ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ မေလ ၂၉ ရက်တွင် နှစ် ဖက် သဘောတူညီချက် လက်မှတ် ရေးထိုးပြီး မဟာမိတ်အဖြစ် ပူးပေါင်းလိုက်ကြောင်း CNF က သတင်း ထုတ် ပြန်သည်။
အဆိုပါ သဘောတူညီချက်တွင် NUG နှင့် CNF တို့ကြား အပြန်အလှန်အသိအမှတ်ပြုမှု၊ အပြန်အလှန် လေးစားမှု တို့ ပါဝင်ပြီး အာဏာရှင်စနစ် ဆန့်ကျင် တော်လှန်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖော်ဆောင်ကျင့်သုံးရေး အတွက် တန်းတူရေး အခြေခံကာ လက်တွဲ ဆောင်ရွက်သွားရန်အပါအဝင် အခြား အရေးကြီးသော ပူးပေါင်း ဆောင်ရွက်မှု ကိစ္စများ ပါဝင်ကြောင်း သိရသည်။
အခြား အရေးကြီးသော ကိစ္စများမှာ မည်သည့်ကိစ္စများ ဖြစ်သည်ကို ဧရာဝတီက စုံစမ်းနေဆဲ ဖြစ်သည်။
နှစ်ဖက် သဘောတူညီချက်ကို NUG ဘက်မှ နိုင်ငံတော် ဒုတိယ သမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စု ဝန်ကြီး ချုပ် မန်းဝင်းခိုင်သန်း၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေး ဝန်ကြီးနှင့် ချင်းအမျိုးသား တပ်ဦး (CNF) မှ ဥက္ကဋ္ဌ ပူးဇင်ကျုံး၊ ဒုဥက္ကဌများ၊ အထွေထွေအတွင်းရေးမှူးများ လက်မှတ်ရေးထိုးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
CNF သည် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် အခြားတိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နှင့်အတူ ပထမဆုံး လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည်။
NUG စတင်ဖွဲ့စည်းသောအခါ CNF ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်သည် NUG ၏ ဖက်ဒရယ် ပြည်ထောင်စုရေးရာ ဝန်ကြီးအဖြစ် ရွေးချယ် ခန့်အပ်ခံရသည်။
NUG ကို အာဏာသိမ်း စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားပြီးနောက် မည်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကမှ ပေါ်ပေါ်ထင်ထင် မထောက်ခံရဲသေးသည့် အချိန်တွင် CNF က ပထမဆုံး ပူးပေါင်း ဆောင် ရွက်လာခြင်း ဖြစ်သည်။
NCA လက်မှတ်ထိုးထားသော အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကမူ စစ်ကောင်စီတပ်နှင့် မြန်မာ့နိုင်ငံ ရေး အင်အားစုများကြား ဆွေးနွေး ညှိနှိုင်းမှု ဖြစ်မြောက်ရန် ကြိုးပမ်းနေသည်။
အဆိုပါ လက်နက်ကိုင် အဖွဲ့များက မေလ ၁၁ ရက်တွင် နိုင်ငံခြားသံရုံးများသို့ ပေးပို့သည့် မြန်မာနိုင်ငံရှိ နိုင်ငံရေး ပြဿနာများအား တရုတ်နိုင်ငံ အပါအဝင် NCA သက်သေနိုင်ငံများက ဝင်ရောက်ညှိနှိုင်း ဖြေရှင်းပေးရန် အဆိုပြု သည့် စာတွင်လည်း CNF ဥက္ကဋ္ဌ ပူးဇင်ကျုံးက ပါဝင် လက်မှတ် ရေးထိုးထားခြင်း မရှိပေ။
အဆိုပါ အဆိုပြုချက်သည် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ပြည်သူများအား အကြမ်းဖက် ပစ်သတ်သည့် စစ်ကောင် စီနှင့် ဆွေးနွေးရေး ညှိနှိုင်းအဖြေရှာရေး အဆိုပြုထားသဖြင့် ပြည်သူလူထုကြား ဆန့်ကျင် ဝေဖန်ခံနေရသည့် ထုတ်ပြန်ချက်လည်း ဖြစ်သည်။
You may also like these stories:
အကြောက်တရားတွေ ဖိနှိပ်မှုတွေနဲ့ မရှင်သန်လိုဘူးဆိုတဲ့ ထားထက်ထက်နဲ့ မေးမြန်းခြင်း
ဒီးမော့ဆိုမှာ PDF နှင့် စစ်ကောင်စီကြား စစ်ရေး တင်းမာ
NUG အစိုးရရော စစ်ကောင်စီပါ WHO ညီလာခံ တက်ခွင့်မရ