ရှမ်းနီ အမျိုးသားများတပ်မတော် (SNA) ၏ ဒုတိယစစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ် စဝ်ခွန်ကျော်ကို မြန်မာစစ်တပ်ဘက်က လုပ်ကြံပစ်သတ်ခြင်းဖြစ်ကြောင်း SNA ပြောခွင့်ရ ဗိုလ်မှူးကြီး ဆေစိုင်းထွန်းက ဧရာဝတီသို့ပြောသည်။
၎င်းက “အဓိကတော့ ပုဂ္ဂိုလ်ရေး မုန်းတီးမှုတွေ ဘာတွေမရှိဘူး။ ရန်သူဘက်ကပါပဲ။ ဝင်လုပ်တာပေါ့။ တကယ်ကို စနစ်တကျထိုးဖောက်ဝင်ရောက်လာတာပေါ့။ မြန်မာစစ်တပ်ဘက်က လုပ်တာပါ” ဟု ပြောသည်။
ဗိုလ်ချုပ်စဝ်ခွန်ကျော်ကို SNA တပ်ဖွဲ့အတွင်းစည်းထိ ဝင်ရောက်နေသော မြန်မာစစ်တပ်ဘက်ကလူက မေလ ၂၆ ရက်တွင် အနီးကပ် ဝင်ရောက်ပစ်ခတ်သဖြင့် သေဆုံးသွားခြင်း ဖြစ်ကြောင်း ဗိုလ်မှူးကြီး ဆေစိုင်းထွန်းက ပြောသည်။ သို့သော်လည်း SNA တွင် မြန်မာစစ်တပ်ဘက်က လုပ်ကြံကြောင်း အထောက်အထားမည်မျှရထားသည်နှင့် ပတ်သက်၍မူ ၎င်းက ပြောကြားခြင်းမရှိပေ။
“ဖြစ်တာကတော့ ၂၆ ရက်နေ့ဖြစ်တာ။ ဆုံးတာကတော့ ၂၇ ရက်နေ့ နံနက် ၉ နာရီဆုံးတာ။ သူ့လုံခြုံရေးအဖွဲ့ကို ပစ်ပြီးမှ သူ့ကို ပစ်သွားတာပါ။ ကျဆုံးတာကတော့ သူ ၁ ယောက်တည်းပါ။ ကျန်တဲ့ သူ့ရဲ့လုံခြုံရေးတပ်စိပ်မှူးတို့ ၁ ဒဏ်ရာရတယ်။ လုပ်ကြံတဲ့သူကိုတော့ ကျနော်တို့ အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
လုပ်ကြံသူနှင့် ဆက်စပ်သူများကိုဖမ်းဆီးရမိနိုင်ရေး SNA က ဆက်လက်စုံစမ်းဖော်ထုတ်နေပြီး ဗိုလ်ချုပ်စဝ်ခွန်ကျော်၏ ဈာပနကို SNA ၏ လွတ်မြောက်နယ်မြေ တနေရာတွင် ဗုဒ္ဓဘာသာ ထုံးစံအတိုင်း ပြုလုပ်မည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး ဆေစိုင်းထွန်းက ပြောသည်။
ဗိုလ်ချုပ် စဝ်ခွန်ကျော် ကျဆုံးသွားခြင်းကြောင့် ရှမ်းနီအမျိုးသားရေး လှုပ်ရှားမှုအတွက် ကြီးမားသည့် ဆုံးရှုံးမှုကို ဖြစ်စေ ပြီး ရှေ့ဆက်လုပ်ဆောင်မည့် အမျိုးသားရေး တာဝန်များအတွက်လည်း အခက်အခဲ ဖြစ်စေကြောင်း SNA က ဆိုသည်။
ဗိုလ်ချုပ် စဝ်ခွန်ကျော်သည် မိုးညှင်းမြို့နယ် မော်ဟန် ဇာတိ ရှမ်းနီတိုင်းရင်းသား တဦးဖြစ်ပြီး ၎င်း၏ အခြားအမည်မှာ ရဲဘော်သံချောင်း (ခ) ဦးမြင့်စိုးဖြစ်သည်။
