ကလေးမြို့တွင် ဆိုင်ကယ်ပြင်ရင်း အသက်မွေးဝမ်းကြောင်းပြုနေသူ ကလေးနှစ်ယောက် အဖေ ကိုမင်းမင်း ဆိုသူကို မေလ ၂၄ ရက်နေ့တွင် စစ်တပ်က ဖမ်းဆီးသွားခဲ့ပြီး နောက်တရက် မေလ ၂၅ ရက်နေ့က နံနက် ၁၀ နာရီတွင် အလောင်း လာ ထုတ်ရန် မိသားစုထံ အကြောင်းကြားခဲ့သည်။
ကလေးမြို့ ၊ မြို့သာရပ်ကွက်၊ နတ်ချောင်းလမ်း၊ နန်းကလိန်တံတားအနီးတွင် ဆိုင်ကယ် ပြင်ဆိုင်ဖွင့်ထားသူ အသက် ၃၉ နှစ်အရွယ် ကိုမင်းမင်းသည် အနေအထိုင် ရိုးအေးသူတဦး ဖြစ်ပြီး ကလေးမြို့တွင် ပေါ်ပေါက်ခဲ့သည့် ဆန္ဒပြပွဲများ၊ လက်နက် ကိုင် တော်လှန်ရေး လုပ်ငန်းများတွင်လည်း ပါဝင်ခဲ့သူတဦး မဟုတ်ကြောင်း မိသားစုဝင်များက ပြောပြသည်။
သို့သော် မေလ ၂၃ ရက်နေ့က ကလေးမြို့ ရှိ အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်း ဗုံးပေါက်ကွဲခဲ့ပြီး မေလ ၂၄ ရက်နေ့တွင် ကိုမင်းမင်း၏ “စိတ်ထားမဏ္ဍိုင်” ဆိုင်ကယ်ပြင်ဆိုင်သို့ ယူနီဖောင်း အပြည့်အစုံ ဝတ်ထားသည့် ရဲနှင့် စစ်သား များ ရောက်ရှိလာသည်။
“ဆိုင်ကယ်ပြင်ဆိုင်ကို ရောက်လာကြပြီးတော့ ခနလေး စစ်မေးစရာ ရှိလို့ ဆိုပြီးတော့ လာခေါ်တယ်။ ရေချိုးနေလို့ အဝတ် အစား မြန်မြန်လဲခိုင်းပြီး ခေါ်သွားတယ်။ ပြန်လွှတ်ပေးမှာဆိုပြီးတော့ ပြောသွားတယ်။ ဒါပေမယ့် ရဲစခန်းကို မခေါ်ဘဲနဲ့ ဒက စ(ဒေသကွပ်ကဲမှု စစ်ဌာနချုပ်)ထဲကို ခေါ်သွားတာ”ဟု ကိုမင်းမင်း၏ ဆွေမျိုးတဦးက ပြောသည်။
မေလ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် ကိုမင်းမင်း ဒကစထဲသို့ ပါသွားပြီးနောက် ည ၈ နာရီ အချိန်တွင် ကိုမင်းမင်းက သူ၏ အမျိုးသမီးထံသို့ ဖုန်းဆက်ခဲ့သေးသည်။
ဖုန်းဆက်ရာတွင် ဒကစထဲတွင် အဆင်ပြေကြောင်း၊ အထက ၆ ဗုံးကွဲသည့် ကိစ္စနှင့် ပတ်သက်၍ မသကာင်္၍ ခေါ်မေးခြင်း ဖြစ်ကြောင်း သူ့အမျိုးသမီးထံ ပြောပြခဲ့ သည်။
“ကျောင်းအပ်တွေ စလက်ခံတယ်။ စလက်ခံဖို့ ပြင်နေတဲ့အချိန်မှာ ဗုံးကွဲတော့ . . . ဗုံးပစ်တာ မင်းလို့ ငါတို့ သတင်းရထား တယ်။ သတင်းရလို့ ဖမ်းခဲ့တာပေါ့။ အဲလို ပြောတယ်တဲ့။ နှိပ်စက်ခံရလားလို့ မေးတော့ အဲလိုတော့ နှိပ်စက်မခံရဘူး။ ထ မင်းလည်း ကျွေးတယ်။ ဝက်သားဟင်းနဲ့ပေါ့။ မစားလိုက်ဘူး။ မစားရဲလို့ပေါ့။ အဲလို ပြောတာ”ဟု မိသားစုဝင်တဦးက ပြောသည်။
