ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် စစ်ကောင်စီကြား တိုက်ပွဲများ ကြောင့် အရပ်သား နှစ်သောင်းကျော် တောတောင်များအတွင်း စစ်ဘေးရှောင်နေရပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာ၊ ဆေး နှင့် သောက်ရေသန့်များ အရေးပေါ် လိုအပ်နေကြောင်း သတင်းရရှိသည်။
နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဒုက္ခသည် နှစ်သောင်းကျော်သည် ဖယ်ခုံမြို့နယ်အတွင်းရှိ တောင်ပေါ်ဒေ သများ၊ တောတွင်းများနှင့် ကျေးရွာအချို့တို့တွင် ၅ နေရာခွဲကာ ခိုလှုံနေသည်ဟု ဖယ်ခုံမြို့နယ်တွင်း ဖွဲ့စည်းထားသည့် စစ်ဘေးရှောင် ကူညီရေး လုပ်ဆောင်နေသူများက ဧရာဝတီကို ပြောသည်။
မိုးဗြဲအနောက်ခြမ်း စစ်ဘေးရှောင် ကူညီရေးကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူတဦးက “စားနပ်ရိက္ခာက အိမ်ကသယ်လာကြ တာတွေက အလွန်ဆုံးခံနိုင်ရင် တပတ်ပဲ။ အခြေအနေ ထပ်ဆိုးလာရင် သူတို့ မြို့ထဲရွာထဲ ပြန်ဝင်လို့ မရနိုင်ဘူး။ အထူးသ ဖြင့် ဆန်ပါ။ အသီးအရွက်တွေက တောထဲရှာလို့ ရကောင်းရလိမ့်မယ်။ နောက်တခုက သောက်သုံးရေပါ။ အခုကိုပဲ ကလေး တွေမှာ ကိုယ်လက် ယားယံတာ၊ ဝမ်းပျက်တာ စဖြစ်နေပြီ။ ရာသီတုပ်ကွေးကာလမှာ ချောင်းဆိုးတာတွေ စတွေ့နေရပြီ” ဟု ရှင်းပြသည်။
စစ်ဘေးရှောင်ဒုက္ခသည်များအတွက် အဓိက လိုအပ်နေသည်မှာ စားနပ်ရိက္ခာ၊ ဆေးနှင့် သောက်ရေသန့်များ ဖြစ်သည်ဟု လည်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက မိုးတွင်းကာလ ရောက်နေပြီ ဖြစ်သော်လည်း တောတွင်း၌ ပလတ်စတစ် အမိုးအကာများဖြင့် တဲများ စုပြုံတည်ဆောက်ပါက စစ်ကောင်စီဘက်မှ ပစ်ခတ်ခြင်း၊ တိုက်ခိုက်ခြင်းများ ခံရမည်ကို စိုးရိမ်သဖြင့် စစ်ဘေးရှောင်များမှာ သစ်ရွက်မိုးသည့် တဲများ၊ သစ်ပင်ကြီးများအောက်တွင်သာ ခိုလှုံနေရသည်ဟုလည်း ပြောသည်။
“ဒီမှာ ပြေးရတဲ့သူတွေက မိုးဗြဲရဲစခန်းကို PDF က ဝင်သိမ်းတုန်းက စစ်ကောင်စီရဲ့ စစ်ကူတွေကို လမ်းမှာ ဖြတ်ထိန်းထားခဲ့ တဲ့ ရွာတွေလည်း ပြေးရတဲ့အထဲ ပါတယ်။ အရှေ့ဘက်လမ်းကြောင်းမှာဆို ကုန်းသာ၊ ကောခူ ရှေ့ဖက်တကြောလုံး၊ ဖယ်ခုံ ကဆိုလည်း စစ်ကောင်စီရဲ့ လမ်းကြောင်းကို ပိတ်ပေးခဲ့တဲ့သူတွေ ရှိတယ်။ ဖယ်ခုံ၊ မိုးဗြဲ၊ ဖလိုင်၊ မိုးဗြဲအရှေ့ဘက်ခြမ်း အုပ်စု ထဲက ရွာတွေ၊ ကယားဘက်က ကုန်းသာ၊ ကယန်းသာယာ အကုန်ပါပါတယ်” ဟု ၎င်းက ဆိုသည်။
ဖယ်ခုံမြို့နယ်အတွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် အရပ်သား နှစ်သောင်းကျော်သည် မေ ၂၃ ရက်က မိုးဗြဲရဲစခန်းကို PDF တပ်ဖွဲ့က စီးနင်းတိုက်ခိုက်ပြီးသည့် နောက်ပိုင်း ထွက်ပြေးရခြင်း ဖြစ်သည်။
ဖယ်ခုံ PDF ၏ တိုက်ခိုက်မှုကြောင့် မိုးဗြဲရဲစခန်း ပျက်ဆီးသွားသည့်အပြင် ရဲနှင့်စစ်ကောင်စီတပ်သား ၂၀ ဦးကျော်လည်း တိုက်ပွဲအတွင်း ကျဆုံးမှု ရှိခဲ့သည်။
ထိုကဲ့သို့ မိုးဗြဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ရှမ်း-ကယား နယ်စပ်တကြောရှိ ကျေးရွာများဘက်သို့ လက် နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်။
