ယခင်ကတည်းက လူသစ်ရရှိရန် အခက်အခဲများ ရှိခဲ့သည့် မြန်မာ့တပ်မတော်သည် နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် ပြည်သူလူထု၏ ထောက်ခံမှု တဟုန်ထိုး ကျဆင်းလျက်ရှိရာ တပ်သားသစ် ရရှိရန် ပိုမိုခက်ခဲသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
တပ်ရင်း၊ တပ်ဖွဲ့ အလိုက် ဖွဲ့စည်းပုံ အင်အားရှိရာ ရရှိသည့် အင်အားနှင့် ပြုန်းတီးအင်အား နှစ်မျိုးတွင် လက်ရှိ စစ်ကောင်စီတပ်များတွင် ပြုန်းတီးအင်အားက ရရှိသည့် အင်အားထက် အဆမတန် ပိုနေကြောင်း တပ်မတော်နှင့် နီးစပ်သူများက ပြောသည်။
တပ်ထဲတွင် တိုက်ပွဲကျခြင်း၊ ရောဂါကြောင့် ထွက်ရခြင်း၊ သေဆုံးခြင်း၊ တပ်ပြေးဖြစ်ခြင်း၊ ပြစ်မှုကြောင်းအရ ထောင်ကျခြင်း စသည့် ပြုန်းတီးအင်အားစာရင်းက ပိုမိုများပြားနေချိန်တွင် လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် မြန်မာစစ်တပ်သည် အင်အားချည့်နဲ့မှုနှင့် ရင်ဆိုင်ရတော့မည်ဟု အမည်မဖော်လိုသော တပ်မတော် အရာရှိဟောင်းတဦးက သုံးသပ်သည်။
“အခုဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေ အပြောင်းအလဲတွေနဲ့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး အခြေအနေတွေက အနုတ်လက္ခဏာ ဆောင်လာတဲ့အခါကျတော့ အဲဒါတွေရဲ့ ရိုက်ခတ်မှုက ပိုကြီးလာတယ်။ အခုအခြေအနေမှာ တော်တော်လေး အခက်အခဲ ရှိမှာ သေချာတယ်”ဟု တပ်မတော် အရာရှိဟောင်းတဦးက ပြောသည်။
ကမ္ဘာပေါ်ရှိ စစ်တပ်များအကြောင်း သုံးသပ်စိစစ်သော Global Firepower ဝက်ဘ်ဆိုက်၏ စာရင်းအရ စစ်တပ်တွင် စစ်သည်ဦးရေ စုစုပေါင်း ၅၁၅၀၀၀ ရှိရာ တိုက်ပွဲဝင်နိုင်သူ ၄၀၃၀၀၀ ရှိကြောင်း သိရသည်။ သို့သော် တိုက်ခိုက်ရေး အရံအင်အားမှာ လုံးဝ မရှိဟု ဆိုထားသည်။
ထို့ကြောင့် စစ်သားများ ရှေ့တန်းထွက်ပါက နောက်တန်းတွင် ကျန်ခဲ့သည့် အမျိုးသမီးများ၊ တပ်မိသားစုဝင်များကို စစ်တပ်၏ အရံအင်အားအဖြစ် စစ်ပညာ သင်ကြားပေးပြီး တပ်ရင်း တပ်ဖွဲ့ များ၏ လုံခြုံရေး ဆောင်ရွက်ခိုင်းခဲ့သည်။ ယခုအခါ တန်းပြည့် စစ်မှုထမ်းခိုင်းသည့် ပုံစံမျိုး တွေ့ရှိလာကြောင်း CDM ပြုလုပ်နေသည့် တပ်အရာရှိတချို့ကလည်း ပြောသည်။
“အားလုံး ရှေ့တန်းထွက်တဲ့အချိန်မှာ တပ်ထဲမှာ ကျန်ခဲ့တဲ့ ရဲမေတွေအနေနဲ့ ကိုယ့်အသက်ကို ကာကွယ်ဖို့ သင်ပေးထားတာရှိတယ်။ နှစ်တိုင်း သင်ပေးတယ်။ အခုလို တန်းပြည့်တာဝန်ပေးတဲ့ ပုံစံမျိုး၊ လုံခြုံရေးပေးတဲ့ ပုံစံမျိုးတော့ အရင်က မရှိခဲ့ဘူး။ အခု ဓာတ်ပုံတွေ တွေ့တယ်။ ဥပဒေအရ သူတို့ကို တန်းပြည့် တာဝန်ပေးလို့ မရဘူး”ဟု CDM ပြုလုပ်နေသည့် တပ်အရာရှိတဦးက ပြောသည်။
