ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသ်ိမ်းမှုက ကမ္ဘာတဝန်းကူးစက်ရောဂါဒဏ်ခံနေရသော မြန်မာနိုင်ငံမှ ပုံမှန်အခြေအနေ၏ လက္ခဏာများ ပျက်စီးသွားစေပြီးနောက် ကိုဗစ်-၁၉ ဆက်လက်ကူးစက်မှုသည် အများအာရုံစိုက်ခြင်းကို မခံရတော့ပေ။
“အခုတော့ ပြည်သူလူထုက ကိုဗစ်ကို စိတ်မဝင်စာတော့ဘူး။ ခြိမ်းခြောက်မှုလည်းမဟုတ်တော့ဘူး” ဟု ရန်ကုန်အခြေစိုက် သမားတော်တဦးက စာတိုပေးပို့ပြီး ထိုစာကို သူကိုယ်တိုင်ပြန်လည် ဖျက်ပစ်လိုက်သည်။ ထိုသို့ မိမိပေးပို့သည့် သတင်းစကားကို ကိုယ်တိုင်ပြန်လည်ဖျက်ပစ်ခြင်းသည် စစ်တပ်က စောင့်ကြည်နေမည်ကို စိုးရိမ်သူများအကြား အလေ့အထဖြစ်နေသည့် ဆက်သွယ်ရေးပုံစံဖြစ်သည်။ “ပိုအရေးကြီးတာက စစ်အာဏာသိမ်းမှုအောက်မှာ ဘယ်လိုဆက်လက်ရှင်သန်မလဲ၊ ဘဏ်တွေ အေတီအမ်စက်တွေကနေ ငွေဘယ်လိုထုတ်မလဲဆိုတာ ဖြစ်နေတယ်။ ဟိုမှာ ဒီမှာ ကူးစက်မှုသစ်တွေဖြစ်နေပေမယ့် ခိုင်မာတဲ့ သတင်းအချက်အလက် မရဘူးဖြစ်နေတယ်” ဟုလည်း သူဆက်လက်ရေးသားသည်။
ထိုသို့ဖြစ်ရခြင်းမှာ ကိုဗစ်ရောဂါအပေါ် တုံ့ပြန်မှုကို စစ်အာဏာသိမ်းခြင်းက အကြီးအကျယ်ထိုးနှက်လိုက်ခြင်း ဖြစ်သည်။ ထိုတုံ့ပြန်မှုသည် လူ ၃၁၀၀ ကျော်ကို သေဆုံးစေသည့် ကူးစက်မှုလှိုင်း ၂ ခုကြောင့် အကျပ်အတည်း ဆိုက်ရောက်နေပြီးဖြစ်သည်။ ထိုနောက်တွင် ကျန်းမာရေးအရာရှိများနှင့် ကျန်းမာရေးဝန်ထမ်းများ အကြီးအကျယ် သပိတ်မှောက်ခြင်းကို စစ်တပ်က ပစ်မှတ်ထားနှိမ်နင်းခြင်းကြောင့် ရောဂါကာကွယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားကာ ဆေးရုံဆေးခန်း လုပ်ငန်းအားလုံး အလုပ်မလုပ်နိုင်တော့ပေ။
“ယေဘုယျအားဖြင့်ပြောရရင် ကျနော်တို့မှ ကိုဗစ်-၁၉ ကူးစက်မှု အရမ်းပျံ့နှံ့နေပြီး သေဆုံးမှုနှုန်းကို စိတ်ဝင်တစား စောင့်ကြည့်တာ၊ စနစ်တကျ စောင့်ကြည့်တာ မရှိတော့ဘူး” ဟု ပြည်ပထောက်ပံ့မှုဖြင့် ကျန်းမာရေးလေ့လာမှု ရာထူးတွင် တာဝန်ထမ်းဆောင်နေသည့် အခြား သမားတော်တဦးကလည်း ပြောသည်။ “ဒါတွေကို လုပ်နိုင်တဲ့ ကျန်းမာရေးစနစ် မရှိတော့ဘူး။ ကျန်းမာရေးစနစ်က အလုပ်မလုပ်တော့ဘူး” ဟုလည်း သူပြောသည်။
