စစ်ကောင်စီ ပြည်ထဲရေး ဒုဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သန်းလှိုင်၏ ညီအရင်းဖြစ်သူ ကိုမဲကြီး(ခ) ကိုစိုးမိုးလှိုင်မှာ ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးတွင် မေလ ၂၄ ရက် ညပိုင်းက သေဆုံးခဲ့ရကြောင်း မိသားစုဝင်တဦးက ပြောသည်။
ကိုမဲကြီးသည် ပဲခူးမြို့ ဘုရားကြီးရွာ ဇောင်းတူတွင် မေလ ၂၂ ရက်က ဖမ်းဆီးခံရပြီးနောက် မေလ၂၄ ရက် ညပိုင်း တွင် သေဆုံးခဲ့သည့်အတွက် အလောင်းအား လာယူရန် စစ်ကောင်စီဘက်က မိသားစုထံ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
ကိုမဲကြီး၏ မိသားစုဝင်တဦးက “ညတုန်းက သူ့မိန်းမဆီ အလောင်း လာထုတ်ဖို့ ဖုန်းဆက်ပြောလို့ အခု မင်္ဂလာဒုံ စစ်ဆေးရုံကို ရောက်နေကြတယ်၊ အခု မထုတ်ပေးတော့ဘဲ သူတို့အစီအစဉ်နဲ့ သင်္ဂြိုဟ်ပေးမယ်။ မိသားစုဝင်တွေ ကိုတော့ ဝင်ခွင့်ပေးမယ်လို့လည်း ပြောနေတယ်၊ အခုထိတော့ ကြည့်ခွင့် မရသေးဘူး၊ မိသားစုတွေကတော့ စောင့် နေတုန်းပဲ” ဟု ပြောသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်သည် စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၂ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရဲချုပ်အဖြစ် ခန့်အပ်ခံရသူဖြစ်ပြီး ယခု သေဆုံးခဲ့ရသည့် ကိုစိုးမိုးလှိုင်မှာ ၎င်း၏ညီအရင်းဖြစ် ကြောင်း ABSDF ရဲဘော်ဟောင်းနှင့် နိုင်ငံရေး အကျဉ်းသားဟောင်း တချို့ကလည်း အတည်ပြုသည်။
နိုင်ငံရေး အကျဉ်းသားဟောင်း တဦးက “သူက နောက်ဆုံးအချိန်ထိ သူ့အစ်ကိုဘယ်သူဆိုတာ မပြောခဲ့ပုံရတယ်။ သူက နိုင်ငံရေးယုံကြည်ချက် ပြင်းထန်တဲ့သူ။ သူ့အစ်ကို ဘယ်သူဆိုတာ ပြောခဲ့ရင်တောင် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင် အမိန့်နဲ့ ဒီလိုပဲ လုပ်ရမယ်ဆိုရင် ဘယ်သူမှ၊ ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး။ စစ်ကောင်စီ ထိပ်ပိုင်း ခေါင်းဆောင်ရဲ့ အမျိုးအဆွေပင်ဖြစ်လင့်ကစား လုံခြုံရေး ကင်းမဲ့နေတယ်။ ဒီကောင်တွေက လူမဟုတ်ဘူး” ဟု ပြောသည်။
ကိုမဲကြီးသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) တပ်ရင်း ၁၀၂ (ဘုရား သုံးဆူ) တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တဦးဖြစ်ပြီး ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်လာပြီးနောက် ၁၉၉၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆုရရှိခြင်းအပေါ် ထောက်ခံဆန္ဒပြရာတွင် ပါဝင် သည့်အတွက် ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးလည်းဖြစ်သည်။
ယင်းပြင် ကိုမဲကြီး အနေဖြင့် ဘုရားကြီး ဝင်္ဂဘော် နိုင်/ကျဉ်း ပညာရေးကွန်ရက် တည်ထောင်ခဲ့သည့်အပြင် ကလေးငယ်များအတွက် ပညာဒါနများပြုလုပ်ပေးနေသူတဦးလည်းဖြစ်သည်။
၎င်း၏ အစ်ကိုဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်မှာမူ စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ် ဖော်ခဲ့ကြသည့် ပြည်သူများအား စစ်ကောင်စီတပ်များက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူအများအပြား သေဆုံးရမှုတွင် တာဝန်ရှိသည် ဟုဆိုကာ အမေရိကန်နှင့် ဗြိတိန်အစိုးရတို့က ပိတ်ဆို့အရေးယူမှုများ ခံထားရသူ တဦးဖြစ်သည်။
နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၏ ထုတ်ပြန်ချက်အရ အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မေလ ၂၄ ရက်အထိ စစ်ကောင်စီတပ်နှင့် ရဲများ၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ပြည်သူ ၈၂၄ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
You may also like these stories:
ဖမ်းဆီးခံများ၏ ကြွယ်၀သော မိဘများထံမှ စစ်ကောင်စီ ငွေညှစ်နေ
အာဏာသိမ်း စစ်ကောင်စီလက်ထက် နိုင်ငံရေးအကျဉ်းသားများ
တလုပ်မြို့၌ ဖမ်းခံရသည့် ကျောင်းသား စစ်ကြောရေးတွင် ညတွင်းချင်း သေဆုံး