ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) နှင့် အာဏာသိမ်း စစ်တပ်အကြား တိုက်ပွဲများ ဖြစ်ပွားထားပြီး လက်ရှိအချိန်ထိ စစ်ရေး တင်းမာနေဆဲ ဖြစ်သည်ဟု သတင်း ရရှိသည်။
ဒီးမော့ဆို PDF တပ်ဖွဲ့နှင့် စစ်ကောင်စီကြား မေ ၂၇ ရက် ညသန်းခေါင်ယံ အချိန်က ၁ နာရီကြာ တိုက်ပွဲ ဖြစ်ပွားထားသည်။
ယနေ့ မနက်ပိုင်း အခြေအနေနှင့် ပတ်သက်၍ ဒီးမောဆို PDF တပ်ဖွဲ့ဝင်တဦးက “မနေ့ညက ၁ နာရီလောက်မှာ စစ်တပ် တွေ ထိုးစစ်ဆင်လာလို့ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်တာ တနာရီလောက် ကြာတယ်။ ဒီနေ့ မနက်အခြေအနေက သူတို့ ဘက်ဘက်က ငြိမ်နေတယ်။ ကျနော်တို့ဘက်ကလည်း ငြိမ်နေတယ်။ တိုက်ခိုက်မှု မရှိသေးဘူး။ ဒါပေမယ့် ကျနော်တို့ လည်း ပြင်ဆင်မှုတွေ လုပ်နေတယ်။ နှစ်ဖက်အခြေအနေကတော့ ထပ်ပြီး တိုက်ခိုက်မှုတွေ ဖြစ်ဖို့ပဲ ရှိတယ်။ လုံးဝ ငြိမ်သွား ဖို့တော့ မရှိဘူး” ဟု ပြောသည်။
ဒီးမော့ဆို PDF တပ်ဖွဲ့ဝင်က ယနေ့ မနက်ပိုင်းတွင် ပစ်ခတ်မှုများ မရှိသေးကြောင်း ပြောသော်လည်း ဒီးမော့ဆိုမြို့တွင်း၌ မနက် ၆ နာရီဝန်းကျင်မှစ၍ မနက် ၈ နာရီကြားတွင် ပစ်ခတ်သံများ ကြားရကြောင်း ဒေသခံများက ပြောသည်။
မေ၂၇ ရက် ညပိုင်းကလည်း ည၈ နာရီမှစ၍ မေ ၂၈ ရက် မနက် ၁ နာရီကျော်အထိ ပစ်ခတ်သံများ ကြားရကြောင်း ဒေသ ခံများက ဆိုသည်။
ဒီးမော့ဆိုမြို့တွင် နေထိုင်သည့် အမျိုးသမီးတဦးက “ညက လက်နက်ကြီး ပစ်သံ ၁၀ ချက်လောက် ကြားတယ်။ ည ၈ နာရီ ကနေ ပစ်သံတွေ ကြားလိုက် ပြန်ငြိမ်သွားလိုက် ၉ နာရီကျော်မှာ တခါ ကြားလိုက် ၁၀ နာရီကျော်မှာ တခါပစ်သံတွေ ကြားလိုက်နဲ့ ကျမတို့ဆို ညကနေ မိုးလင်းပေါက်ထိ မအိပ်ရဲဘူး။ ကိုယ့်အိမ်နား ရောက်လာမလား။ ပြေးရမလားနဲ့ တည လုံးပဲ” ဟု ပြောသည်။
ဒီးမော့ဆိုမြို့တွင်း အခြေအနေမှာ မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာအချို့တွင် PDF ဘက်က တပ်စွဲကာ လှုပ်ရှားနေပြီး စစ်ကောင်စီဘက်ကလည်း မြို့တွင်း လှည့်လည်ခြင်းများ ပြုလုပ်လျက် ရှိနေသည်။
ဒီးမော့ဆိုမြို့တွင် အခြေစိုက်လှုပ်ရှားနေသည့် PDF တပ်ဖွဲ့နှင့် စစ်ကောင်စီသည် မေ ၂၁ ရက်က စ၍ တိုက်ခိုက်မှုများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
ကယားပြည်နယ်တွင် ဒီးမော့ဆိုအပြင် လွိုင်ကော်မြို့နယ်အတွင်း၌လည်း လွိုင်ကော် PDF အဖွဲ့က လွိုင်လင်လေးရဲစခန်းကို ဝင်တိုက်ခိုက်ခြင်း၊ စစ်ကောင်စီတပ်၏ ကင်းလှည့်နေသည့် တင့်ကားတစီးကို မိုင်းထောင် ဖောက်ခွဲခြင်းအပြင် နှစ်ဖက် ရင်ဆိုင်တိုက်ပွဲများလည်း ဖြစ်ပွားထားသည်။
ဒီးမော့ဆိုနှင့် လွိုင်ကော်တွင် PDF နှင့် စစ်ကောင်စီကြား တိုက်ခိုက်မှုများတွင် ကြားညှပ်ကာ ပိတ်မိနေမည်ကို စိုးရိမ်သဖြင့် ကျေးရွာပေါင်း ၁၅၀ ကျော်က အရပ်သား ၅၀၀၀၀ ကျော်သည် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။
လွိုင်ကော်မြို့နယ်နှင့် နယ်နိမိတ်ထိစပ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင်လည်း ဖယ်ခုံ PDF တပ်ဖွဲ့က စစ်ကောင်စီနှင့် တိုက်ပွဲ ဖြစ်ပွားထားသည်။
ဖယ်ခုံ PDF သည်လည်း မိုးဗြဲ ရဲစခန်းကို မေ ၂၃ ရက်က စီးနင်း တိုက်ခိုက်ကာ မီးရှို့ထားသည်။
ဖယ်ခုံ PDF နှင့် စစ်ကောင်စီကြား စစ်ရေး တင်းမာမှုကြောင့်လည်း ဖယ်ခုံမြို့နယ်တွင်း ဒေသခံ ၂၅၀၀၀ ကျော်သည် နေရပ်စွန့်ခွာကာ စစ်ဘေးရှောင်ဒုက္ခသည်များအဖြစ် ထွက်ပြေး တိမ်းရှောင်နေရသည်။
You may also like these stories:
မြန်မာ့အရေး ဝင်ရှင်းပေးရန် NCA သက်သေနိုင်ငံများကို အပစ်ရပ်အဖွဲ့များ အဆိုပြု
ကယားတွင် အရပ်သား ငါးသောင်းကျော် စစ်ဘေးရှောင်နေရ
ဖယ်ခုံမြို့နယ်မှ စစ်ဘေးရှောင် နှစ်သောင်းကျော်အတွက် အကူအညီများ လိုအပ်နေ