ထို့ကြောင့် နောက်ရက် မေလ ၂၅ ရက်နေ့ မနက် ၈ နာရီတွင် ကိုမင်းမင်း၏ အမျိုးသမီးက ဒကစတပ်သို့ လိုက်သွားပြီး ကို မင်းမင်းအတွက် အစားအသောက်နှင့် ဝတ်စရာ ဝတ်စုံတချို့ ပို့ပေးခဲ့သည်။
“အဲဒီမှာ အစောင့်စစ်သား တယောက်က လာယူပေးတယ်။ သေဆုံးတဲ့ ကိုမင်းမင်းနဲ့တော့ သူ့အမျိုးသမီးက မတွေ့ ခဲ့ရဘူး။ အဝတ်အစားနဲ့ လဖက်ရည်နဲ့ မုန့်လေး ပို့ပေးတယ်။ ပို့ပေးခဲ့ပြီးတော့ ၁၀ နာရီ ဝန်းကျင်လောက်ကျတော့ ဖုန်းဝင်လာတော့ တာ။ ဆုံးသွားပြီပေါ့နော်”ဟု မိသားစုဝင်က ပြောပြသည်။
ထို့ကြောင့် အလောင်းကို ဒကစတပ်၏ ဘေးတွင် ရှိသည့် ကုတင် ၁၀၀ စစ်ဆေးရုံသို့ လာထုတ်ရန် စစ်တပ်ဘက်က ပြော ဆိုခဲ့သည်ဟု သိရသည်။
မိသားစုက အလောင်းသွားထုတ်ရာတွင် အဆုတ်မကောင်းသဖြင့် သေဆုံးခြင်း ဖြစ်ကြောင်း၊ အဝတ်အစား လဲပေးနေစဉ် ငေါက်ခနဲ သေသွားခြင်း ဖြစ်ကြောင်း စစ်ဆေးရုံဘက်က ပြောဆိုလိုက်သည်ဟု သိရသည်။
“နစ်နာကြေး ၅ သိန်းပေးလိုက်တယ်။ စစ်တပ်လက်ထဲမှာ ဆုံးသွားတယ်။ ဒကစ (ဒေသကွပ်ကဲမှု စစ်ဌာနချုပ်)နဲ့ ကုတင် ၁၀၀ စစ်ဆေးရုံနဲ့ကလည်း ကပ်လျက်ပဲ။ အလောင်းကို ကုတင် ၁၀၀ စစ်ဆေးရုံထဲက ရင်ခွဲရုံထဲမှာ ထုတ်ရတယ်။ အလောင်းထုတ်ပေးတယ်။ ၅ သိန်း ပေးလိုက်တယ်”ဟု မိသားစုဝင်က ပြောပြသည်။
အိမ်သို့ အလောင်းရောက်ရှိလာပြီးနောက် ရေချိုးပေးရန် အဝတ်အစားများ ချွတ်ကြည့်သည့်အခါ ဦးခေါင်းမှ ကျောပြင် အထိ အညိုအမဲ ဒဏ်ရာများစွာ တွေ့ ရပြီး ခေါင်း၊ လက်များတွင်လည်း ဓါးဖြင့် ခြစ်ထားသည့် အရာများ တွေ့ ရကြောင်း သိရသည်။
“ဖမ်းသွားတဲ့ ၂၄ နာရီအတွင်းမှာ သေသွားတာ။ ထူးခြားတာက ကလေးမြို့မှာ အဖမ်းခံရတဲ့အထဲမှာ အခုလို နှိပ်စက်ခံရပြီး သေရတာ သူက ပထမဆုံးပဲ။ အရင် တော်လှန်သမားတွေတောင်မှ လက်နက်ကိစ္စနဲ့မိတဲ့ ကလေးတွေတောင် အခုလို မဖြစ် ဘူး။ ထောင်တော့ကျတယ်။ သေလောက်အောင် နှိပ်စက်မခံခဲ့ရဘူး”ဟု ကိုမင်းမင်း၏ လုပ်ဖော်ကိုင်ဖက်တဦးက ပြောပြ သည်။
