သတင်း

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူသောင်းချီ စစ်ဘေးရှောင်နေရ

Want create site? Find Free WordPress Themes and plugins.

စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူပြီးသည့်နောက်ပိုင်း စစ်ကောင်စီတပ်နှင့် ပြည်နယ်၊ တိုင်းအသီးသီးရှိ ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များ အပါအဝင် ကချင်၊ ကရင် တိုင်းရင်းသား လက်နက်ကိုင်များအကြား နေ့စဉ်နှင့်အမျှ တိုက်ပွဲ များ ဖြစ်ပွားလျက်ရှိရာ လူပေါင်းသောင်းချီမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။

အာဏာသိမ်း စစ်ကောင်စီတပ်များသည် အပြစ်မဲ့ပြည်သူများအပေါ် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကျေးရွာသားများပိုင်သည့် ပစ္စည်းများကို ခိုးယူလုယက်ခြင်း၊ ဖျက်ဆီးခြင်းများကိုလည်း ကျူးလွန်လျက် ရှိသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှု အထောက်အကူပေးရေး ညှိနှိုင်းမှုအဖွဲ့ (UNOCHA) ၏ မေ ၂၇ ရက်နေ့က ထုတ်ပြန်ချက် အရ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဧပြီ ၂၄ ရက်မှ မေ ၂၄ ရက်အတွင်း ဖြစ်ပွားသော ပဋိပက္ခများကြောင့် နေရပ် စွန့်ခွာထွက်ပြေးသည့် စစ်ဘေးရှောင် စုစုပေါင်း ၈၅၀၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (CDF) တို့အကြား မေလ ဆန်းပိုင်းမှစပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ မင်းတပ်မြို့နယ်အတွင်းရှိ ဒေသခံ ၂၀၀၀၀ ဝန်းကျင်သည် နီးစပ်ရာ တောတောင် များအတွင်း ဝင်ရောက်ပုန်းခိုပြီး စစ်ဘေးရှောင်နေရသလို တချို့မှာလည်း အနီးဝန်းကျင် ကျေးရွာများတွင် သွားရောက် ခို လှုံနေကြရသည်။

မင်းတပ်မြို့ စံပြရပ်ကွက်မှ ကြားနေလိုင်းကျေးရွာတွင် စစ်ရှောင်နေသူ ဒေါ်မိုင်နီစိမ်းက “ဒုက္ခရောက်တာကတော့ မျိုးစုံပဲ။ ဖြစ်သလို နေထိုင်နေကြရတာ။ တချို့ကတော့ တောထဲမှာပဲ ဒီအတိုင်း ရှိတာတွေကို ဝေမျှပြီး စားသောက်ကြတယ်။ တချို့ ကတော့ အနီးဝန်ကျင်က ရွာတွေမှာ ခိုလှုံနေတာ ရှိတယ်။ အဓိက လိုအပ်နေတာက ဆန်တွေနဲ့ ကျန်းမာရေးအတွက် ဆေး ဝါးတွေ လိုအပ်နေတယ်။ စစ်ဘေးရှာင်ဆီပို့တဲ့ ရိက္ခာတွေကိုလည်း စစ်ကောင်စီက လမ်းကနေ ဖြတ်တောက်ထားလို့ တော် တော်ဒုက္ခဖြစ်နေတယ်” ဟု ဧရာဝတီကို ပြောသည်။

မေလ ၁၄ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီ၏ ကား ၆ စီးကို မင်းတပ်ကာကွယ်ရေးတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက် ခဲယမ်းများပါ သိမ်းဆည်းရမိခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ မင်းတပ်မြို့ အရပ်သားပြည်သူများ နေထိုင်ရာ ရပ်ကွက်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မြို့ပေါ်ရှိ ပြည်သူများကို စနိုက်ပါဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟုလည်း မင်းတပ်မြို့ခံများက ပြောသည်။

တိုက်ပွဲများကြောင့် အိုးအိမ်များစွန့်ခွာပြီး တောထဲစစ်ရှောင်နေကြရသည့် ကယားပြည်နယ်က ပြည်သူများ (ဓာတ်ပုံ – PKPF)