ယခုအခါ စစ်မေများ၊ ရဲမေများကို ယူနီဖောင်း အပြည့်အစုံဖြင့် ရန်ကုန်အပါအဝင် မြို့ကြီးတချို့တွင် ငွေကြေးပေးပြီး နေ့စား ပုံစံဖြင့် လုံခြုံရေး ယူခိုင်းနေရခြင်းသည် စစ်ကောင်စီထံတွင် လူအင်အား နည်းပါးလာသည်ကို ပြသသည့် သဘောရောက် ကြောင်း သုံးသပ်ကြသည်။
CDM မလုပ်မီကတည်းက တပ်ထဲတွင် တပ်သားသစ် စုဆောင်း မရသဖြင့် ပြဿနာ တက်နေပြီး တပ်သားသစ်များကို ငွေပေးဝယ်ယူရသည့် အခြေအနေမျိုး ရှိကြောင်း၊ သို့သော် နိုင်ငံရေး အခြေအနေအရ တပ်ထဲတွင် ငွေကြေး လက်ဝယ် ရရှိမှု နည်းပါးနေသဖြင့် တပ်သားသစ်များလည်း မဝယ်ယူနိုင်တော့ကြောင်း DSA အပတ်စဉ် ၅၄ မှ ဗိုလ်ကြီး လင်းထက်အောင်က ပြောသည်။
“လုံခြုံရေး အင်အားတွေ နည်းလာမယ်။ ရှေ့တန်းထွက် အင်အားတွေ နည်းလာမယ်။ နောက်ဆုံးတပ် တည်ဆောက်ရေး လုပ်ငန်းတွေပါ ဆက်မလုပ်ဆောင်နိုင်တော့တဲ့ အခြေအနေတွေ ဖြစ်လာလိမ့်မယ်။ စစ်ပွဲတပွဲတိုက်တယ်ဆိုတာက အရာရှိတွေနဲ့ပဲ တိုက်ရတာ မဟုတ်ဘူး။ အောက်ခြေက အရာရှိစစ်သည်တွေနဲ့ တိုက်ရတာ”ဟု ဗိုလ်ကြီး လင်းထက်အောင် က ပြောသည်။
“စစ်သည်ရဲဘော်တွေနဲ့ တိုက်တာဖြစ်တဲ့အတွက် ဝင်လာတဲ့လူတွေက မရှိဘူး။ ရှိတဲ့လူတွေက အပြင်ကို ထွက်နေကြတယ်။ သူတို့တွေ နောက်ပိုင်းကျရင် စခန်းတွေ ထိန်းသိမ်းနိုင်တာ နည်းပါးလာမယ်။ လုံခြုံရေးပေးနိုင်တာလည်း နည်းပါးလာမယ်”ဟု ၎င်းက ဆက်ပြောသည်။
ထို့ပြင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တပ်မတော် အရာရှိတန်းဖြစ်နိုင်သည့် ဗိုလ်လောင်းသင်တန်းများ ဖြစ်သော တပ်မတော်ကြည်း ဗိုလ်သင်တန်းကျောင်း(OTS) နှင့် စစ်တက္ကသိုလ် ဗိုလ်သင်တန်းကျောင်း(DSA) သို့လည်း တက်ရောက်မည့်သူ မရှိသလောက် ဖြစ်သွားနိုင်နေသည်။
“အကြမ်းဖက် စစ်ခေါင်းဆောင်တွေက ပြည်သူကို ဒီလို ဆက်ဆံနေတော့ DSA တက်လို့ ဖြစ်တာလားဆိုတဲ့ အတွေးတွေလည်း ဝင်နေကြပြီ။ ပြောရရင် ဝမ်းနည်းစရာ ကောင်းပါတယ်။ ကျနော်တို့လည်း DSA ဆင်းခဲ့တာပါ။ မကောင်းတဲ့ ကျောင်းတော်ကြီးတခုလို ဖြစ်သွားပြီ။ အာဏာရှင်တွေကြောင့်ပေါ့”ဟု ဗိုလ်ကြီး လင်းထက်အောင်က ပြောသည်။
မုံရွာမြို့မှ လူငယ်တဦး ဖြစ်သူ ကိုမောင်မောင်က ငယ်စဉ်က စစ်ဗိုလ်ဖြစ်ရန် ဗိုလ်လောင်း ဝင်အရွေးခံရန် စိတ်ဝင်စားခဲ့သော်လည်း ယခုအခါ စစ်တပ်ဘက်ကို မရွေးတော့ဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဘက်တွင် အလုပ်လုပ်ရန် ပိုစိတ်ဝင်စားမိ ကြောင်း ပြောသည်။
