သတင်း

စစ်ကောင်စီကို တပြိုင်တည်း ဝိုင်းတိုက်ခိုက်ရန် ဒီးမော့ဆို PDF တိုက်တွန်း

တောင်ပေါ်ဒေသများတွင် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသကဲ့သို့ တခြားပြည်နယ်နှင့် တိုင်းအသီးသီးမှ ပြည်သူ့ ကာကွယ်ရေးတပ်များ အနေဖြင့်လည်း တပြည်လုံး အတိုင်းအတာအနေဖြင့် တပြိုင်တည်း ဝိုင်းတိုက်ခိုက်ကြရန် တိုက်တွန်း သည်ဟု ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် (PDF) က ဧရာဝတီကို ပြောသည်။

ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်သည် မေ ၂၁ ရက်မှစ၍ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင်း၌ စစ်ကောင်စီနှင့် တိုက်ခိုက်မှု စတင် ဖြစ်ပွားခဲ့သည့်တပ်ဖွဲ့ ဖြစ်သည်။

ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်၏ ပြောရေးဆိုခွင့်ရှိသူ တဦးက “ကျနော်တို့ ဒီဘက်မှာ ရရာလက်နက်နဲ့ စစ်ကောင်စီကို ပစ်ခတ်နေပါတယ်။ တပြည်လုံးအတွက် ချနေတဲ့အချိန်မှာ တချို့နေရာတွေက မချတာရှိတယ်။ ကျနော်တု့ိ ဒီမှာ ချနေပြီဆို ရင် အခြားဒေသတွေကလည်း လိုက်ချပေးဖို့လိုပါတယ်။ ကျနော်တို့ သေတာပဲ ထိုင်ကြည့်နေမှာလား။ အကုန်လုံး ဝိုင်းတိုက် ခိုက်ဖို့ လိုပါပြီ” ဟု ပြောသည်။

အာဏာသိမ်းစစ်ကောင်စီကို စစ်ရေးဖြင့် တန်ပြန်တိုက်ခိုက်ပြီး အစိုးရနေရာမှ ဖြုတ်ချရန်အတွက် တော်လှန်ရေးလူငယ်များ စုစည်းတည်ထောင်ထားသည့် PDF အမည်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို မေ ၅ ရက်တွင် စတင်တည်ထောင် လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာထားသည်။

NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အလယ် ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဟူ၍ စစ်တိုင်း ၅ ခု ဖွဲ့စည်းပြီး အဆိုပါ စစ်တိုင်း အသီးသီးအောက်တွင် ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ် စသည်ဖြင့် တပ်ရင်း၊ တပ်ဖွဲ့များ ဖွဲ့စည်းထားသည်။

ထိုကဲ့သို့ NUG က ကြေညာချက်ထုတ်ပြန်ပြီး နောက်ပိုင်း မေ ၂၁ ရက်တွင် PDF အမည်ဖြင့် စစ်ကောင်စီကို စတင် တိုက် ခိုက်သည်မှာ ကယားပြည်နယ် ဒီးမော့ဆို၊ လွိုင်ကော်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့တွင် ဖြစ်သည်။

သို့သော် ဒီးမော့ဆို၊ လွိုင်ကော်နှင့် ဖယ်ခုံတို့တွင် တိုက်ခိုက်နေသည့် PDF တပ်ဖွဲ့များသည် NUG ၏ လက်နက်ခဲယမ်း အထောက်အပံ့ မရရှိဘဲ ၎င်းတို့ကိုယ်တိုင် ရှာဖွေစုဆောင်းထားသည့် လက်နက်ခဲယမ်းများဖြင့် တိုက်ခိုက်နေခြင်း ဖြစ်သည် ဟု ဒီးမော့ဆို PDF အဖွဲ့က ပြောသည်။

PDF အဖွဲ့ဝင်တဦးက “စစ်ရေးက ဒီမှာတော်တော်တင်းမာနေတဲ့ အနေအထားရှိတယ်။ သူတို့ဘက်က လေယာဉ်တွေ တင့် ကားတွေပါ သုံးလာတယ်။ ကျနော်တို့ ဘက်ကလည်း လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းဖို့ ရှိတယ်။ NUG ကို လည်း ပြောချင်တာ စာပဲထိုင်ထုတ်မနေဘဲ ကျနော်တို့ကို လိုအပ်တာတွေ ထုတ်ပေးဖို့ မြန်မြန် လုပ်ပေးစေချင်တယ်” ဟု ပြောဆိုသည်။