မင်းတပ်မြို့ခံတဦးက “စစ်ကောင်စီတပ်ဖွဲ့တွေ အခု ကျနော်တို့မြို့ပေါ်မှာ တပ်စွဲထားတယ်။ သူတို့ သိမ်းပိုက်ထားတယ်ပေါ့။ မပြေးနိုင်လို့ ကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေဆီ ဆေးဝါးတွေပေးရင်လည်း စစ်ကောင်စီတပ်ဖွဲ့က ဖမ်းနေတာ ရှိတယ်။ လမ်းတွေကိုလည်း သူတို့ ပိတ်ထားတယ်။ တချို့ လမ်းသွားလမ်းလာတွေကို ဖမ်းပြီးတော့လည်း ပိုက်ဆံတွေ တောင်း တယ်။ အိမ်တွေက ပစ္စည်းတွေကိုလည်း ဖောက်ပြီးတော့ အကုန်ယူနေတယ်” ဟု ဧရာဝတီကို ပြောသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကနီပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့တို့ မေ ၂၂ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့မှုကြောင့် ကနီမြို့နယ်အတွင်းရှိ ဒေသခံပြည်သူ ၁၀၀၀၀ ကျော်မှာလည်း ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ကနီမြို့ခံ ကိုထွန်းထွန်းဦးက ပြောသည်။

ကနီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်က သေဆုံးမှု ရှိသလို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်မှလည်း ၃ ဦး ကျဆုံးခဲ့ကြောင်း မြို့ခံများက ပြောသည်။

ကိုထွန်းထွန်းဦးက “ကျနော်တို့ ကနီတမြို့နယ်လုံးဆိုရင် ပြည်သူ ၁ သောင်းကျော်လောက် ဘေးလွတ်ရာ ထွက်ပြေး နေရ တာ ရှိတယ်။ သူတို့မှာ အမိုးအကာ မရှိဘူး။ တောထဲမှာလည်း ဝင်ရောက်ခိုလှုံနေရတာ ရှိတယ်။ တချို့လည်း ကျေးရွာတွေ မှာ ဝင်ခိုလှုံနေတာရှိတယ်။ ရိက္ခာကတော့ ပတ်ဝန်းကျင် ရွာတွေကပဲ ကျွေးမွေးထားတယ်။ လူတွေကတော့ အဖမ်းခံထားရ တာလည်း ရှိတယ်။ တချို့လည်း ပျောက်တာရှိတယ်။ စာရင်း အတည်မပြုနိုင်သေးဘူး” ဟု ပြောဆိုသည်။

ထို့အတူ ကယားပြည်နယ်အတွင်း လွိုင်ကော်၊ ဒီးမော့ဆို၊ ဖားဆောင်းမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် များမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များကြား မေလ ၂၁ ရက်မှစတင်ကာ တိုက်ပွဲများ ပြင်းထန်ခဲ့ရာ လူပေါင်း ၅၀၀၀၀ ကျော် စစ်ဘေးရှောင်နေရသည်။

တိုက်ပွဲများကြောင့် အိုးအိမ်များစွန့်ခွာပြီး တောထဲစစ်ရှောင်နေကြရသည့် ကယားပြည်နယ်က ပြည်သူများ (ဓာတ်ပုံ – PKPF)

စစ်ကောင်စီဘက်မှ ဒေသခံများ တိမ်းရှောင် ခိုလှုံနေသည့် ဘုရားကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူများ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများလည်း ရှိနေသည်။

ကရင်နီအရပ်ဖက် လူမှုအဖွဲ့တခုမှ တာဝန်ခံတဦးက “အခက်အခဲက တော်တော်များတယ်။ ရိက္ခာထောက်ပံ့တဲ့ အဖွဲ့လည်း မရှိဘူး။ ဒေသခံအချင်းချင်းပဲ ရှိတာတွေကို ပေးကမ်းပြီး ဖြစ်သလို စားသောက် နေထိုင်နေကြတယ်။ ဒီနေ့တော့ ပစ်တာ ခတ်တာတော့ မရှိဘူး။ ဒါပေမယ့် တိုက်ပွဲကလည်း မငြိမ်သေးဘူးဗျ” ဟု ပြောဆိုသည်။

