စစ်ကိုင်းတိုင်း မြောင်မြို့နယ်ချောင်းဇင်းရွာနှင့် အနီးရှိ ရွာများမှ ထောင်ချီသော ဒေသခံ ပြည်သူများသည် ယမန်နေ့က ဖြစ်ခဲ့သည့် တိုက်ပွဲကြောင့် ရွာများကို စွန့်ခွာကာ ထွက်ပြေး တိမ်းရှောင်နေရသည်။
မေလ၂၆ ရက်က စစ်ကောင်စီမှ စစ်ကား ၄ စီးဖြင့် ချောင်းဇင်းရွာသို့ ဝင်ရောက်လာသဖြင့် မြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့နှင့် စစ်ကောင်စီတို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့ခြင်း ဖြစ်ရာ၊ ချောင်းဇင်းနှင့် ကပ်လျှက်ရှိသည့် ပေါက်ချောင်း၊ ရသစ် စသည့်ရွာများမှ ရွာခံများမှာ တောထဲနှင့် ဘေးလွတ်ရာ ရွာများသို့ ထွက်ပြေးနေရကြောင်း ဒေသခံတဦးက ပြော သည်။
“နီးစပ်ရာ ရွာတွေ၊ တောတွေထဲမှာ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေရော ပုန်းအောင်းနေရပါတယ်။ မနေ့ကတော့ မိုး ကလည်း ရွာထားတော့ နေရာထိုင်ခင်း အဆင်မပြေမှုတွေတော့ ကြုံနေရပါတယ်။ ကျွဲနွား တိရစာ္ဆန်တွေထားခဲ့ရပြီး ပြေး နေရတာပေါ့” ဟု ၎င်းက ပြောသည်။
ယမန်နေ့ ညနေပိုင်းအထိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက စာသင်ကျောင်းအတွင်း နေရာယူကာ မြို့နယ် ပြည်သူ့ ကာကွယ် ရေးအဖွဲ့နှင့် ပစ်ခတ်ခဲ့ပြီး ယနေ့အထိ စစ်ကောင်စီတပ်က ရွာအစွန် စာသင်ကျောင်းတွင် တပ်စွဲထားကြောင်း သိရသည်။
ဒေသခံ တဦးက “မနေ့က ၄ နာရီခွဲ ၅ နာရီအထိ ပစ်ခတ်မှုဖြစ်တယ်။ မိုးရွာတော့ ကျနော်တို့ဘက်က ယမ်းထောင်းလို့ မရ တော့ဘူး ဆိုပြီး ပြန်ဆုတ်လိုက်ရတာ။ ဒီအချိန်ထိတော့ ပစ်တာခတ်တာ ပြန်မဖြစ်သေးဘူး။ သူတို့ဘက်က စစ်ကူလည်း ခေါ်ထားတာဆိုတော့ အင်အာလည်း မမျှဘူးဗျ” ဟု ဆိုသည်။
ယနေ့တွင် ပစ်ခတ်မှုများ မဖြစ်သော်လည်း ရွာအတွင်း စစ်ကောင်စီက တပ်စွဲထားခြင်းကြောင့် ဒေသခံပြည်သူများ ရွာကို စွန့်ခွာရ၍ နေရေး၊ စားရေးများ အခက်အခဲဖြစ်နေသည့်အပြင် မွေးမြူထားသည့် တိရစာ္ဆန်များ အစာငတ်၊ ရေငတ် ဖြစ် မည်ကိုလည်း စိုးရိမ်ပူပန်နေရကြောင်း ဒေသခံများက ပြောသည်။
မေလ၂၅ ရက် ညက ချောင်းဆင်းရွာတွင် စစ်ကောင်စီ သတင်းပေးဟု ယူဆရသူ အမျိုးသမီး သေဆုံးမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
အပြန်အလှန် ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်၊ သေဆုံးမှုကို အတည်မပြုနိုင်သေးသော်လည်း ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိထားကြောင်း ဒေသခံများထံက သိရသည်။
မေ ၂၁ ရက်ကလည်း ချောင်းဇင်းရွာအနီးရှိ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စခန်းချရာ နေရာကို စစ်ကောင်စီ တပ်ဖွဲ့ ဝင်များ ရောက်ရှိလာပြီး စခန်းကို မီးရှို့ကာ ရွာသား ၁၀ ဦးကျော်ကို ဖမ်းဆီးသွားကြောင်း သိရသည်။
စစ်ကိုင်းတိုင်းတွင် မြောင်မြို့နယ်အပြင် ကနီ၊ ယင်းမာပင်၊ မင်းကင်းမြို့နယ်များမှရွာပေါင်း ၅၀ ကျော်သည် စစ်ဘေးရှောင် အဖြစ် နေရပ်မှ တိမ်းရှောင်နေရသည်။
ဧပြီ ၁၅ရက်က စတင်ခဲ့သည့် မုံရွာ- ယာကြီး- ကလေး၀ လမ်းပိုင်းပေါ်မှ စတင်ခဲ့သည့် စစ်ကောင်စီနှင့် ကနီကာကွယ်ရေး အဖွဲ့တို့ တိုက်ပွဲသည် ယနေ့အထိ ဒေသတွင်း ပျံ့နှံသွားပြီး ယခုအခါ ဒေသ ၃၀နီးပါး အသက်ဆုံးကာ ထွက်ပြေးတိမ်းရှောင် မှုများလည်း ရှိနေသည်။
စစ်တပ်သည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပိုမိုဆန့်ကျင်ခံလာရရာ ယခင်က နယ်စပ်ဒေသများတွင်သာ တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ခဲ့သော်လည်း ယခုအခါ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်များမှ ပြည်သူများ ကပါ လက်နက်စွဲကိုင်ပြီး စစ်တပ်အား ပြန်လည်တော်လှန်လျှက်ရှိသည်ကို တွေ့ရသည်။
You may also like these stories:
ဖယ်ခုံမြို့နယ်မှ စစ်ဘေးရှောင် နှစ်သောင်းကျော်အတွက် အကူအညီများ လိုအပ်နေ
ဒီမော့ဆိုတွင် တိုက်ပွဲပြန်စ၊ အရပ်သားနှစ်ဦး ပစ်သတ်ခံရ