လာ မည့် မေလ၂၆ ရက်တွင် ချေးငွေအသစ်များ ထုတ်ပေးမည်ဖြစ်၍ ချေးငွေဟောင်းများကို အကျေ ပြန် ဆပ်ကြရန် မေလ ၁၉ ရက်က ထုတ်ပြန်ထားသည်။
သို့သော်လည်း တောင်သူ အများစုထံသို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ဘက်က ချေးငွေပြန်ဆပ်ရန် အကြောင်းကြား မှုများ မရောက်ရှိသေးကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ မှ တောင်သူတဦးက “အခုချိန်ထိ ချေးငွေကိစ္စနဲ့ ပတ်သက် ဘာမှ မသိရသေးဘူး။ ပြန်ဆပ်ဖို့လည်း လာမပြောဘူး ဘာမှကို မသိရသေးတာ” ဟု ဧရာဝတီသို့ပြောသည်။
လတ်တလောတွင် ဘဏ်များ၌ ငွေပြန်ထုတ်ရာတွင် အခက်အခဲများ ဖြစ်ပေါ်နေခြင်းကို ကြားသိနေရ သည့် အတွက်လည်း ချေးငွေပြန်လည် ပေးဆပ်ပြီးပါက စိုက်ပျိုးစရိတ်ချေးငွေများ ထပ်မံ မရရှိမည်ကို စိုးရိမ်မှုရှိနေကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၀ မိုးရာသီချေးငွေ ပေးဆပ်ရန် ငွေကြေး အခက်အခဲများ ရှိနေသည့် တောင်သူများ အဆင်ပြေစေရေးအတွက် ဟုဆိုကာ ၂၀၂၀ မိုးရာသီ ချေးငွေ နောက်ဆုံးပေးရမည့် ကာလကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်အစား ၂၀၂၁ ဇူလိုင်လ ၃၁ ရက်အထိ တိုးမြှင့်ပေးထားသည်။
လက်ရှိအချိန်တွင် တောင်သူများ အနေဖြင့် ကိုဗစ်ကာလ၌ သယ်ယူပို့ဆောင်ရေး အခက်အခဲများနှင့် သီးနှံဈေးကွက်ပျက်ခြင်းကြောင့် ပြီးခဲ့သည့်နှစ်တွင် တောင်သူအများစုသည် အရှုံးပေါ်နေသည့် အခြေ အနေရှိပြီး ယခုတွင်လည်း နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် လယ်ယာထွက်ကုန်များ ဈေးကောင်းမရ ၍ ထပ်မံ ရင်းနှီး ထွန်ယက်ရန်ကိုပင် ရုန်းကန်နေကြရလျက်ရှိကြောင်း ဧရာဝတီတိုင်း အလန်းတောင်စု ကျေးရွာမှ လယ်သမားတဦးက ဧရာဝတီသို့ပြောသည်။
၎င်းက ဆက်လက်၍ “အခု ဘဏ်တွေမှာ ငွေထုတ်လို့ မရဘူးဆိုတဲ့ အကြောင်းပြပြီး တောင်သူတွေရဲ့ ထွက်ကုန်တွေ ဈေးနှိမ်ခံရတယ်။ အခုက ဈေးကွက်က ပျက်ပြီး ဈေးမရဘူး။ အရင်းအနှီးအတွက် နီးစပ် ရာမှာ ချေးရတဲ့ အခါမှကျတော့ အခုဆိုရင် ငြင်းရတာ ပိုလွယ်သွားတယ်။ ဘဏ်မှာ ပိုက်ဆံထုတ်လို့ မရ လို့ ဆိုပြီးတော့။ ပိုက်ဆံကလည်း လှည့်လို့ မရ တော့ဘူး” ဟု ရှင်းပြသည်။
မြို့ပြများတွင် ကုန်ဈေးနှုန်းများ မြင့်တက်နေသော်လည်း သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ သည် ဈေးကောင်း မရှိသလို စက်သုံးဆီ ဈေးနှုန်းနှင့် သယ်ယူပို့ဆောင်ရေး စရိတ်မြင့်တက်မှုများ ကြောင့်လည်း စရိတ် ပိုမိုကုန်ကျလျက်ရှိ ကြောင်း ရှိသည်။