စစ်အာဏာမသိမ်းမီ တရက်ဖြစ်သော ဇန်နဝါရီလ ၃၁ ရက်နေ့တွင် မြန်မာကျန်းမာရေးအရာရှိများက ကိုဗစ် ကူးစက်မှုသစ် ၂၈၁ ခုရှိကြောင်းနှင့် ၇ ရက်ကာလအတွက် နေ့စဉ် ပျမ်းမျှကူးစက်မှု ၃၆၇ ခုရှိကြောင်း မှတ်တမ်းတင်ခဲ့သည်။ တနိုင်ငံလုံး ဖရိုဖရဲဖြစ်လာသော နောက်နေ့များတွင် ထုတ်ပြန်ကြေညာသော ကူးစက်မှုသစ်မှာ သုညနှင့် ရာဂဏန်းအကြားရှိနေပြီး ဖေဖေါ်ဝါရီလ ၃ ရက်နေ့တွင် ၅၇၃ ဦးအထိ များလာပြီးနောက် ဖေဖေါ်ဝါရီလ ၃ ရက်နေ့တွင် ကူးစက်မှုသစ် ၅၇၃ ရှိပြီး နောက်ပိုင်းတွင်မူ ဆယ်ဂဏန်း သာရှိတော့သည်။ အာဏာသိမ်းပြီးနောက် ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု ၁၀၀ အောက်သာ အာဏာပိုင်များက ကြေညာတော့သည်။
မည်သည့်အတိုင်းအတာအရမဆို စစ်တပ်ဦးဆောင်သည့် ကိုဗစ်တုံ့ပြန်မှုသည် အာဏာသိမ်းချိန်မှစတင်ပြီး အင်အားလျှော့နည်းသွားသည်။ သို့သော် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကူးစက်ရောဂါဆိုင်ရာ အကြီးအကဲနှင့် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခင်ခင်ကြီးက ထိုကူးစက်ရောဂါနှင့်ပတ်သက်သည့် နိုင်ငံအခြေအနေသည် အနည်းငယ်တည်ငြိမ်ကြောင်း၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း ကျန်းမာရေး သေနင်္ဂဗျူဟာပြောင်းလဲသွားကြောင်း ပြောသော်လည်း အစိုးရအပြောင်းအလဲကို ထည့်သွင်းပြောကြားခြင်း မရှိပေ။
“မကြာသေးမီက အခြေအနေအရ ကျန်းမာရေးလုပ်သား ၅၀-၆၀ ရာခိုင်နှုန်းလောက် အလုပ်ပြန်လုပ်နေပြီ” ဟု ဒေါက်တာ ခင်ခင်ကြီးက Globe သို့ ပြောသည်။ “ အပြည့်အ၀တော့ မလုပ်နိုင်သေးဘူး။ ဒါကြောင့် အချို့အစိတ်အပိုင်းတွေမှာ နည်းနည်းပါးပါး ချို့တဲ့တာတွေ ရှိတယ်။ အထူးသဖြင့် အဓိကဆေးရုံကြီးတွေကို ပြန်မဖွင့်နိုင်သေးဘူး” ဟုလည်း သူပြောသည်။
ထိုပြောရေးဆိုခွင့်ရှိသူက အချို့သော မြို့နယ်ဆေးရုံများသည် နှိုင်းယှဉ်ချက်အားဖြင့် ပြည့်နေသည် ဆိုသော်လည်း ကျန်းမာရေးစောင့်ရှောက်မှုစနစ် တခုလုံးအနေဖြင့် အာဏာမသိမ်းမီကလောက် လူနာစောင့်ရှောက်နိုင်ခြင်းမရှိဘဲ အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်သည်။
“ရောဂါစမ်းသပ်စစ်ဆေးနိုင်တဲ့ စွမ်းရည်က အရင်ကထက် ကျဆင်းသွားတယ်။ အရင်ကဆို တနေ့ကို တသောင်းခွဲနှစ်သောင်း စစ်ဆေးပေးနိုင်ပေမယ့် အခု ၁၅၀၀-၂၀၀၀ လောက်ပဲ စစ်နိုင်တော့တယ်” ဟု ဒေါက်တာခင်ခင်ကြီးပြောသည်။
