စစ်တပ်ကို နိုင်ငံရေးဦးဆောင်အခန်းကဏ္ဍပေးပြီး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတရာထူးယူခြင်းကို ပိတ်ပင်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲသည့် ကော်မရှင်ကို ဦးဆောင်ခဲ့သူ တရားသူကြီးချုပ်ဟောင်း ဦးအောင်တိုးသည် တနင်္လာနေ့တွင် ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။ သူသည် အသက် ၉၆ နှစ်တွင် သေဆုံးခြင်းဖြစ်သည်။
သူသည် တရားသူကြီးချုပ်အဖြစ် ၂၂ ခွဲကြာ လုပ်ကိုင်ခဲ့သောကြောင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း ရာထူးသက်တမ်း အရှည်ဆုံးသော တရားသူကြီးချုပ်ဖြစ်သည်။
သို့သော် လူတိုင်းက သူ့ကို မှတ်မိနေသည့်အချက်မှာ သူသည် နိုင်ငံ၏ အရေးအရာများတွင် စစ်တပ်က လွှမ်းမိုးသော အခန်းကဏ္ဍကို ထည့်သွင်းပေးထားသည့် ၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲသူ၊ စစ်ဘက်က ခန့်အပ်သည့် ကော်မရှင်အကြီးအကဲ ဖြစ်သည်ဆိုသော အချက်သာဖြစ်သည်။ ထိုဖွဲ့စည်းပုံတွင် လွှတ်တော်နေရာ အားလုံး၏ လေးပုံတပုံကို စစ်တပ်အတွက် နေရာပေးထားခဲ့သည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ မည်သည့်အပြောင်းအလဲမဆိုကိုလည်း လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရန်လိုကြောင်း ထိုဖွဲ့စည်းပုံတွင် ဖေါ်ပြထားသဖြင့် စစ်တပ်က သဘောမတူလျှင် ဖွဲ့စည်းပုံကို ပြင်ဆင်ရန် မဖြစ်နိုင်ပေ။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉ (စ) တွင်လည်း သမ္မတနှင့် ဒုတိယသမ္မတ ရာထူးများအတွက် အရည်အချင်းသတ်မှတ်ချက်များတွင်လည်း နိုင်ငံခြားသား ဇနီး၊ ခင်ပွန်းရှိသူများကို အရည်အချင်းမပြည့်မီသူများအဖြစ် သတ်မှတ်ထားသည်။ ထိုပြဋ္ဌာန်းချက်သည် မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်သော ပြဋ္ဌာန်းချက်များဖြစ်ကြောင်း ထင်ရှားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကွယ်လွန်သူ ခင်ပွန်းသည် ဗြိတိန်နိုင်ငံသားဖြစ်သည်။ ထိုဖွဲ့စည်းပုံသည် ဒီမိုကရေစီနည်းလမ်းမကျကြောင်း ပြည်တွင်းပြည်ပတွင် ဝေဖန်ကြသည်မှာ အံ့သြစရာမဟုတ်ပေ။
၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလ ညတညတွင် ထို ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို သူ၏ကော်မရှင်က အတည်ပြုကြောင်း တရားသူကြီးချုပ်ဦးအောင်တိုးက “နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို ဤကော်မရှင်က အတည်ပြုကြောင်း မိမိကြေညာလိုက်သည်”ဟု နိုင်ငံပိုင်ရုပ်သံတွင် ကြေညာလိုက်ခြင်းဖြင့် ထိုဖြစ်ရပ်များက နောက်ဆက်တွဲ စတင်ခဲ့တော့သည်။
ကော်မရှင်သည် အမျိုးသားညီလာခံက ၂၀၀၇ ခုနှစ်တွင်ချမှတ်ခဲ့သည့် အခြေခံမူများကို လိုက်နာခဲ့ကြောင်း သူကပြောဆိုခဲ့သည်။ အမျိုးသားညီလာခံဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် အခြေခံမူများကို ချမှတ်ရန် နိုင်ငံရေးပါတီများနှင့် ထိုစဉ်က စစ်အုပ်စု၏ စီစဉ်ထားသည့် အခြားသူများအကြား ၁၄ နှစ်ကြာဆွေးနွေးမှုဖြစ်သည်။ ထိုအခြေခံမူများကို အသေးစိတ်လေ့လာလိုက်သောအခါ ထိုဖွဲ့စည်းပုံသည် ထိုစဉ်က စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဘေးကင်းလုံခြုံစွာ အငြိမ်းစားယူရေး သက်သက်သာ ရည်ရွယ်ထားကြောင်း သိရမည်ဖြစ်သည်။ စစ်တပ်က နိုင်ငံရေးနှင့် န်ိုင်ငံကာကွယ်ရေးကို ထိန်းချုပ်ထားသောကြောင့် ထိုဗိုလ်ချုပ်အိုကြီးအနေဖြင့် မည်သည့်အတွက် စိတ်ပူပန်စရာ လိုတော့မည်နည်း။
