ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် ယနေ့မနက်ပိုင်းက ဗုံး ၅ လုံးထက်မနည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မာန်ပြေ (၃) ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူး နေအိမ်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ကာ ထိုအုပ်ချုပ်ရေးမှူး သေဆုံးသွား ကြောင်း သိရသည်။
ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည့် နေရာများထဲတွင် သာကေတမြို့နယ် မြင်တော်သာလမ်းရှိ သာကေတ အမှတ် (၁) ရဲစခန်း အနီးရှိ အမှိုက်ပုံးနေရာ နှင့် ဧရာဝဏ်လမ်း နှင့် နဝရတ်လမ်းထောင့်ရှိ သာကေတ အမှတ် (၂ ) ရဲစခန်း အနီး နေရာ နှစ်နေရာ တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ခဲ့သည်။
သာကေတ မြို့နယ် မာန်ပြေရပ် ကွက်တွင် နေထိုင်သူတဦးက “ဗုံးတွေက မနက် ၇ နာရီ ၅၅၊ ၈ နာရီလောက်ကနေ စပေါက်တာ ၉ နာရီ လောက်အထိကို ၅ လုံးလောက်ပေါက်တယ်။ သာကေတ ၃ ဈေးနားက အုပ်ချုပ်ရေးမှူးကတော့ သေသွားတယ်လို့ ကြားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ သေဆုံးသွားသော အုပ်ချုပ်ရေးမှူးသည် သေနတ်နှင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းများ ထွက် ပေါ်နေသော်လည်း ဧရာဝတီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
ယခုတွင် ထိုအုပ်ချုပ်ရေးမှူး သေဆုံးသွားသည့် ၃ မာန်ပြေရပ်ကွက် မာန်ပြေ လမ်း ၂၀ (အရှေ့) နှင့် သာကေတမြို့နယ် မြင်တော်သာ လမ်းတွင် ရဲနှင့် စစ်သားအများအပြားက လုံခြုံရေး ရယူထားကြောင်း သိရသည်။
စစ်ကောင်စီက အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ ကျောင်းအပ်လက်ခံမည်နေ့ မေလ ၂၄ ရက်ပိုင်း ဝန်းကျင်မှ စကာ ရန်ကုန်မြို့အပါအဝင် တခြားမြို့များတွင်လည်း အခြေခံပညာကျောင်းများ နှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးများ၌ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိနေသည်။
မေလ ၃ ရက်နေ့တွင်လည်း စစ်ကောင်စီက ခန့်အပ်ခဲ့သည့် သာကေတမြို့နယ် အမှတ် ၇ အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးတဦးကို ဧည့်စာရင်းတိုင်မည်ဟုဆိုကာ လူသုံးယောက်က ဓားဖြင့် ထိုးပြီး အသတ်ခံခဲ့ရသည်။
You may also like these stories:
ရန်ကုန်တိုင်း ပညာရေး အရာရှိ ၇ ဦးကို စစ်ကောင်စီက တာဝန်မှ ရပ်စဲ
ယူနီဖောင်းဝတ်ထားတဲ့အချိန် ရွံရှာတဲ့ အကြည့်တွေကို ကျနော်တို့ မခံနိုင်တော့ဘူး
မြန်မာဒုက္ခသည်များ ပြန်မောင်းမထုတ်ဟု ထိုင်းဝန်ကြီးချုပ် ပြော