ကယားပြည်နယ်တွင် ကရင်နီလူငယ်များဖြင့် စုဖွဲ့ထားသည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် စစ်ကောင်စီတပ်များ ကြား ၅ ရက်တာ တိုက်ပွဲဖြစ်ပွားသည့် ကာလအတွင်း အရပ်သား ငါးသောင်းကျော် နေအိမ်များမှ ထွက်ပြေးရကာ စစ်ဘေး ရှောင်နေရသည်ဟု သတင်းရရှိသည်။
ထွက်ပြေးတိမ်းရှောင်နေရသည့် အရပ်သား ငါးသောင်းကျော်သည် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ် နှင့် ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တို့အတွင်းမှ ရွာပေါင်း ၁၅၀ ခန့်မှ ထွက်ပြေးနေသည့် ဒေသခံများ ဖြစ်သည်။
အရပ်သား ငါးသောင်းကျော်ထွက်ပြေးနေရသည့် စာရင်းသည် ကယားပြည်နယ်တွင်း စစ်ဘေးရှောင်ဒုက္ခသည်များကို အကူအညီပေးနေသူများ၊ စစ်ဘေးရှောင် တာဝန်ခံများက ဧရာဝတီကို အတည်ပြု ပြောဆိုခြင်း ဖြစ်သည်။
စစ်ဘေးရှောင်ဒုက္ခသည်များကို အကူအညီပေးနေသူ တဦးက “ပြေးနေတဲ့သူတွေမှာ ခိုလှုံနေတာ နှစ်ပိုင်း ရှိပါတယ်။ ရွာ တွေက လူတွေကတော့ တောတောင်တွေထဲမှာ ထွက်ပြေး တိမ်းရှောင်နေရတယ်။ မြို့ပေါ်က လူတွေကတော့ ဘုရား ကျောင်း၊ ဘိုးဘွားရိပ်သာတွေမှာ အဓိက ခိုလှုံကြတယ်။ ရွာတွေဘက်မှာ မိုးရာသီလည်း ကျလာပြီဆိုတော့ ခိုဖို့ အတွက် မိုးကာတွေ လိုတယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးတွေ အတွက်ဆို ဆေးဝါးတွေ လိုအပ်တယ်” ဟု ပြောသည်။
PDF နှင့် စစ်ကောင်စီကြား တိုက်ပွဲဖြစ်သည့် ကာလအတွင်း တိုက်ခိုက်မှုများမှာ မြို့ပေါ်လမ်းမများ၊ ရပ်ကွက်များတွင် ဖြစ်ပွားခြင်း၊ စစ်ကောင်စီဘက်မှ အရပ်သားများ နေထိုင်သည့် ရပ်ကွက်နှင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီး ကျည်များ ပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံများမှာ ရွာလုံးကျွတ် ပြေးရခြင်း ဖြစ်သည်။

ကယားပြည်နယ်တွင် တိုက်ပွဲစဖြစ်သည့် မေ၂၁ ရက်ကလည်း ဒီးမောဆိုမြို့ပေါ် ရပ်ကွက် တခုဖြစ်သည့် ဒေါငံခါး ရပ်ကွက် တွင် တိုက်ပွဲ စတင်ခဲ့ခြင်း ဖြစ်သည်။
မေ၂၂ ရက်တွင် စစ်ကောင်စီတပ်များ စခန်းထိုင်သည့် ဒီးမော့ဆိုမြို့နယ်၊ ဒေါတဝီကျေးရွာအနီးရှိ ဒေါတဝီဂိတ်ကို PDF ဘက်က စီးနင်းတိုက်ခိုက်ကာ မီးရှို့ဖျက်ဆီးခဲ့သည်။
ဒီးမောဆိုတွင် တိုက်ပွဲစတင်ပြီးနောက်ရက်တွင် လွိုင်ကော်နှင့် ဖယ်ခုံအခြေစိုက် PDF တပ်ဖွဲ့များသည်လည်း စစ်ကောင်စီ တပ်များကို စတင်တိုက်ခိုက်လာကြသည်။