၈ လေးလုံးအရေးတော်ပုံကာလအတွင်းက လက်နက်ကိုင် တော်လှန်ရေး လုပ်ရန် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နယ်မြေတွင်တောခိုခဲ့ပြီး KIA နယ်မြေရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး- မြန်မာပြည်မြောက်ပိုင်း (ABSDF-NB) တွင် ဒု-ဥက္ကဋ္ဌ နှင့် စစ်ရေးတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၎င်းသည် ABSDF-NB တွင် မြောက်ပိုင်းစစ်ရေး တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့စဉ် ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်က ပါဂျောင် ဒေသတွင်ဖြစ်ပွားခဲ့သော တောခိုကျောင်းသားများအား စစ်ထောက်လှမ်းရေးဟု စွပ်စွဲကာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်တွင် အဓိကပါဝင်သူဟု စွပ်စွဲခံထားရသူ ဖြစ်သည်။
စဝ်ခွန်ကျော်သည် ၁၉၉၉ ခုနှစ်က ရှမ်းပြည်နယ်လွယ်တိုင်းလျန်းရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဌာနချုပ် စတင် ထူထောင်စဉ်တွင် ပါဝင်လှုပ်ရှားခဲ့ပြီး RCSS/SSA ၏ ဗဟိုကော်မတီဝင်အဖြစ် လည်းကောင်း၊ ၂၄၁ တပ်မဟာမှူး အဖြစ် လည်းကောင်း ဗိုလ်မှူးကြီး ရာထူး အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
ထို့နောက် ၂၀၀၆ ခုနှစ် ဇန်နဝါရီလတွင် SNA ကိုတည်ထောင်ရန် မြန်မာပြည်မြောက်ပိုင်းသို့ ချီတက်လာစဉ် သတင်းပေါက်ကြားမှုကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နမ့်တီးရွာအနီး၌ မြန်မာစစ်တပ်၏ ပိတ်ဆို့ဖမ်းဆီးခြင်းခံရပြီး သေဒဏ်လေးကြိမ် အပြစ်ပေးခံရသည်။
သမ္မတ ဦးဝင်းမြင့်လက်ထက်တွင် လွတ်ငြိမ်းချမ်းသာမှုဖြင့် ပြန်လည် လွတ်မြောက်လာပြီး SNA သို့ ပြန်သွားကာ ဒုတိယစစ်ဦးစီးချုပ် အဖြစ် တာဝန်ဆက်လက်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ကို ၁၉၈၉ ခုနှစ်တွင် ရှမ်းနီတိုင်းရင်းသားများ၏ နိုင်ငံရေး တန်းတူ ညီမျှခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်တို့ ရရှိရန်နှင့် ရှမ်းနီပြည်နယ် ထူထောင်နိုင်ရန် ရည်ရွယ်ကာ ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း SNA ထံမှသိရသည်။
SNA သည် ရှမ်းနီတိုင်းရင်းသားများ အများစုနေထိုင်သည့် ကချင်ပြည်နယ် ဖားကန့်၊ အင်းတော်ကြီး ဒေသနှင့် စစ်ကိုင်းတိုင်း အတွင်းရှိ ဟုမ္မလင်း၊ ပင်လယ်ဘူး၊ ဗန်းမောက်၊ ခန္တီး၊ ဖောင်းပြင်နှင့် တမူးဒေသ တဝိုက်တွင် စစ်ရေးလှုပ်ရှားသည်။
You may also like these stories:
စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ ပိုင်တံခွန် ကျန်းမာရေး ဆိုးရွားနေ
ဖမ်းဆီးခံများ၏ ကြွယ်၀သော မိဘများထံမှ စစ်ကောင်စီ ငွေညှစ်နေ
မိုက်ကယ်ကျော်မြင့်နှင့် ဒေါ်မိုးမိုးခိုင်တို့၏ အမှုများ စစ်ကောင်စီက ရုပ်သိမ်းပေး