စစ်ဆေးနိုင်မှုအရေအတွက် ကျဆင်းသွားသောကြောင့် မကြာသေးမီကာလအတွင်း ရောဂါတွေ့ရှိမှုကျဆင်းသွားသည်။ မေလ ၂၃ ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ကူးစက်မှုသစ် ၆ ခုသာကြေညာခဲ့ပြီး ထိုအရေအတွက်သည် အခြေအနေကို အမှန်တကယ် ကိုယ်စားပြုသည်ဟု ယုံကြည်ပါက စိတ်ပူစရာမလိုသော အရေအတွက်ဖြစ်သည်။ သို့သော် ထိုသို့မဟုတ်ကြောင်း ဒေါက်တာခင်ခင်ကြီးပြောသည်။
“ဒီထက်မက ကျမတို့ပိုစစ်နိုင်ရင် ကူးစက်မှုတွေ ပိုတွေ့မယ်။ ဒါက ယေဘုယျ ဥပဒေသပဲ။ ဒါကြောင့်မို့ စမ်းသပ်စစ်ဆေးနိုင်တဲ့ စွမ်းရည်ကို တိုးချဲ့ဖို့ ကျမတို့ ကြိုးစားနေတယ်” ဟုလည်း သူပြောသည်။
(မေလ ၂၇ ရက်တွင်မူ ပိုးတွေ့သူအရေအတွက် ၉၆ ဦးအထိ မြင့်တက်သွားခဲ့သည်။)
သို့သော် လက်ရှိအချိန်အထိ လူမှုကွန်ရက်နှင့် သမားရိုးကျ မီဒီယာတွင် ကိုဗစ်အကြီးအကျယ်ဖြစ်ပွားနေသည့် ကမ္ဘာ့အခြားနေရာများတွင်ကဲ့သို့ ကိုဗစ်ကြောင့် အစုလိုက်အပြုံလိုက် သေဆုံးသည်ကို ဖေါ်ပြခြင်းမရှိသေးပေ။
ကိုဗစ်ကြောင့်သေဆုံးမှုများမရှိဟု မယူဆနိုင်ကြောင်း စစ်အာဏာမသိမ်းမီအခြေအနေအထိ ကိုဗစ်-၁၉ ကာကွယ်ရေးကို ကူညီပြီး ကျန်းမာရေးလောက တိုးတက်ရေးကို ၇ နှစ်တာ ကူညီခဲ့သော သြစတြေးလျ သမားတော် ဒေါက်တာ ရို့စ် စကာလစ်ကီ ကလိန်းက ပြောသည်။
“သေဆုံးမှုတွေကို မတွေ့တာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် သေဆုံးမှုအများစုက အသက်ရှူလမ်းကြောင်းရောဂါကြောင့်လို့ မယူဆနိုင်ဘူး” ဟုလည်း သူပြောသည်။
အများပြည်သူ ကျန်းမာရေးဌာနများသည် လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုကြောင့် ပိတ်ထားရသည် သို့မဟုတ် အင်အားအနည်းဆုံးဖြင့် လုပ်ဆောင်နေရသောကြောင့် ကုသခံလိုသူများသည် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများသို့ သွားကြောင်း သူပြောသည်။ လူနာများအနေဖြင့် စစ်တပ်၏ ကျန်းမာရေးစင်တာများသို့ သွားရန် ကြောက်ရွံ့နေပြီး ပြင်ပလူနာကြည့်ပေးသော ဆရာဝန်များ ထိုင်သည့် ပုဂ္ဂလိကဆေးရုံများသို့သော သွားကြသည်။ စစ်တပ်သည် လူနာနှင့် ဆရာဝန်များကို ဖမ်းရန် ကုသိုလ်ဖြစ် ဆေးရုံအချို့ကို ပစ်မှတ်ထားသလို ဆေးရုံအပေါက်ဝတွင် တပ်စွဲထားခြင်းမှာလည်း မထူးဆန်းကြောင်းလည်း ရို့စ် စကာလစ်ကီ ကလိန်းက ပြောသည်။