မေ ၂၃ ရက်တွင် လွိုင်ကော်မြို့နယ်နယ်စပ် ဖယ်ခုံမြို့နယ် ဧရိယာအတွင်းရှိ မိုးဗြဲနယ်မြေရဲစခန်းကို ဖယ်ခုံ PDF က သိမ်းပိုက် လိုက်သည်။
မေ ၂၃ ရက် ညပိုင်းတွင် ဖယ်ခုံမြို့နယ်နှင့် လွိုင်ကော်မြို့နယ် အနီးတဝိုက်ကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ် ခတ်ရာ လွိုင်ကော်မြို့နယ် ဧရိယာရှိ ကယန်းသာယာ (တောင်) ကျေးရွာ၊ ခရစ်ယာန်ဘုရား ကျောင်းအတွင်းသို့ လက် နက်ကြီး ကျည်ကျပြီး အရပ်သား ၄ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာ ရရှိထားသည်။
ကယန်းသာယာ (တောင်)ကျေးရွာမှ ဒေသခံများသည် တိုက်ပွဲများ ဖြစ်နေသဖြင့် လုံခြုံစေရန် နေအိမ်များတွင် မနေဘဲ ဘုရားကျောင်းတွင် စုဝေးခိုလှုံနေကြရာ လက်နက်ကြီးကျည်ကျခြင်းကြောင့် ထိခိုက်သေဆုံးသွားကြခြင်း ဖြစ်သည်။

မိုးဗြဲနယ်မြေ ရဲစခန်း တဝိုက်တွင် လှုပ်ရှားနေသည့် PDF အဖွဲ့ကို စစ်ကောင်စီက ပြန်တိုက်ခိုက်ရာတွင် မြေပြင်တိုက်ခိုက် ရေး တပ်များအပြင် လက်နက်ကြီးများကို ပစ်ခတ်သဖြင့် ဖယ်ခုံမြို့နယ်နှင့် လွိုင်ကော်မြို့နယ်တို့အတွင်းမှ ကျေးရွာ ၁၀ ရွာ ကျော်မှာ တောတောင်များအတွင်း ထွက်ပြေးနေရခြင်း ဖြစ်သည်။
ထွက်ပြေးကြရာတွင်လည်း ကယန်းသာယာ (တောင်)၊ ကယန်းသာယာ (မြောက်) ကျေးရွာများက တစု၊ ပီကင်းကော ခူကျေးရွာမှ ဒေသခံများက တစု၊ ကုန်းသာကျေးရွာ၊ ဝါဆောင်ကျေးရွာ၊ ဆောင်ကမ်းကျေးရွာနှင့် ဖယ်ခုံမြို့နယ်ဘက်မှ ထွက်ပြေးလာသူများက တစုစီ တောတောင်များအတွင်း ထွက်ပြေး တိမ်းရှောင်နေကြခြင်း ဖြစ်သည်။
ပီကင်းကောခူရွာ၏ စစ်ဘေးရှောင်ဒုက္ခသည် ကြီးကြပ်ရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူတဦးက “ကျနော်တို့မှာ လူဦး ရေက ၁၅၀၀ ဝန်းကျင်ရှိတယ်။ ပီကင်းကောခူနဲ့ ဟောရီကောခူကျေးရွာက သူတွေပါ။ အစက ကျနော်တို့ ပီကင်းကော ခူမှာပဲ စစ်ဘေးရှောင်စခန်း ဖွင့်လိုက်တာ ပြည်သူ့တပ်ဖွဲ့နဲ့ စစ်ကောင်စီ ပစ်ခတ်မှုဖြစ်တော့ လက်နက်ကြီး ၂ လုံး ကျနော်တို့ စစ်ဘေးရှောင်စခန်းကို ကျတယ်။ ရွာသားတွေရော ဒုက္ခသည်တွေရော အကုန်ထွက်ပြေးလိုက်ရတာ။ အခု ကျနော်တို့ တခြား နောက်တရွာကို ရှောင်ပြေးနေရတာပါ” ဟု ပြောသည်။