ဒီးမော့ဆို လွိုင်ကော်နှင့် ဖယ်ခုံတို့တွင် ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်၊ လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်၊ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ် (KPDF) များက ၎င်းတို့လှုပ်ရှားသည့် ဒေသအလိုက် ဖြန့်ကျက်ကာ စစ်ကောင်စီကို တိုက်ခိုက် လျက် ရှိသည်။

ကယားပြည်နယ် အခြေစိုက် တိုးတတ်သောကရင်နီပြည်သူ့အင်အားစု (PKPF) ကလည်း “အခြား တိုင်းနဲ့ပြည်နယ် အမြန် ထကြွပေးကြပါ။ ကရင်နီပြည်နယ် အခြေအနေ အခုက ဒီးမော့ဆိုပဲ စစ်ပွဲဖြစ်နေတာ မဟုတ်ဘူး။ တပြည်နယ်လုံးပါ။ နေ့ည မပြတ် ဗုံးသံ၊ သေနတ်သံတွေပဲ” ဟု ၎င်းတို့၏ သတင်းနှင့်ပြန်ကြားရေး လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ကယားပြည်နယ်အတွင်း စစ်ကောင်စီကို တိုက်နေသည့် တပ်ဖွဲ့များသည် လက်နက်ခဲယမ်း အပြည့်အစုံရှိ၍ တိုက်နေခြင်း မဟုတ်ဘဲ ရရာလက်နက်ဖြင့် တိုက်ခိုက်နေခြင်းဖြစ်ရာ အခြားဒေသမှ စစ်ကောင်စီကို တော်လှန်နေသူများကလည်း လက် နက် မရှိဟု အကြောင်းမပြဘဲ တပြိုင်တည်း ဝိုင်းတိုက်ခိုက်ရန် တောင်းဆိုသည်ဟုလည်း PKPF က ဆိုသည်။

ဒီးမော့ဆို၊ လွိုင်ကော်နှင့် ဖယ်ခုံမြို့နယ်တို့တွင် အခြေစိုက်လှုပ်ရှားသည့် PDF တပ်ဖွဲ့များနှင့် စစ်ကောင်စီကြား စစ်ရေး တင်းမာနေဆဲ ဖြစ်ပြီး စစ်ကောင်စီဘက်က ရဟတ်ယာဉ်များဖြင့် မြို့များပေါ်တွင် ပျံဝဲနေခြင်း၊ တင့်ကားများဖြင့် ကင်းလှည့် သွားလာနေခြင်းများ ပြုလုပ်လျက်ရှိသည်။

ယနေ့ (မေ ၂၄ ရက်) အခြေအနေမှာ နှစ်ဖက်ထိပ်တိုက် ပစ်ခတ်မှုများ မရှိသေးသော်လည်း ဒီးမော့ဆိုမြို့ ပတ်ဝန်းကျင်သို့ စစ်ကောင်စီဘက်မှ လက်နက်ကြီးများ ၁၀ ကြိမ်ခန့် ပစ်ခတ်ထားသည်ဟု ဒေသခံများနှင့် ဒီးမော့ဆို PDF အဖွဲ့ဝင်များ က ပြောသည်။

ဒီးမော့ဆိုမြို့နယ်တွင် ယနေ့ နံနက် ၇ နာရီဝန်းကျင်ကလည်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနရုံး အပါ အဝင် အစိုးရဌာနဆိုင်ရာ အဆောက်အအုံ ၅ ခုခန့် မီးလောင်ပျက်ဆီးသွားခဲ့သည်။

ထိုဌာနဆိုင်ရာ အဆောက်အဦများ မီးလောင်ခြင်းနှင့် ပတ်သက်၍ အဆိုပါ ရုံးများသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မပြုလုပ်သည့် ရုံးများဖြစ်သဖြင့် မီးရှို့ဖျက်ဆီးလိုက်ခြင်း ဖြစ်ကြောင်း KPDF က သတင်းထုတ်ပြန်ထားသည်။