ကိုမင်းမင်းသည် ဆန္ဒပြပွဲများကို လိုက်ပါခြင်း မရှိသလို လက်နက်ကိုင် တော်လှန်ရေး ကိစ္စများတွင်လည်း မပါဝင်သော် လည်း NLD ပါတီကို ထောက်ခံသူတဦး ဖြစ်ကြောင်း သိရသည်။
“လူအေး၊ တအား အေးတာ။ သူက အနီသမား။ NLD ထောက်ခံတဲ့သူပေါ့။ ဖြစ်ချင်တော့ သူ့ရဲ့ ဆိုင်ကယ်ပြင်ဆိုင်ရဲ့ ဘေး အိမ်က မြို့ ပေါ်မှာ ဒလန်ဆိုပြီးတော့ နာမည်ကြီးနေတာ ကြာပြီ။ အဲဒီအိမ်ကလည်း သူ့ကို သတိပေးစာ စာအိတ်နဲ့ လာပေး သေးတယ်။ သံပုံးတွေ တီးတာ သူတို့ အိမ်ကိုလည်း ဆူညံစေတယ်ပေါ့။ နောက်မတီးဖို့၊ ထပ်တီးလာရင် တိုင်ကြားမယ်ဆို တဲ့ အကြောင်းပေါ့”ဟု သူ၏ မိတ်ဆွေတဦးက ပြောပြသည်။
ပြီးခဲ့သည့် နှစ်လခန့်က ထိုသို့ သတိပေးစာ ရသဖြင့် ကိုမင်းမင်းနှင့် မိသားစုဝင်များသည် ဆိုင်ကယ်ပြင်ဆိုင်ကို ပိတ်၍ ရက် ၂၀ ခန့် ထိုနေရာမှ ရှောင်တိမ်းခဲ့ဖူးပြီး နောက်ပိုင်းတွင် စား၊ ဝတ်၊ နေရေး အခြေအနေအရ ဆိုင်ကယ်ပြင်ဆိုင်ကို ပြန်လည် ဖွင့်လှစ် လုပ်ကိုင်ခဲ့ကြောင်း သိရသည်။
“ဆိုင်ပြန်ဖွင့်တာ တလဝန်းကျင်လောက်ပဲ ရှိသေးတယ်။ သူ့ကို ၁၂ နာရီဝန်းကျင်လောက် လာဖမ်းတယ်။ နောက်နေ့ မနက် ၁၀ နာရီလောက်ကျတော့ ဆုံးသွားပြီ။ အလောင်းလာထုတ်တော့ဆိုပြီး လုပ်တာ။ ၂၄ နာရီ မပြည့်ဘူး။ ၂၄ နာရီအတွင်းမှာ နှိပ်စက်လွန်ပြီး သေသွားတယ်။ ကျနော်တို့က အဲလိုပဲ ယုံကြည်တယ်”ဟု လုပ်ဖော်ကိုင်ဖက်တဦးက ပြောသည်။
၎င်းက ဆက်၍ “ဟိုးအရင်တုန်းက ကျနော်တို့မြို့မှာ တိုက်ပွဲဝင်တဲ့ကလေးတွေ စစ်တပ်က အလောင်းကောက်သွားတယ်။ အဲဒီ ကုတင် ၁၀၀ စစ်ဆေးရုံက ရင်ကွဲရုံမှာ တလောင်း ၅ သိန်းနဲ့ ရွေးရတာ။ အခု ကိုမင်းမင်းကိုကျတော့ သူတို့ဘက်က တောင် နစ်နာကြေး ၅ သိန်း ပေးလိုက်သေးတယ်”ဟု ပြောသည်။
ကိုမင်းမင်းသည် ကလေးမြို့အနီး သာစည်ကျေးရွာ ဇာတိ ဖြစ်ပြီး ဆိုင်ကယ်ပြင်ဆိုင်ကို မြို့ပေါ်ရပ်ကွက်ထဲရှိ နတ်ချောင်း လမ်းတွင် သွားရောက် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ အသက် ၅ နှစ်အရွယ် သားကြီး၊ အသက် ၂ နှစ်အရွယ် သမီးလေးနှင့် ၎င်း၏ ၁၀ နှစ်ခန့်ငယ်သည့် အမျိုးသမီးတို့ ကျန်ရစ်ခဲ့သည်။