ပီကင်းကောခူ စစ်ဘေးရှောင်ဒုက္ခသည်များတွင် စားနပ်ရိက္ခာ အနည်းငယ် ပါလာသော်လည်း ရေရှည်စစ်ဘေးရှောင်ရမည် ဆိုပါက ဆန်နှင့် အခြေခံစားသောက်ကုန်များ၊ ဆေးဝါးနှင့် မိုးဒဏ်လေဒဏ်ခံနိုင်သည့် အမိုးအကာများ လိုအပ်မည်ဟု အဆိုပါ ကြီးကြပ်ရေးကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ကုန်းသာကျေးရွာမှ ဒေသခံတဦးကလည်း လက်ရှိတွင် တောတောင်အတွင်း ၎င်းနှင့်အတူ ပြေးနေသည့် စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ ၂၀၀၀ ကျော် ရှိသည်ဟု ပြောသည်။

ကုန်းသာ ကျေးရွာဒေသခံက “ကျနော်တို့မှာ ဆန်တော့ ပါလာတယ်။ ဒါပေမယ့် ရေရှည်ဆိုရင်တော့ မလောက်ဘူး။ အမိုး အကာတွေ လိုသလို သန့်ရှင်းတဲ့ ရေရဖို့ ဆေးဝါးရဖို့အတွက်လည်း လိုအပ်ပါတယ်”ဟု ပြောသည်။
ဧရာဝတီမှ ဆက်သွယ်မေးမြန်းထားသည့် စစ်ဘေးရှောင်ဒုက္ခသည်စခန်းတာဝန်ခံများ၊ ဒေသခံများသည် ၎င်းတို့ထံတွင် ထွက်ပြေးလာစဉ်က သယ်ဆောင်လာသည့် ဆန်နှင့်ရိက္ခာခြောက်အနည်းငယ် ပါလာကြသော်လည်း စစ်ရေးအခြေအနေ ကြောင့် နေရပ်ရင်းရွာများကို တပတ်အတွင်း မပြန်နိုင်ပါက ရိက္ခာပြတ်တောက်သွားလိမ့်မည်ဟု ပြောဆိုကြသည်။
PDF နှင့် စစ်ကောင်စီကြား ဆက်လက်စစ်ရေးတင်းမာနေပါက အရပ်သားများအတွက် ဘေးကင်းလုံခြုံသည့် အမိုးအကာ များ၊ စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် ဆေးဝါးများ ရရှိရန် လိုအပ်ကြောင်း၊ နှစ်ဖက်တပ်များ အနေဖြင့်လည်း အရပ်သား များ စစ်ဘေးရှောင်နေသည့် နေရာများကို မပစ်ခတ်ကြရန် လိုအပ်သည်ဟုလည်း ပြောဆိုကြသည်။
ကယားပြည်နယ်အတွင်း PDF နှင့် စစ်ကောင်စီသည် စစ်ရေး တင်းမာနေဆဲ ဖြစ်သည်။
မေ ၂၄ ရက်က လွိုင်ကော်မြို့နယ် နိုးကိုးနှင့်ရေယိုကျေးရွာကြားတွင် အရပ်သားတဦးကို စစ်ကောင်စီဘက်က လက်နောက် ပြန်ကြိုးတုပ်ကာ သတ်ဖြတ်ခဲ့ပြီး ညပိုင်းတွင် လက်နက်ကြီးကျည်များ ပစ်ခတ်ခြင်းကြောင့် ရေယိုကျေးရွာ အတွင်းမှ တောင် သူတဦး၏ အိမ်တလုံးပြိုကျပျက်စီးခဲ့သည်။
ယနေ့ မနက်ပိုင်းကလည်း ဒီမောဆိုမြို့နယ်တွင်းရှိ မြို့မရဲစခန်းကို PDF က မနက် ၄ နာရီကတည်းက ဝင်ရောက် တိုက်ခိုက်ပြီး ကင်းလှည့်နေသည့် တင့်ကား တစီးကိုလည်း PDF က မိုင်းခွဲတိုက်ခိုက်ထားသည်။
You may also like these stories:
ဒီမော့ဆို ရဲစခန်းကို PDF က ထပ်မံ ဝင်တိုက်၊ တင့်ကားတစ်စီး ဖျက်ဆီးထားဟု ဆို
ကနီဒေသတွင် ရေကြောင်းရော ကုန်းကြောင်းတွင်ပါ တိုက်ပွဲများ ဖြစ်နေ