လွိုင်ကော်မြို့တွင်း လမ်းမများပေါ်တွင် စစ်ကောင်စီတပ်များက လှည့်လည်နေပြီး လွိုင်ကော် PDF ဘက်ကလည်း စစ်ကောင်စီတပ်များ အလွယ်တကူ မသွားလာနိုင်စေရန် လမ်းမများပေါ်တွင် အတားအဆီးများ ပြုလုပ်ထားကြောင်း သိရ သည်။

မေ ၂၃ ရက်တွင် လွိုင်ကော်မြို့အတွင်းရှိ မိုင်းလုံးရပ်ကွက်၌ စစ်ကောင်စီတပ်များနှင့် လွိုင်ကော် PDF တပ်ဖွဲ့များကြား တိုက် ခိုက်မှုများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။

ထို့အတူ လွိုင်ကော်နှင့် နယ်မြေထိစပ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင်လည်း ယမန်နေ့က စစ်ကောင်စီ တပ်နှင့် PDF တပ်ဖွ့ဲများကြား ၄ နာရီကြာ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး PDF ဘက်က မိုးဗြဲနယ်မြေရဲစခန်းကို သိမ်း ပိုက်နိုင်ခဲ့သည်။

စစ်ကောင်စီဘက်က လွိုင်ကော်နှင့် ဖယ်ခုံမြို့နယ် နှစ်ခုကြား နယ်မြေထိစပ်နေသည့် ဧရိယာဝန်းကျင်ကို မေ ၂၃ ရက်၊ ည ၁၂ နာရီဝန်းကျင်မှ မေ ၂၄ ရက်၊ နံနက် ၂ နာရီဝန်းကျင်အထိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

အဆိုပါ ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည် ၁ လုံးသည် လွိုင်ကော်မြို့နယ်၊ ကယန်းသာယာ(တောင်) ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘုရားကျောင်းဝန်း အတွင်းသို့ ကျကာ အရပ်သား ၄ ဦး သေဆုံးခဲ့သည်။

ကယန်းသာယာ (မြောက်) ကျေးရွာမှ ဒေသခံတဦးက “လက်နက်ကြီးကျတဲ့ ကယန်းသာယာ(တောင်) ရွာက လူဦး ရေ ထောင်ချီနေတယ်။ ကျမတို့ ကြားတာက ဒီတိုက်ပွဲတွေကြောင့် သူတို့ကြောက်လို့ ဘေးကင်းမယ်ထင်ပြီး ဘုရားကျောင်း မှာ ခိုလှုံတာ။ အဲဒီမှာ ဘုရားကျောင်းမှာ လက်နက်ကြီးက တည့်တည့်ကျတာပဲ။ ဘုရားရှိခိုးဆောင်လည်း တော်တော် ပျက် စီးသွားတယ်” ဟု ပြောသည်။

ကယန်းသာယာ (တောင်) ကျေးရွာမှ ဒေသခံများ အပါအဝင် လွိုင်ကော်နှင့် ဖယ်ခုံမြို့နယ်တို့အတွင်း တိုက်ပွဲဖြစ်ပွားနေ သည့် နယ်မြေတလျှောက်ရှိ ကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ကြား သိရသော်လည်း ၎င်းတို့၏ အခြေအနေကို ဧရာဝတီက ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါ။

ပြီးခဲ့သည့် မေ ၂၀ ရက်က ဒီးမော့ဆိုမြို့နယ်တွင် CDM လုပ်နေသည့် ဝန်ထမ်း ၄ ဦး အပါအဝင် အရပ်သား ၁၂ ဦး ကို ကျေးရွာနှင့်ရပ်ကွက်များအတွင်း စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး မေ ၂၁ ရက်တွင်လည်း ထပ်မံဖမ်းဆီးရန် ကြိုး ပမ်းရာမှ ကယား (ကရင်နီ)ပြည်နယ်အတွင်း တိုက်ပွဲများ စတင်လာခဲ့ခြင်း ဖြစ်သည်။

You may also like these stories:

မိုးဗြဲ ရဲစခန်းကို PDF က ဝင်တိုက်၊ စစ်ကောင်စီဘက်မှ လက်နက်ကိုင် ၂၀ ဦး သေဆုံး

Loading