မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုသည် ဖေဖော်ဝါရီနောက်ပိုင်း ကျဆင်းလာရာမှ မေ ၂၇ ရက်က တရက်တည်း ပိုးတွေ့သူအရေအတွက် ၉၆ ဦးအထိ မြင့်တက်သွားခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ရှိ ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကူးစက်မှု ရာခိုင်နှုန်းအားဖြင့်လည်း မေလအတွင်း ကူးစက်မှုနှုန်း ၃ ရာခိုင်နှုန်းကျော်သာရှိရာမှ မေလ ၂၇ ရက်နေ့တွင် ၅ ဒသမ ၃၇ ရာခိုင်နှုန်းအထိ တိုးလာခြင်းဖြစ်ကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ဧရာဝတီကို ပြောသည်။
၎င်းက “ရောဂါဖြစ်ပွားမှုတွေက တိုးလာတယ်။ ၁၀၀ နီးနီး ဖြစ်လာတယ်ပေါ့။ ဒီလို ၁၀၀ မဖြစ်ခင်မှာ ၃၀ ဝန်းကျင်လောက် တက်လာတာကို တွေ့ရပါတယ်။ ဒီရှေ့ပိုင်းမှာဆိုရင် ရောဂါဖြစ်ပွားမှုတွေက ၁၅/၂၀ လောက် ဖြစ်နေပြီးတော့မှ ၁၀၀ ဝန်းကျင်လောက် မဖြစ်ခင်မှာ ရောဂါဖြစ်ပွားမှုတွေက အရင်ကထက်စာရင် တိုးလာတယ်” ဟု ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၃ ရက်တွင် ၂၆၃ ယောက်အထိ အမြင့်ဆုံး ကူးစက်ခံခဲ့ရရာမှ မတ်တွင် အမြင့်ဆုံးကူးစက်ခံရမှု ၄၉ ယောက်၊ ဧပြီတွင် အမြင့်ဆုံး ကူးစက်ခံရမှုနှုန်း ၃၈ ယောက်အထိ ကျဆင်းခဲ့ပြီး မေ ၂၇ ရက်တွင် ၉၆ ဦးအထိ ကူးစက်မှုနှုန်း ပြန်လည် မြင့်တက်လာခြင်း ဖြစ်သည်။
ထုတ်ပြန်သည့် ကိုဗစ်ဖြစ်ပွားမှုနှုန်း ရုတ်တရက် မြင့်တက်သွားခြင်းမှာ စစ်ကိုင်းတိုင်း၊ တမူးမြို့ အချုပ်ကားပေါ် ပါလာသူများအနက် တွေ့ရှိမှုများခြင်းကြောင့် ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
ဒေါက်တာခင်ခင်ကြီးက “စစ်ကိုင်းတိုင်း တမူးမှာဆိုရင် အချုပ်ကားတွေမှာ ပိုးတွေ့တယ်။ စစ်ဆေးမှု စုစုပေါင်း ၁၀၂ ယောက် စစ်တာမှာ ၅၆ ယောက် ပိုးတွေ့တယ်။ ဒီစာရင်းတွေ ပါသွားတော့ စုစုပေါင်း ပိုးတွေ့တဲ့လူက မနေ့ကဆိုရင် များသွားတာ ဖြစ်ပါတယ်” ဟု ရှင်းပြသည်။
လတ်တလော ကိုဗစ်ကူးစက်ခံရသူများတွင် ပြင်းထန်လူနာ မပါဝင်ဘဲ ရောဂါလက္ခဏာ အသင့်အတင့် ရှိသူများသာ အများ စုဖြစ်နေကြောင်း၊ ကိုဗစ်ကူးစက်ခံရမှုကို ထိန်းချုပ်နိုင်ရန်အတွက် ဖြစ်ပွားမှုများနေသည့် မြို့နယ်များတွင် Stay at Home ကြေညာပြီး လေကြောင်းလိုင်းများကိုလည်း ရပ်နားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