“ကျနော်တို့ လူငယ်တွေက သူတို့ဘက်ကို မသွားဘူး။ လျှောက်မယ့်လျှောက်တော့ ပြည်သူ့ ကာကွယ်ရေးဘက်ကနေ လုပ် နေတဲ့ဟာမျိုးတွေကိုပဲ စိတ်ဝင်စားတယ်။ အခုလူငယ်တွေလည်း NUG ဘက်ကိုပဲ ပိုစိတ်ဝင်စားတယ်။ အခုအခြေအနေတွေအရ ပိုဆုံးဖြတ်ရတာ လွယ်သွားတယ်”ဟု ကိုမောင်မောင်က ပြောသည်။
စစ်တပ်၏ လက်သုံးစကားဖြစ်သည့် တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်ဆိုသည့် ဆောင်ပုဒ်ကိုလည်း မြန်မာပြည်သူလူထုက မယုံကြည်ကြတော့ပေ။
ထို့ကြောင့် လက်ရှိ တပ်ထဲတွင် အင်အားချိနဲ့မှာ ပိုဖြစ်လာသဖြင့် စစ်တပ်၏ ထုံးစံအတိုင်း အတင်း အဓမ္မ လူသစ် စုဆောင်း၍ ပေါ်တာဆွဲခြင်းများ လုပ်လာနိုင်ကြောင်း သုံးသပ်ကြသည်။
DSA အပတ်စဉ် ၅၄ မှ ဗိုလ်ကြီး လင်းထက်အောင်က “သူတို့ စစ်မှုထမ်းခိုင်းလည်း ပြည်သူတွေက ဝင်မှာ မဟုတ်ဘူး။ ယူနီဖောင်းမြင်ရင်တောင် ဒီလောက်မုန်းနေတာကိုး။ ကြံ့ခိုင်ရေးတို့ စစ်မှုထမ်းဟောင်းတို့ဆိုတာလည်း လူအိုတွေနဲ့ ဖွဲ့ထားတာ။ လူငယ်တွေ အရမ်းနည်းတယ်။ သူတို့အနေနဲ့လည်း စစ်တပ်ရဲ့ အရန်အင်အား ဖြစ်လာမှာ မဟုတ်ဘူး။ ပြောရရင် အရင်တုန်းက စစ်သားဖြစ်ဖူးတော့ အရန်ဆိုရင်လည်း ဖြစ်လာနိုင်ပေမယ့် သူတို့ ပြည်သူတွေကို မယှဉ်နိုင်ဘူး”ဟု ပြောသည်။
ယခု နွေဦးတော်လှန်ရေး လှုပ်ရှားမှုများကို ပြန်လည် တန်ပြန်တိုက်ဖျက်ရန် ပျူစောထီးဆိုသည့် အဖွဲ့တခု ရေပန်းစား လာသော်လည်း ယင်းအဖွဲ့ ဝင်များသည် စစ်တပ်ကိုထောက်ခံသည့် ရပ်ကွက်လူမိုက်အဆင့်သာ ရှိကြောင်း CDM ပြုလုပ်နေ သည့် တပ်အရာရှိများက သုံးသပ်သည်။
“ရပ်ကွက်တခုမှာ ဒလန်တွေဆိုတာ ရှိတယ်။ ဒီဒလန်တွေကို ပေါင်းစည်းပြီး ဖွဲ့ ပေးလိုက်တာ ပျူစောထီးပဲ။ တပ်ရဲ့ အရန် အင်အားဆိုတာလောက် မဟုတ်ဘူး။ ပျူစောထီးဆိုတဲ့ကောင်တွေကလည်း အဲလောက်အထိ စွမ်းဆောင်ရည် မရှိဘူး။ ယုတ်မာတဲ့နည်းလမ်းတွေနဲ့ပဲ လူတွေကို ဒုက္ခပေးနိုင်တဲ့အဆင့်ပါ”ဟု ၎င်းတို့က ပြောသည်။
၁၉၈၈ ခူ့နစ် ရှစ်လေးလုံး လူထုဒီမိုကရေစီရေးအုံကြွမှုကြီးကို စစ်တပ်က ရက်စက်စွာ သွေးထွက်သံယို မနှိမ်နင်းမီကာလကမူ တပ်မတော်သို့ ဝင်ရောက်သူ များပြားခဲ့ပြီး ထိုစဉ်က စစ်သားစုဆောင်းရေး တပ်များက ဆန္ဒအလျှောက် ဝင်လာသူများကို စိစစ်လက်ခံပြီး သင်တန်းကျောင်းများသို့ ပို့ပေးခဲ့ကြောင်း တပ်မတော် အရာရှိဟောင်းတဦးက ပြောပြသည်။
၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် စစ်တပ်ထဲသို့ ဝင်ရောက်လိုသူ နည်းပါးလာပြီး စစ်သားစုဆောင်းရေး တပ်များကို မြို့ ကြီးများတွင် အထိုင်ချထားရာမှ မြို့ တိုင်းသို့ အဖွဲ့ ခွဲကလေးများခွဲ၍ စေလွှတ်ရကြောင်း၊ တိုင်းမှူးများကလည်း နယ်ဘက်အုပ်ချုပ်ရေး အဆင့်ဆင့်သို့ တပ်သားသစ် ရရှိရန် စုဆောင်းခိုင်းကြောင်း၊ တပ်ရင်းတိုင်းကိုလည်း တပ်သားသစ်ရရှိရန် စစ်ဆင်ရေး တရပ်အနေဖြင့် ပြုလုပ်ခိုင်းခဲ့သည်။