ဦးအောင်တိုးကော်မရှင်က ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုလိုက်ခြင်းသည် ဦးသန်းရွှေစစ်အုပ်စုအနေဖြင့် မူကြမ်းအပေါ် ဆန္ဒခံယူပွဲကျင်းပရန် လမ်းခင်းပေးလိုက်ခြင်း ဖြစ်သည်။ ထိုဆန္ဒခံယူပွဲကို စစ်အုပ်စုက နောက် ၂ လအကြာ ဧရာဝတီတိုင်းတခုတည်းတွင်ပင် တနေ့တည်း လူပေါင်း တသိန်းနှစ်သောင်း သေဆုံးစေခဲ့သည့် ဆိုင်ကလုန်းနာဂစ်ပြီးကာစတွင်ပင် ပြုလုပ်သည်။
စစ်အုပ်စုက ထိုဖွဲ့စည်းပုံကို ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်နေ့တွင် စတင်သက်ဝင်စေပြီး ထိုမူကြမ်းကို မဲပေးခွင့်ရှိသူများ၏ ၉၂ ရာခ်ိုင်နှုန်းကျော်က ထောက်ခံကြောင်းပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသည် ၂၀၁၆ ခုနှစ်တွင် အာဏာရလာပြီးနောက် ပြင်ဆင်ရန် ကြိုးစားသည်။ သို့သော် စစ်တပ်က ဆန့်ကျင်နေသောကြောင့် ထိုအားထုတ်မှုများ အချည်းနှီးဖြစ်ခဲ့သည်။ စစ်တပ်က ၎င်းတို့သည် ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်သူဖြစ်ကြောင်းနှင့် NLD ၏ နည်းလမ်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီကြောင်းပြောသည်။
ထိုနောက် လွန်ခဲ့သောဖေဖေါ်ဝါရီလတွင် စစ်တပ်က ထပ်မံအာဏာသိမ်းလိုက်ပြန်သည်။ NLD က နောက်တကြိမ် တောင်ပြိုကမ်းပြိုနိုင်သည့် လွန်ခဲ့သောနှစ်က ရွေးကောက်ပွဲတွင် မဲမသမာမှု အကြီးအကျယ်ရှိကြောင်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောသည်။ သူ၏လုပ်ရပ်များနှင့် နိုင်ငံတွင် အရေးပေါ်အခြေအနေကြေညာခြင်းသည် မှန်ကြောင်းပြရန် သူက စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီကို ကာကွယ်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေပါ တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်ကြောင်း ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို မူကြမ်းရေးဆွဲစဉ်က ကော်မရှင်သည် စစ်တပ်ကို အနာဂတ်နိုင်ငံတော်တွင် နိုင်ငံရေးဦးဆောင်အခန်းကဏ္ဍပေးခြင်း အပါအဝင် ဦးတည်ချက် ၆ ခုကို အတိအကျလိုက်နာကြောင်း ၂၀၀၈ ခုနှစ်ဖေဖေါ်ဝါရီလက ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို အတည်ပြုကြောင်းပြောစဉ်က တရားသူကြီးချုပ် ဦးအောင်တိုးက အလေးထားပြောကြားခဲ့သည်။
ထိုတရားသူကြီးချုပ်ဟောင်းသည် နောင် ၁၃ နှစ်ကြာသောအခါ သူမသေမီ လအနည်းငယ်အလို ၂၀၂၁ ဖေဖေါ်ဝါရီလက နိုင်ငံတွင် နောက်ဆုံး စစ်အာဏာသိမ်းမှုကို တွေ့မြင်ရလောက်အောင် သက်ဆိုးရှည်ခဲ့သည်။ သူ၏ဖွဲ့စည်းပုံက စစ်တပ်ကိုပေးခဲ့သည့် ဦးဆောင်အခန်းကဏ္ဍ၏ ရလဒ်နှင့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း လူ ၈၀၀ ကျော် သတ်ဖြတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး သူ မည်သို့ထင်မည်ကို စဉ်းစားကြည့်လျှင် စိတ်ဝင်စားစရာတော့ ကောင်းသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Ex-Chief Justice Who Presided Over Drafting of Myanmar’s Pro-Military Charter Dies ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
စစ်ကောင်စီ ပြည်ထဲရေး ဒုဝန်ကြီး၏ ညီ စစ်ကြောရေးတွင် သေဆုံး
ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်စစ်ဆေးခြင်းဖြင့် စစ်ကောင်စီက မီးလောင်ရာလေပင့်လိုက်သည်
NLD ကို ဖျက်သိမ်းမယ်ဆိုတဲ့ စစ်ကောင်စီခန့် UEC ပြောကြားချက်အပေါ် သူတို့အမြင်များ