ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ ရှိ စစ်ကောင်စီ လက်နက်ကိုင်တပ်များ တပ်စွဲထားသည့် ရဲစခန်းကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF)က ယနေ့နံနက်ပိုင်းက ဝင်ရောက် တိုက်ခိုက်ရာ စစ်သားနှင့် ရဲ စုစုပေါင်း ၂၀ ဦး သေဆုံးသွားခဲ့ ကြောင်း သိရသည်။
စစ်ကောင်စီဘက်မှ စစ်သားနှင့် ရဲ စုစုပေါင်း ၂၀ ဦး ပွဲချင်းပြီး သေဆုံးပြီး အရပ်ဝတ် လက်နက်ကိုင် ၄ ဦးကို အရှင်ဖမ်းမိ ကြောင်း၊ ညနေပိုင်းတွင် စစ်ကောင်စီဘက်မှ အင်အားများ ထပ်မံရောက်ရှိလာကြောင်း ဒေသခံများက ပြောသည်။
“နှစ်နာရီလောက် ကြာတဲ့ တိုက်ပွဲပေါ့နော်။ အခုတော့ ပြီးသွားပြီ။ ကျနော်တို့ဘက်ကလည်း တပ်ပြန်ဖျောက်ထားတယ်။ စစ် ကောင်စီဘက်က အခုလောလောဆယ် စစ်ကူတွေ အများကြီး ရောက်နေပြီ။ အခြေအနေကတော့ တင်းမာနေတယ်။ သူ တို့ဘက်ကလည်း အရှိန်ယူနေတယ်”ဟု PDF အဖွဲ့ဝင်တဦးက ပြောသည်။
မနက် ၉ နာရီကတည်းက တိုက်ပွဲများ စတင်ခဲ့ခြင်း ဖြစ်ပြီး ယခုလို ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရခြင်းမှာ ဒီမော့ဆိုမြို့ တွင် စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပြည်သူများဘက်သို့ တောက်လျှောက်တိုက်ခိုက်နေသဖြင့် တဖက်တွင် ယခုလို ကြွပေးရခြင်း ဖြစ်ကြောင်း သိရသည်။
“ဒီနေ့ ဖြစ်တာ ၃ နေရာ ဖြစ်တယ်။ မိုးဗြဲမှာ ဖြစ်တော့ ဖယ်ခုံဘက်က စစ်ကူတက်လာတဲ့ကားကို ဖယ်ခုံပြည်သူတချို့ က ခံ တိုက်တယ်။ စစ်ကူလာတဲ့ စစ်ကားကို လက်လုပ်မိုင်းနဲ့ ထောင်ခွဲနိုင်တယ်။ ၃ ယောက် ဒဏ်ရာ ပြင်းတယ်လို့ ပြောတယ်။
မိုးဗြဲကို တအားမဖိနိုင်အောင် သူတို့က ဖြတ်တိုက်ပေးတာ”ဟု PDF အဖွဲ့ဝင်တဦးက ပြောသည်။
နောက်တနေရာမှာ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် အစပ်ရှိ ပီးကင်းကော်ခူ၊ ဝှါရီကော်ခူ၊ ကယားဘက်ခြမ်းရှိ ကုန်းသာ ရွာတို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ပြည်သူလည်း တကယ်ခံနေရတာ တွေ့တဲ့အခါကျတော့ တက်ကြွစည်းလုံးတဲ့ လူငယ်တွေ ဦးဆောင်ပြီးတော့ လုပ်ကြတာ ပေါ့။ ပြည်သူတွေအားလုံးက ရရာလက်နက်နဲ့ ဝိုင်းလုပ်ကြတာ။ စုထားတဲ့ လက်နက်တချို့လည်း ရှိတယ်။ အကုန်ဝိုင်းကြ တာပေါ့”ဟု ဖယ်ခုံဒေသခံတဦးက ပြောသည်။
၎င်းက ဆက်၍ “လူငယ်တွေ ပြောတာက ဆန္ဒပြရင်းနဲ့ အဖမ်းခံပြီးတော့ အသေခံရမယ့်အစား ကျနော်တို့ ရရာ လက်နက် ကိုင်တော်လှန်ပြီး အသေခံပြီး အာဇာနည် ဖြစ်ချင်တယ်။ အဲလို အသေခံတိုက်ရင် အာဇာနည်တံဆိပ်ပဲ လိုချင်တယ်လို့ ပြောလာကြတယ်။ သူတို့ကို မလုပ်သေးနဲ့လို့ ဆွဲထားတာ ကြာပြီ”ဟု ပြောသည်။
လက်ရှိတွင် ကယားပြည်နယ် ဒီမော့ဆိုမြို့တွင်လည်း မြို့မ ရဲစခန်းကို PDF အဖွဲ့များက ယနေ့ ညနေပိုင်းတွင် ဝိုင်းဝန်း တိုက်ခိုက် လျက်ရှိပြီး ဒီမော့ဆိုထွေအုပ်ရုံးကိုလည်း မီးရှို့ ပြီး ဖြစ်ကြောင်း ဒေသခံတချို့ က ပြောသည်။
“ဒီည ရဲစခန်းကို အရသိမ်းဖို့ ကြိုးစားနေတာ”ဟု ဒီမော့ဆို PDF အဖွဲ့ဝင်တဦးက ပြောသည်။
ဒီမော့ဆိုမြို့နယ်တွင် ပြီးခဲ့သည့် သုံးရက်အတွင်း ဒေသခံ ၂၀ ခန့် အဖမ်းခံခဲ့ရပြီး တချို့မှာ ပြန်လွတ်လာကြောင်း၊ တချို့ မှာ ပျောက်ဆုံးနေကြောင်း သိရသည်။
ကယားပြည်နယ်ရှိ ဒီမော့ဆို၊ ဖရူဆိုမြို့နယ်များသည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့ဖြစ်သည့် ကရင်နီ အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNPP)၏ ထိန်းချုပ်ဒေသ တခုလည်း ဖြစ်သည်။
You may also like these stories:
ဖာပွန်ခရိုင်ထဲက တပ်စခန်းများကို စစ်ကောင်စီတပ်များ အတိုက်မခံရမီ စွန့်ခွာနေ
ဖာပွန်တွင် စစ်အင်အားတိုးထားဟု BGF ပြော
စစ်စခန်းများ ကျပြီးနောက် စစ်ကောင်စီက ဖာပွန်ခရိုင်အတွင်း ဗုံးကြဲတိုက်ခိုက်နေ