တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ အထက်တန်းကျောင်း ၂ ကျောင်း နှင့် မူလတန်းလွန်ကျောင်း ၁ ကျောင်းတွင် ဗုံးပေါက်ခြင်း နှင့် မီးလောင်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မေ ၂၄ ရက်နေ့ ညပိုင်းတွင် ထားဝယ်မြို့၊ ကမြောကင်း အထက်တန်းကျောင်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ စာသင်ကျောင်း တခုလုံးနီးပါး မီးလောင်ကျွမ်းခဲ့ကြောင်း၊ အ.ထ. က (၆) ထားဝယ်နှင့် ဇရစ်ရပ်ကွက်ရှိ မူလတန်းလွန် ကျောင်းတို့တွင်လည်း ဗုံးပေါက်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဒေသခံတဦးက “ထားဝယ်မြို့ရဲ့ အ.ထ.က ၆ က ဗုံးပစ်ခံရတယ်။ သတင်းပေးလုပ်နေတဲ့ Non CDM ကျောင်းအုပ် ဆရာမ ကြီး ရုံးခန်းကို ပစ်တာဆိုပေမယ့် ရုံးအောက်ကိုပဲထိပြီး ပေါက်ကွဲသွားပါတယ်။ အဲဒီ အချိန်နဲ့ သိပ်မကွာတဲ့ အချိန်မှာပဲ မူလ တန်းလွန်ကျောင်းလည်း ဗုံးပစ်ခံရပါတယ်။ လူထိခိုက်တာတော့မရှိပါဘူး” ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက ယင်းနေ့ ည ၁၀ နာရီခွဲခန့်တွင် ထားဝယ် မောင်းမကန်လမ်းမကြီးပေါ် တည်ရှိသည့် ကမြောကင်း အထက်တန်းကျောင်း မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟုလည်း အတည်ပြု ပြောဆိုသည်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်ပိုင်း စစ်ကား ၄ စီးဖြင့် လမ်းသွားလမ်းလာများအား စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အ.ထ.က (၆) ကျောင်းအုပ်ဆရာမကြီးကိုလည်း စစ်ကောင်စီမှ လာရောက် ကင်းစောင့်ပေးခဲ့ကြောင်း သိရ သည်။
“ကမြောကင်းကျောင်းက Non CDM တွေက ကျောင်းအပ်လက်ခံနေတာ။ မနေ့တုန်းကလည်း တော်တော်များတယ် ပြော တယ်။ အတိအကျတော့ မသိရဘူး။ ညကျတော့ အဲဒီကျောင်းတွေ မီးလောင်တာ။ ဒီနေ့ တယောက်မှတော့ မမြင်ရဘူး” ဟု ဒေသခံတဦးက ပြောသည်။
ယမန်နေ့ ညပိုင်းက စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့မင်းရွာ အ.လ.ကခွဲ စာသင်ကျောင်းတွင်လည်း ဗုံး ၃ လုံး ပေါက် ကွဲခဲ့ပြီး ယနေ့ (မေ ၂၅ ရက်) နံနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ အမှတ် (၁၃) အခြေခံပညာ အထက်တန်း ကျောင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
စစ်ကောင်စီက အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့တွင် ဖွင့်လှစ်မည်ဟု ကြေညာထားပြီး မေလ ၂၄ ရက်နေ့မှ စတင်ကာ ကျောင်းအပ်လက်ခံနေခြင်း ဖြစ်သည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေသည့် နိုင်ငံတဝှမ်းမှ ပြည်သူများက စစ်အာဏာရှင်လက်အောက် ကျောင်းမတက်ရေး နှင့် စစ်ကျွန်ပညာရေးကို အလိုမရှိကြောင်း နေ့စဉ် နည်းမျိုးစုံဖြင့် ကန့်ကွက်ဆန္ဒပြလျက် ရှိသည်။
You may also like these stories:
ဆွေးနွေးပွဲပျက်ပြီးနောက် မင်းတပ်မြို့ကို စစ်ကောင်စီတပ်က အမြောက်နှင့်ပစ်
ကနီမြို့ အထက်ပိုင်း ချင်းတွင်းမြစ်တွင် ရေကြောင်းတိုက်ပွဲ ဖြစ်
မြန်မာပြည်တွင် စစ်ပွဲများ ကျယ်ပြန့်လာနေသည်