သတင်း

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ CDM ဝန်ထမ်း ၁၈၁ ဦး ထုတ်ပယ်ခံရ

Want create site? Find Free WordPress Themes and plugins.

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်သူများအနက် ဝန်ထမ်း ၁၈၁ ဦး ရာထူးမှ ထုတ်ပယ်ခံရကြောင်း သိရသည်။

ရာထူးမှ ရပ်ဆိုင်း၊ ထုတ်ပယ်သည့် စာများကို တပြိုင်တည်း ထုတ်ပြန်ခြင်း မဟုတ်ဘဲ၊ အနည်းငယ်ခန့်သာ ထွက်လာသေး ကြောင်း၊ ထွက်လာသည့် ရုံးအမိန့်စာတွင် လုံလောက်သော အကြောင်းပြချက် မရှိဘဲ အလုပ်ခွင် တာဝန်ချိန် ပျက်ကွက် ခြင်း၊ ခွင့်စည်းကမ်းများကို ဖောက်ဖျက်၍ ခွင့်မဲ့ပျက်ကွက်ခြင်း၊ အမိန့်/ ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း တို့ကြောင့်ဟု ဆိုထားသည်။

ရာထူးမှ ထုတ်ခံရသည့် တံတားဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ (၄) ဝန်ထမ်းတဦးက “ဝန်ကြီးဌာန တခုလုံး အနေနဲ့ ၁၈၁ ဦးပဲ ရပ်ဆိုင်း၊ ထုတ်ပယ်သေးတာ။ CDM လုပ်တဲ့သူက လုပ်တယ်။ ဒါပေမယ့် ရုံးတွေ ပြန်တက်တဲ့သူက တက်နေကြ ပြီ။ ဝန်ကြီးဌာနတခုလုံး အနေနဲ့ပြောရင် တခြားဝန်ကြီးဌာနတွေ ထက်စာရင် အရမ်းနည်းတယ်။ နေပြည်တော် ရုံးချုပ်မှာဆို အရမ်းကို နည်းပါတယ်။ CDM လုပ်တဲ့ရာခိုင်နှုန်းက ၁၀ ရာခိုင် နှုန်းလောက်တောင် မရှိဘူးလို့ ပြောလို့ရတယ်” ဟု ဆို သည်။

မူလက ရာထူးမှ ထုတ်ပယ်ခံရသူ စာရင်းမှာ ၁၈၄ ဦးဖြစ်ပြီး ၃ ဦးမှာ လုပ်ငန်းခွင် ပြန်ဝင်ခဲ့သည့်အတွက် ၁၈၁ ဦးသာ ကျန် တော့ကြောင်း၊ ထပ်မံတိုးလာနိုင်ဖွယ် ရှိသော်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာန တခုလုံး အနေဖြင့် CDM ပြုလုပ်သူ အလွန်နည်းကြောင်း၊ ယခု စာမထွက်မီ သက်ဆိုင်ရာဌာနများမှ ဖုန်းဖြင့်ဆက်သွယ်ကာ ရုံးပြန်တက်ရန် အနုနည်းဖြင့် စည်းရုံးမှုများလည်း ရှိကြောင်း သိရသည်။

“ဆောက်လုပ်ရေးဝန်ကြီးဌာနက ခေတ်အဆက်ဆက်ကတည်းက အထက်လူကြီးကို အရမ်းကြောက်ရတယ်။ အထက်လူ ကြီးတွေ CDM မလုပ်တာက အဓိကပဲ။ Non CDM တွေက မဝင်လာဘဲ CDM သမားကနေ Non ဖြစ်သွားတာတော့ ဝမ်း နည်းဖို့ ကောင်းတယ်။ အထက်လူကြီးတွေရဲ့ အကျပ်ကိုင်တာ၊ ခြိမ်းခြောက်တာတွေကြောင့် CDM ၃ လလောက် လုပ်ခဲ့ပြီးမှ မိသားစု စားဝတ်နေရေး အခက်အခဲလည်း ပါတာပေါ့လေ။ Non ဖြစ်ပြီး ရုံးပြန်တက်နေတာတွေ ရှိတယ်” ဟု CDM ဝန် ထမ်းတဦးက ပြောသည်။

ထိုကဲ့သို့ ထုတ်ပယ်ခံရသူများအနက် ဒုညွှန်မှူးမှစ၍ အငယ်တန်းစာရေး၊ စာရင်းကိုင်၊ အငယ်တန်း အင်ဂျင်နီယာအထိ ပါဝင်သော်လည်း ရာထူးအကြီးပိုင်းမှ ပုဂ္ဂိုလ်များ မပါဝင်ကြောင်း၊ အမြဲတမ်းဝန်ထမ်း မဖြစ်သေးသည့် CDM ပြုလုပ်သော အင်ဂျင်နီယာအကူနှင့် စာရင်းကိုင် ၄၀၀ ခန့်မှာလည်း အလုပ်ပြုတ်သွားပြီ ဖြစ်ကြောင်း CDM ၎င်းက ပြောဆိုသည်။

၎င်းက “ထုတ်ပယ်ခံရသူတွေထဲ အရာရှိ တော်တော်နည်းပါတယ်။ ဒုညွှန်မှူး တယောက်နှစ်ယောက်လောက်ပဲ ပါတာ။ အငယ်တွေက ပိုများတယ်။ နေ့စားဝန်ထမ်းတွေကျတော့ တရားဝင် စာထုတ်ပြီး ထုတ်ပယ်လို့ မရပေမယ့် CDM လုပ်ပြီး ပြန်မလာတော့ အလိုလို ပြုတ်သွားတာပေါ့။ ၄ နှစ်ကျော်မှ အမြဲတမ်းဝန်ထမ်းဖြစ်တာ။ တချို့ဆို ၄ နှစ်ပြည့်နေပြီ။ အမြဲတမ်း ဝန်ထမ်း ဖြစ်ကာနီးမှ CDM လုပ်လိုက်တော့ ပြုတ်သွားကြတာ။ နစ်နာပါတယ်” ဟု ရှင်းပြသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် တံတားဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ အဆောက်အဦဌာန၊ မြို့ပြ နှင့် အိမ်ယာဦးစီးဌာန ဟူ၍ ဦးစီးဌာန ၅ ခုရှိပြီး CDM စာရင်း စတင်ကောက်ယူစဉ်က အရေအတွက် ၁၀၀၀ ခန့် ရှိသော် လည်း ယခုအခါ အတော်များများ ရုံးပြန်တက်နေကြပြီဖြစ်ပြီး သက်ဆိုင်ရာ ဦးစီးဌာနများ၏ လုပ်ငန်းများလည်း ပြန်လည် ပတ်နေကြောင်း သိရသည်။

You may also like these stories:

လေတပ်စခန်း ဌာနချုပ်တွေ ဘာကြောင့် အတိုက်ခံနေရလဲ

ယူနီဖောင်းဝတ်ထားတဲ့အချိန် ရွံရှာတဲ့ အကြည့်တွေကို ကျနော်တို့ မခံနိုင်တော့ဘူး

Did you find apk for android? You can find new Free Android Games and apps.
Loading