“ဒလန်ကြောင့် ဖြစ်တာ။ သူ့ကြောင့် အကုန်ပါတယ်။ မိန်းမနဲ့က လူချင်းမတွေ့ ဘူး။ ဖုန်းပဲ ဆက်ရတာ။ မနက်မိုးလင်း ၈ နာရီလောက် အဝတ်အစားသွားပေးတော့ သေနေလောက်ပြီ။ သူ့မိန်းမနဲ့ ညဘက် ဖုန်းပြောအပြီး တညလုံး နှိပ်စက်ခံ လိုက်ရပုံရတယ်။ သေပြီးလို့ ရင်ခွဲရုံကို ပို့ထားပြီးလောက်ပြီ။ မပြောလိုက်တာ ဖြစ်မယ်”ဟု ကိုမင်းမင်း၏ ဆွေမျိုးတဦးက ပြောသည်။
၎င်းက ဆက်၍ “မနေ့က ည ၈ နာရီလောက်မှာ သူ့အိမ်ကို ဖုန်းဆက်အပြီး ညသန်းခေါင်ကျော်လောက်မှာ နှိပ်စက်ခံရပုံ ရတယ်။ စစ်ကြောရေး ဝင်ခိုင်းပုံရတယ်။ ညဘက် စစ်ကြောရေးမှာ အထက ၆ ဗုံးကွဲတာနဲ့ ပတ်သက်ပြီး အတင်း ဝန်ခံခိုင်း မှာပေါ့။ သူကလည်း လူအေးကြီး။ သူ မလုပ်ထားတော့ မလုပ်ကြောင်း ငြင်းပုံရတယ်။ ငြင်းလေ ပိုနှိပ်စက်လေနေမှာ”ဟု ပြောသည်။
၈၈ မျိုးဆက် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်က ၎င်းတို့ကိုယ်တိုင် ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီး ပြီးနောက် ၇ လကြာ စစ်ကြောခံခဲ့ရပြီး နည်းလမ်းမျိုးစုံဖြင့် ကြုံခဲ့ဖူးသော်လည်း လက်ရှိ အခြေအနေများလောက် မဆိုးဝါးခဲ့ကြောင်း၊ ခေါင်းကွဲ၊ နံရှိုးကျိုး၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ ထိခိုက်မှုများ ရှိပြီး အသက်ဆုံးရှုံးသည်မှာ ရှားပါးကြောင်း ပြောသည်။
“ဒီလောက် ဆိုးဆိုးဝါးဝါး ပြင်းပြင်းထန်ထန် ပက်ပက်စက်စက် အခုလိုမျိုးတော့ နှိုင်းယှဉ်ပြောတာ။ ပြည်သူကို တကယ့် ရန်သူလို စစ်ကြောရေးမှာ နည်းမျိုးစုံနဲ့ လုပ်နေတာ။ အဆိုးဝါးဆုံးနဲ့ အပြင်းထန်ဆုံး လူ့အခွင့်အရေးကို ချိုးဖောက်တယ်။ နောက်ဆုံး ရိုက်သတ်တဲ့ အနေအထားထိ လုပ်လာတာသည် ၈၈ က ဖြတ်သန်းမှုထက် အခုက ပိုဆိုးနေတယ်”ဟု ၎င်းက ပြောသည်။
ထင်ရှားသည့် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုမဲကြီး(ခ)ကိုစိုးမိုးလှိုင် ဆိုသူမှာလည်း ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့က ကိုမင်းမင်းကဲ့သို့ စစ်ကြောရေးတွင် သေဆုံးခဲ့ရသည်။