ထို့ပြင် ကချင်ပြည်နယ် မိုးမောက်၊ မန်စီ၊ ဗန်းမော်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ကချင်နှစ်ခြင်းခရစ် ယာန်အသင်းချုပ် (KBC) ဒေါက်တာ ခလန်ဆမ်ဆွန်က ပြောသည်။

၎င်းက “တိုက်ပွဲဖြစ်လို့ ထပ်တိုးတဲ့ စစ်ရှောင်အရေအတွက်က လူပေါင်း ၃ ထောင် လောက်ရှိတယ်။ တချို့ကလည်း နီး စပ်ရာ ရွာတွေ ဝင်ခိုကြတယ်။ တချို့က အရင်နေခဲ့တဲ့ စစ်ရှောင်စခန်းကို ပြန်သွားတာလည်း ရှိတယ်။ အခုအချိန်မှာ ကျနော်တို့လည်း သွားပြီး ကူညီကယ်ဆယ်ရေးတွေ မလုပ်နိုင်ဘူး။ ထမင်းထုပ် တထုပ်ကိုတောင် ကိုင်ပြီးသွားဖို့ မလွယ် ဘူး။ လမ်းတွေ ပိတ်ထားတယ်” ဟု ဧရာဝတီကို ပြောသည်။

ကချင်းပြည်နယ်အတွင်းရှိ စစ်ရေးဗျူဟာအရ အရေးပါသည့် စစ်ကောင်စီတပ်စခန်းထိုင်ရာ အလော့ဘွမ်ဗျူဟာကုန်းကို KIA က တိုက်ခိုက် သိမ်းယူနိုင်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ ကြည်းတပ်၊ လေတပ်ဖြင့် ပူးပေါင်း ထိုးစစ်ဆင်ခဲ့သော် လည်း စခန်းကို ပြန်လည်သိမ်းယူနိုင်ခြင်း မရှိသည့်အပြင် ၎င်းတို့၏ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီးပင် KIA က ပစ်ချနိုင် ခဲ့သည်။

တိုက်ပွဲများကြောင့် အိုးအိမ်များစွန့်ခွာပြီး တောထဲစစ်ရှောင်နေကြရသည့် ကယားပြည်နယ်က ပြည်သူများ (ဓာတ်ပုံ – PKPF)

ကရင်ပြည်နယ်၌လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မတော်ဟာ (၅) တပ်ရင်း၊ တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့ တို့ကြား မေ ၅ ရက်မှ ၂၆ ရက်ထိ ထိတွေ့တိုက်ပွဲ အကြိမ်ပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ဒေသခံတိုင်းရင်းသား ၁၀၀၀၀ ကျော်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ကရင်သတင်းမီဒီယာများက ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူ ဦးရေအသစ် မရှိသော်လည်းပဲ စစ်ကောင်စီတပ်ဖွဲ့ နှင့် ရက္ခိုင့်စစ်တပ် (AA) တို့ကြား ၂၀၁၈ မှ ၂၀၂၀ နိုဝင်ဘာထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရ သည့် ဒေသခံ ၁ သိန်းကျော်မှာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပေ။

ဘေးကင်းလုံခြုံမှု မရှိခြင်း၊ ဘဏ်စနစ် အပြည့်အဝ အလုပ်မလုပ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ခြင်းနှင့် ရှိရင်းစွဲ အဟန့်အတားများကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးတွင် အခက်အခဲ များစွာရှိနေဆဲဖြစ်သည်ဟု UNOCHA က ၎င်းတို့၏ ထုတ်ပြန်ချက်တွင် သုံးသပ်ဖော်ပြထားသည်။

You may also like these stories:

ဖယ်ခုံမြို့နယ်မှ စစ်ဘေးရှောင် နှစ်သောင်းကျော်အတွက် အကူအညီများ လိုအပ်နေ

ကယားတွင် အရပ်သား ငါးသောင်းကျော် စစ်ဘေးရှောင်နေရ

Did you find apk for android? You can find new Free Android Games and apps.
Loading