အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် ပြည်သူများအတွက် ဖွဲ့စည်းတည်ထောင်ထားသည့် ပါတီဖြစ်သော ကြောင့် ပြည်သူများ ရှိနေသရွေ့ပါတီလည်း ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ရှေ့နေများက တဆင့် ယနေ့ သတင်းစကား ပါးလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် ကောင်စီဝင်းအတွင်းရှိ အဆောက်အအုံတခုတွင် သီးသန့် တရားရုံးပြုလုပ်၍ ယနေ့ ရုံးထုတ်ခဲ့ပြီး ရှေ့နေများနှင့်လည်း လူချင်းတွေ့ဆုံခွင့် ပေးခဲ့ခြင်း ဖြစ်သည်။
သူမ၏ ရှေ့နေ ဒေါ်မင်းမင်းစိုးက “ပါတီကို ထောင်ထားတာ ပြည်သူတွေအတွက် ထောင်ထားတာ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေ ရှိနေသရွေ့ ပါတီရှိနေမှာပါ လို့ အမေက အဲဒီလို မှာတယ်” ဟု ပြောသည်။
ရုံးချိန်း မစတင်ခင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေ ၅ ဦးတို့ နာရီဝက် သီးသန့်တွေ့ဆုံစေခဲ့ပြီး အမှုကိစ္စများ အတွက် ညွှန်ကြားချက် ရယူနိုင်စေရန် စီစဉ်ပေးခဲ့ကြောင်းနှင့် ၎င်းတို့ တွေ့ဆုံသည့် ထိုအခန်းကို CCTV များ တပ်ဆင်ထား ကြောင်း သိရသည်။
ယနေ့တွင် ခဲရောင်အင်္ကျီကို ဝတ်ဆင်လာသည့် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်လျက်ရှိ ကြောင်း ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေဖြင့်၂ မှု၊ ပို့ကုန်/သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် ၁ မှု၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ဖြင့် ၁ မှု၊ နိုင်ငံတော် အကြည်အညို ပျက်စေ မှု ပုဒ်မ ၅၀၅(ခ) ဖြင့် ၁ မှု စုစုပေါင်း အမှု ၅ မှုဖြင့် ရင်ဆိုင်နေရသည်။
ထို့ပြင် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံံးတွင်လည်း နိုင်ငံတော် လျှို့ဝှက်အက် ဥပဒေ ပုဒ်မ (၃) ဖြင့် ယခု ဧပြီလအတွင်းက တရားစွဲတင်ခံထားပြီး အမှုတွဲကိုမူ ပြည်ထောင်စုတရား လွှတ်တော်ချုပ်က တောင်းယူထားသည်။
စစ်အာဏာသိမ်းပြီးနောက် NLD ပါတီဥက္ကဋ္ဌလည်းဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်သူ ဒေါ်အောင်ဆန်းစု ကြည်ကို ဖမ်းဆီးထားပြီး ယခုအခါတွင် သူမ၏ ပါတီကိုပါ စစ်ကောင်စီက ဖျက်သိမ်းရန် လေသံ ပစ်လာသည်။
NLD ပါတီကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ မသမာမှု လုပ်ခဲ့သည့် ပုဂ္ဂိုလ်များကို နိုင်ငံတော် သစ္စာဖောက်အနေဖြင့် အရေး ယူရန် စဉ်းစား ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီက ခန့်အပ်ပေးထားသည့် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး က မေလ၂၁ ရက်က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် ပြောဆိုထားသေးသည်။
ထို့ပြင် မေလ ၁၅ ရက်က ပြုလုပ်သည့် စစ်ကောင်စီ သတင်းစာ ရှင်းလင်းပွဲတွင်လည်း NLD ပါတီနှင့် ပတ်သက်၍ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေတို့ပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုထားသည်။
မေလ ၇ ရက်က ပြုလုပ်သည့် စစ်ကောင်စီ သတင်းစာ ရှင်းလင်းပွဲတွင်လည်း သတင်းထုတ်ပြန်ရေး အဖွဲ့ဝင် ဗိုလ်မှူး ကောင်းထက်စံက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မဲစာရင်းများ စစ်ဆေးနေပြီး ထိုလုပ်ငန်းစဉ်များ အားလုံးပြီး ဆုံး ပြီးနောက် ထွက်ပေါ်လာသည့် ရလဒ်များကို ကြည့်ကာ ယင်းပါတီ၏ ဆက်လက် ရပ်တည်ရေးကို ဆောင်ရွက်သွားရန် ပြောဆိုထားသေးသည်။
ယခင် နဝတ၊ နအဖ လက်ထက်ကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို စစ်ဗိုလ်ချုပ်များက ဖျက်သိမ်းရန် ကြိုးစားခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ကာ ၂၀၁၅ ရွေးကောက်ပွဲတွင် စစ်ဗိုလ်ချုပ်များ အဆက်ဆက် တည်ထောင်ခဲ့သည့် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို သောင်ပြိုကမ်းပြို အနိုင်ရကာ အစိုးရ ဖွဲ့နိုင်ခဲ့ခြင်းဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် နိုင်ငံနှင့်အဝှမ်းတွင် သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီးနောက် ထိုရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းမှုများ ရှိနေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် စစ်တပ်ကာ အာဏာသိမ်းလိုက်ကာ NLD ပါတီ ခေါင်းဆောင်များ၊ ပါတီဝင်များနှင့် ဝန်းရံသူ အများအပြားကို ဖမ်းဆီးခြင်းများ ပြုလုပ်ထားလျက်ရှိသည်။
NLD ပါတီသည် ၁၉၈၈ စက်တင်ဘာ ၂၇ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ရာခိုင်နှုန်း အများ အပြား အနိုင်ရရှိခဲ့သော်လည်း ထိုစဉ်က နိုင်ငံကို အုပ်ချုပ်နေသည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝ တ) အစိုးရက အသိအမှတ် မပြုခဲ့သဖြင့် အစိုးရ မဖွဲ့ခဲ့ရပေ။
You may also like these stories:
NLD ပါတီကို ဖျက်သိမ်းမည်ဟု စစ်ကောင်စီ ကော်မရှင်ပြော
ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်အမှုတွဲ တရားလွှတ်တော်ချုပ်တောင်းယူ
တပ်ချုပ်နှင့် ဒုတပ်ချုပ်တာဝန်ထမ်းဆောင်ခွင့် အသက် ၆၅ နှစ် ကန့်သတ်ချက် ပယ်ဖျက်