ကိုမဲကြီးသည် စစ်ကောင်စီ၏ ပြည်ထဲရေး ဒုဝန်ကြီးနှင့် ရဲချုပ် ဒု ဗိုလ်ချုပ်ကြီး သန်းလှိုင်၏ ညီအရင်းဖြစ်နေသဖြင့် အများ ပြည်သူမှာ စိတ်ပျက် အံ့သြခဲ့ရသည်။
ကိုမဲကြီးသည် ပဲခူးမြို့ ဘုရားကြီးရွာ ဇောင်းတူတွင် မေလ ၂၂ ရက်က ဖမ်းဆီးခံရပြီးနောက် မေလ၂၄ ရက် ညပိုင်းတွင် သေဆုံးခဲ့သည့်အတွက် အလောင်းအား လာယူရန် စစ်ကောင်စီဘက်က မိသားစုထံ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
ကိုမဲကြီးနည်းတူ စစ်ကြောရေးတွင် သေဆုံးခဲ့ရသူများမှာ ရွှေပြည်သာမြို့နယ်မှ “စု” အသက်မွေးဝမ်းကျောင်း သိပ္ပံ (ရွှေပြည် သာ)” တာဝန်ခံ ဦးဇော်မြတ်လင်း၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် NLD အလုပ်မှုဆောင် ဦးကျော်ကျော်၊ ပန်းဘဲတန်း NLD ရပ်/ကျေး ဥက္ကဌ ခင်မောင်လတ်တို့ ဖြစ်သည်။
ဦးခင်မောင်လတ်မှာလည်း မတ်လ ၆ ရက်နေ့တွင် အဖမ်းခံရပြီး ၇ ရက်နေ့တွင် မင်္ဂလာဒုံ စစ်ဆေးရုံ၌ မိသားစုက အ လောင်း သွားထုတ်ခဲ့ရသည်။ ဦးဇော်မြတ်လင်းမှာ ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့ ညပိုင်းတွင် အဖမ်းခံရပြီး မတ်လ ၉ ရက်နေ့တွင် သေဆုံးခဲ့သည်။ ဦးကျော်ကျော်(ခ)အဂ္ဂမိုးညိုမှာ မတ်လ ၁၅ ရက်နေ့တွင် အဖမ်းခံရပြီး မတ်လ ၃၀ ရက်နေ့ တွင် သေဆုံးခဲ့သည်။
စစ်ကောင်စီ အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်မှ မေလ ၂၅ ရက်အထိ ဖမ်းဆီးခံရသူ စုစုပေါင်း ၅၄၂၁ ဦး၊ သေဆုံး ခဲ့ရသူ ၈၂၇ ဦး၊ ဖမ်းဝရမ်း ထုတ်ခံရသဖြင့် တိမ်းရှောင်နေရသူ ၁၈၆၁ ဦး ရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) ကောက်ယူထားသော စာရင်းအရ သိရသည်။
You may also like these stories:
ဟားခါးတွင် တကျော့ပြန်တိုက်ပွဲ ဖြစ်၊ စစ်သား ၅ ဦး ထပ်မံ သေဆုံး
မုဒုံမြို့မှ အမျိုးသမီးတဦး၏ဖုန်းကို စစ်ဆေးပြီး ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ဖမ်းဆီး
ဖမ်းဆီးခံများ၏ ကြွယ်၀သော မိဘများထံမှ စစ်ကောင်စီ ငွေညှစ်နေ