အဆိုပါ လယ်သမားကဲ့သို့ စစ်ကောင်စီ၏ မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေကို စီးပွားရေး အဆင်မပြေမှု ကြောင့် ပြန်လည် ပေး ဆပ်ရန် အခက်အခဲရှိနေသည့် တောင်သူအများအပြား ရှိသလို စစ်တပ်၏ အာ ဏာသိမ်းမှုကို ဆန့်ကျင်သည့် အနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေများ မပြန်ဆပ်ကြမည့် လယ်သမားများ လည်း ရှိနေကြသည်။
ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကလည်း စစ်အာဏာသိမ်းမှုကြောင့် လယ်သမားများ အပါအဝင် ပြည်သူ လူထုသည် စီးပွားရေးကျပ်တည်းမှုများ ရင်ဆိုင်နေရသဖြင့်၂၀၂၀ စိုက်ပျိုးစရိတ် ချေး ငွေများ ပြန်ဆပ်ရမည့်ကို ၂၀၂၂ အထိ တနှစ်တိတိ ရွှေ့ဆိုင်းပေးလိုက်ကြောင်း ထုတ်ပြန် ကြေညာထား သည်။
“စိုက်ဘဏ် အကြွေးတွေ အတင်း တွန်းတောင်းမယ် ဘာညာဆိုရင် တောင်သူတွေက စိုက်ပျိုးရမယ့် ဘက်မှာ သုံးရမယ့် ငွေတောင် မနည်းရှာရတဲ့ကြားထဲ အဲဒီကြွေးဆပ်ဖို့ ငွေကိုပါ ရှာရမယ်ဆိုရင်၊ ကြွေး ဆပ်ငွေကို ဦးစားပေး ရှာရတဲ့အတွက် စိုက်ပျိုးစရိတ် သုံးငွေတွေဟာ အင်မတန် နည်းသွားရင် စိုက်ပျိုးတဲ့ သီးနှံတွေရဲ့ထွက်နှုန်း အများကြီး ကျသွားနိုင်တယ်” တောင်သူ လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင် က ဧရာဝတီသို့ ပြောသည်။
ကိုဗစ်ကပ်ရောဂါကာလ စီးပွားရေး ကျဆင်းမှုနှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် စီးပွားရေး ခက်ခဲနေ မှုများရှိ၍ စိုက်ပျိုး စရိတ် ချေးငွေများကို တနှစ် ဆိုင်းငံ့ပေးထားရန် အသင်းအနေဖြင့် စစ်ကောင်စီထံသို့ တင်ပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဦးသိန်းအောင်က “အဆိုးဆုံးကတော့ တောင်သူတွေရဲ့ စိုက်ပျိုးလိုမှု၊ ကုန်ထုတ်လုပ်လိုမှု စိတ်ဓာတ်တွေ ကျ ပျက်စီးပြီး ဖြစ်ချင်ရာဖြစ် စိတ်တွေ ဖြစ်သွားရင် တိုင်းပြည်အတွက် ပိုဆိုးသွားနိုင်တယ်” ဟု ပြောဆို သည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် စပါး တဧကလျှင် ၁၅၀,၀၀၀ ကျပ်နှင့် အခြားသီးနှံ တဧက ၅၀,၀၀၀ ကျပ် ထုတ်ချေးပေးပြီး၂၀၂၀ မိုးရာသီ အတွက် ချေးငွေစုစုပေါင်း ကျပ် ၁,၄၇၀ ဘီလီယံခန့် ရှိကြောင်း သိရသည်။
You may also like these stories:
မြန်မာသို့ အကူအညီအားလုံး ရပ်ဆိုင်းနိုင်ကြောင်း ဂျပန် သတိပေး
ရန်ကုန်တွင် တည်ဆောက်မည့် ဂျပန် AEON Mall စီမံကိန်းကို ဆိုင်းငံ့
မြန်မာ့အထည်ချုပ်လုပ်ငန်းများသို့ နာမည်ကျော် ကုမ္ပဏီများ အပ်ထည်အော်ဒါ မှာယူရန် ပြင်ဆင်
စစ်ကောင်စီက YRTA ကို YPTC အဖြစ် ဖွဲ့စည်းပြီးနောက် ခရီးသည်များ ခက်ခဲမှုများ ပိုဖြစ်လာ