မေ ၂၉ ရက်၊ နံနက် ၄ နာရီမှစ၍ ကိုဗစ် ပိုးတွေ့လူနာ များပြားနေသော ချင်းပြည်နယ် တွန်းဇံမြို့နယ်နှင့် စစ်ကိုင်းတိုင်း ရှိ တမူးမြို့နယ် ၂ မြို့ကို Stay at Home သတ်မှတ်လိုက်ကြောင်း မေ ၂၈ ရက် ည ၈ နာရီ MRTV သတင်းတွင် ကြေညာသွားသည်။
“လက်ရှိ အနေအထားအရ ဆိုရင်တော့ အိန္ဒိယကလာတဲ့ ဂိတ်တွေကိုပိတ်မယ်။ ပြီးရင် ရောဂါဖြစ်ပွားမှုကို ပြန့်မသွားအောင် ပိတ်မယ်။ နောက် လေကြောင်းခရီးတွေ ဖြစ်ပွားမှုနေရာက လေကြောင်းခရီးစဉ်တွေကိုလည်း ပိတ်ဖို့ကိစ္စ ဆောင်ရွက်နေပါ တယ်” ဟု ဒေါက်တာ ခင်ခင်ကြီးက ဆိုသည်။
ကိုဗစ်ဖြစ်ပွားမှုသည် လူဦးရေထူထပ်သည့် ရန်ကုန်တိုင်းတွင် အများဆုံးဖြစ်ခဲ့ပြီး ဧရာဝတီ၊ မွန်၊ တနင်္သာရီ၊ ပဲခူးနှင့် စစ်ကိုင်းတိုင်းတို့တွင်လည်း ဖြစ်ပွားမှုများ ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ဖြစ်ပွားမှု မြင့်တက်နေသည့် ကာလအတွင်း ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းခဲ့သည်။
ထို့နောက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ကျန်းမာရေးဝန်ထမ်း အများစုက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြရာ ကျန်းမာရေးစောင့်ရှောက်မှု ယန္တရား ပျက်သွားခဲ့ပြီး အစိုးရဆေးရုံများ ရာနှင့်ချီ ပိတ်သွားခဲ့သည်။
ကိုဗစ်ကာကွယ်ဆေးထိုးခြင်းနှင့် စစ်ဆေးခြင်း လုပ်ငန်းများကို အာဏာသိမ်း စစ်ကောင်စီက ဆက်လက် ဆောင်ရွက်ခဲ့သော်လည်း ပြည်သူလူထုက အယုံအကြည် မရှိသဖြင့် စစ်ကောင်စီ၏ အဆိုပါ လုပ်ငန်းစဉ်များတွင် ယနေ့အချိန်ထိ ပူးပေါင်းပါဝင်ခြင်း မရှိသလို CDM ပြုလုပ်သည့် ကျန်းမာရေး ဝန်ထမ်းများကလည်း လုပ်ငန်းခွင် ပြန်ဝင်ခြင်း မရှိသေးပေ။
သို့သော် ပြည်သူအချင်းချင်းကြား ကိုဗစ်-၁၉ ကူးစက်မှု အန္တရာယ်နှင့် ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာပေါ် သတိပေးမှုများကို တွေ့မြင်ရသလို စိုးရိမ်သောက များနေသည့်ကြားမှ ကျန်းမာရေးကို ဂရုစိုက်ကြရန် တိုက်တွန်းပြောဆိုမှုများလည်း ရှိသည်။
၂၀၂၀ မတ်လ ၂၃ ရက်မှ ၂၀၂၁ မေလ ၂၇ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၄၃,၄၁၄ ဦးရှိပြီး သေဆုံးသူ ၃,၂၁၆ ဦးနှင့် ဆေးရုံဆင်းခွင့်ရရှိသူ ၁၃၂,၂၆၉ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
ကိုဗစ်တတိယလှိုင်း ဖြစ်လာလျှင် မြန်မာ ခံနိုင်ရည် မရှိ
သုံးမျိုးစပ် မျိုးကွဲသစ် ကူးစက်မှုနဲ့ အိန္ဒိယရဲ့ ကိုဗစ် ဒုတိယလှိုင်း အခြေအနေ
အမေရိကန်တွင် ကာကွယ်ဆေးထိုးပြီးသူများ နှာခေါင်းစည်း ဖြုတ်နိုင်ပြီ