“အဲလိုနဲ့ တပ်သားသစ်နဲ့ ပတ်သက်လို့ ငွေကြေးပေါက်ဈေးတွေ ရှိလာတယ်။ သိန်းခုဂဏန်းက ဆယ်ဂဏန်းအထိ ရှိလာတယ်”ဟု တပ်မတော် အရာရှိဟောင်းတဦးက ပြောသည်။
ထို့နောက် တပ်သားသစ်စုဆောင်းရာတွင် အသက်မပြည့်သည့် ကလေးငယ်များကိုပါ ထည့်သွင်းလက်ခံလာသောကြောင့် နိုင်ငံတကာအဖွဲ့အစည်းများက ဝိုင်းရှုတ်ချခံရဖူးသည်။
မြန်မာနိုင်ငံတွင် ကလေးစစ်သားဦးရေမှာ၂၀၀၁ ခုနှစ်က ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အဖွဲ့က ပြုလုပ်ခဲ့သည့် Child Solider Global Report 2001 အရ ၅ သောင်းခန့် ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
သို့သော် မြန်မာ့နိုင်ငံရေး အပြောင်းအလဲများ ပြုလုပ်လာချိန် ၂၀၁၂ ခုနှစ်တွင် လက်နက်ကိုင် တပ်ဖွဲ့များအတွင်း ကလေးများကို အသုံးပြုမှုနှင့် တပ်သားသစ် စုဆောင်းမှု အဆုံးသတ်ရေး ပူးတွဲလုပ်ငန်း စီမံချက်တရပ်ကို မြန်မာတပ်မတော်နှင့် အစိုးရတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။ ထို့နောက် ကလေးစစ်သား ထောင်နှင့်ချီပြီး စစ်တပ်က အိမ်ပြန်ပို့ခဲ့သည်။
စက်တင်ဘာ ၂၇ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်၌ ပြုလုပ်သော ၂၀၁၉ အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများ ချုပ်ဆိုပွဲ အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက်ခဲ့ပြီး လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုနှင့် စပ်လျဉ်း၍ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲ အခြေပြစာချုပ် (CRC-OPAC) ကို မြန်မာနိုင်ငံက ပါဝင် လက်မှတ် ရေးထိုး ခဲ့သည်။
အဆိုပါ စာချုပ်အရ တပ်မတော် အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့ အားလုံးသည် အသက် ၁၈ နှစ်အောက် ကလေးများကို စစ်သားအဖြစ် အသုံးမပြုရ၊ အတင်းအကျပ် စေခိုင်းခြင်းမျိုး ဖြစ်စေ၊ မိမိသဘောဆန္ဒအရ ဝင်ခြင်းမျိုးဖြစ်စေ တားဆီးရမည် ဖြစ်သည်။
You may also like these stories:
ဗိုလ်ချုပ်မှူးကြီး၏ သမ္မတအိပ်မက်က အဖြစ်ဆိုးများသာ သယ်ဆောင်လာသည်
တပ်ချုပ်နှင့် ဒုတပ်ချုပ်တာဝန်ထမ်းဆောင်ခွင့် အသက် ၆၅ နှစ် ကန့်သတ်ချက် ပယ်ဖျက်
လေတပ်မှ အရာရှိ၊ စစ်သည် ၈၀ ကျော် အာဏာသိမ်း စစ်တပ်ကို စွန့်ခွာ
မြန်မာပြည်တွင် စစ်ပွဲများ ကျယ်ပြန့်လာနေသည်
ကလေးစစ်သား အသုံးမပြုရေး ကွန်ဗင်းရှင်းစာချုပ်ကို မြန်မာ လက်မှတ်ထိုး