ကနဦးတွင် ရှမ်း-ကယားနယ်စပ်တကြောရှိ ကျေးရွာများမှ ဒေသခံများသည် ရွာများကို မစွန့်ခွာဘဲ အလံဖြူထောင်ကာ ခရစ်ယာန်ဘုရားကျောင်းများတွင် ခိုလှုံနေခဲ့ကြသော်လည်း စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကယန်း သာယာ(တောင်)ကျေးရွာရှိ ဘုရားကျောင်းတွင် လက်နက်ကြီးကျကာ အရပ်သား ၄ ဦး သေဆုံးခဲ့ပြီးနောက် တောတောင် များအတွင်းသို့ ထွက်ပြေးသွားကြခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်များသည် ဖယ်ခုံမြို့နယ်တကြောတွင် လှည့်လည်နေဆဲဖြစ်ကာ ဖယ်ခုံမှ ပင်လောင်းမြို့နယ်ဘက်သို့ ထွက်ပြေးသည့် အရပ်သားများကိုလည်း လမ်းခုလတ်တွင် စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိသည်။
မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အထိနာသဖြင့် မေ ၂၅ ရက်တွင် စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ် ကြီးစိုးထွဋ်ကိုယ်တိုင် လွိုင်ကော်သို့ ရောက်လာကာ သေဆုံးသွားသည့် ရဲနှင့်တပ် မိသားစုဝင်များကို ငွေကြေး ထောက်ပံ့ ခြင်းများ ပြု လုပ်ခဲ့သည်။
ယနေ့ စစ်ရေးအခြေအနေနှင့် ပတ်သက်၍ ဖယ်ခုံ PDF အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ တဦးက “ကျနော်တို့က အခု တပ် တချက် ဖျောက်ထားတယ်။ စစ်ဘေးရှောင်တွေ လုံခြုံတဲ့နေရာ သွားနိုင်အောင် ကျနော်တို့က တချက် နားထားတယ်။ ကျနော်တို့ ပြင်ဆင်စရာရှိတာတွေလည်း ပြင်ဆင်နေတယ်” ဟု ပြောသည်။
နှစ်ဖက်တပ်များကြား တိုက်ခိုက်မှု ဖြစ်နေချိန်တွင် အရပ်သားများက အလံဖြူထောင်ကာ ဘုရားကျောင်းများအတွင်း ခိုလှုံ ကြသော်လည်း စစ်ကောင်စီဘက်မှ တိုက်ပွဲနှင့် မသက်ဆိုင်သည့် အရပ်သားများ ခိုလှုံနေသောနေရာကို ပစ်ခတ်မှုများ ပြု လုပ်သဖြင့် စစ်ဘေးရှောင်များ ဘေးကင်းသည့် နေရာသို့ ထွက်နိုင်ရန် တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားခြင်း ဖြစ်သည်ဟု လည်း ၎င်းက ဆိုသည်။
ဖယ်ခုံမြို့နယ်သည် ရှမ်းပြည်နယ်အတွင်း တည်ရှိသော်လည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ် နေရာ ဖယ်ခုံ PDF တပ်ဖွဲ့နှင့် လွိုင်ကော် PDF တပ်ဖွဲ့တို့သည် ချိတ်ဆက်ပြီး လှုပ်ရှားလျက် ရှိသည်။
လက်ရှိတွင် ဖယ်ခုံ PDF က စစ်ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းထားသော်လည်း ယနေ့ နံနက် ၄ နာရီဝန်းကျင်က ရှမ်း-ကယားနယ်စပ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့ရှိ ရဲစခန်းကို လွိုင်ကော် PDF အဖွဲ့က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ သည်။
ကယားပြည်နယ်တွင်း၌လည်း လွိုင်ကော်အပြင် ဒီးမော့ဆိုမြို့နယ်တွင်း PDF တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များကြား တိုက်ခိုက်မှုများ၊ စစ်ရေးတင်းမာမှုများကြောင့် ကျေးရွာ ၁၅၀ ခန့်မှ အရပ်သားဦးရေ ငါးသောင်းကျော်သည် စစ်ဘေးရှောင် များအဖြစ် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။
You may also like these stories:
မိုးဗြဲ ရဲစခန်းကို PDF က ဝင်တိုက်၊ စစ်ကောင်စီဘက်မှ လက်နက်ကိုင် ၂၀ ဦး သေဆုံး
ဒီမော့ဆို ရဲစခန်းကို PDF က ထပ်မံ ဝင်တိုက်၊ တင့်ကားတစ်စီး ဖျက်ဆီးထားဟု ဆို
ကယားတွင် အရပ်သား ငါးသောင်းကျော် စစ်ဘေးရှောင်နေရ