ထို့ကြောင့် ရလဒ်အနေဖြင့် ကျန်းမာရေးစနစ်တွင် လူနာအနည်းငယ်သာပေါ်လာပြီး လက်ရှိမြန်မာနိုင်ငံဖြစ်ပေါ်သော သေဆုံးမှုနှုန်းနှင့် ပတ်သက်သည့် အသုံးဝင်သည့် သတင်းအချက်အလက် မရတော့ပေ။ သေဆုံးမှုနှုန်းနှင့် ပတ်သက်သည့် ကျယ်ပြန့်သော အချက်အလက် မသိရသောကြောင့် ကိုဗစ်-၁၉ ကြောင့် သေဆုံးခြင်း ဟုတ် မဟုတ် မသိရတော့ကြောင်း စကာလစ်ကီ ကလိန်းပြောသည်။
“ဒီရောဂါက တခြားရောဂါတွေကို ပိုမိုဆိုးရွားစေတော့ ကျောက်ကပ်ပျက်ပြီး သေတာလည်းဖြစ်နိုင်တယ်။ နှလုံးရောဂါကြောင့် သေတာလည်းဖြစ်နိုင်တယ်။ အခြေအနေ ပိုဆိုးပြီး သေကြတာပေါ့။ အသက်ရှူလမ်းကြောင်း ပြဿနာရှိတဲ့လူတွေကိုတော့ မီဒီယာက အာရုံစိုက်တယ် ကိုဗစ်အစစ်ပေါ့။ ကိုဗစ်ကြောင့် သေဆုံးမှုနှုန်းကို သိချင်ရင် စုစုပေါင်း ရေသဆုံးမှုနှုန်းကို ကြည့်ရမယ်။ ဒါပေမယ့် ဒါကလည်း မြန်မာနိုင်ငံမှာ စာရင်းက မရှိပြန်ဘူး” ဟု သူပြောသည်။
မြှုပ်နှံခြင်း သို့မဟုတ် သင်္ဂြိုလ်ခြင်းကဲ့သို့သော အလွန်အကျွံ သေဆုံးမှုနှုန်းကို တိုင်းတာသည့် အခြားနည်းလမ်းများသည် အာဏာမသိမ်းမီ လများအတွင်းကပင် အခြေအနေမှန်ကို မပြနိုင်ပေ။ ရောဂါကူးစက်မှုများသော နေရာတခုဖြစ်သည့် ရန်ကုန်တွင် ဗုဒ္ဓဘာသာဝင်များ သေဆုံးမှုကို ကိုင်တွယ်သည့် အစိုးရရုံးကလည်း သေဆုံးမှုနှုန်းကို ထုတ်ပြန်ခြင်း မရှိသေးပေ။
လူထုက ကိုရိုနာဗိုင်းရပ်ကို စိတ်ဝင်စားမှု လျှော့ကျသွားပြီး လူထုအတွင်း မည်သည့်နေရာတွင် ကူးစက်နေသည်နှင့် ပတ်သက်သည့် အချက်ကိုလည်း စိတ်မဝင်စားတော့ကြောင်း ရန်ကုန်မှ အမည်မဖေါ်လိုသော သမားတော်ကပြောသည်။
“ပူလောင်တဲ့နွေရာသီကြောင့် ရောဂါကူးစက်မှု နည်းတာလို့ တချို့ကပြောကြပြီး ကျွမ်းကျင်သူတချို့က မိုးရာသီမှာ နောက်ထပ်ကူးစက်မှု လှိုင်းလာမယ်လို့ ခန့်မှန်းတယ်” ဟု ထိုသမားတော်ပြောသည်။ “”ဒါပေမယ့် ဒါတွေက ခန့်မှန်းချက်တွေချည်းပဲလေ။ စစ်ကောင်စီဆီက ကိုဗစ်နဲ့ပတ်သက်တဲ့ ကျန်းမာရေးပညာပေးမှု သတင်းအချက်အလက်က တော်တော်နည်းတယ်။ အရင်က ကြော်ငြာဆိုင်းဘုတ်တွေ ရုပ်သံရေဒီယိုနဲ့ အခြားလူမှုကွန်ရက်ကြော်ငြာတွေကို သူတို့က ဖြုတ်ချလိုက်တယ်” ဟုလည်း သူပြောသည်။
ယခု စမ်းသပ်ခံသူအများစုသည် ကိုဗစ်-၁၉ လက္ခဏာပြသူများ သို့မဟုတ် ထိုဗိုင်းရပ်စ်နှင့် ထိတွေ့နိုင်သူဟု သတ်မှတ်ခံရသူများနှင့် နိုင်ငံတကာ ခရီးသွားရန်နှင့် အလုပ်အတွက် လိုအပ်ချက်အရ စစ်ဆေးခံသူများသာ ဖြစ်သည်။ နိုင်ငံ၏အချို့နေရာများတွင် ဆရာဝန်များသည် စနစ်တကျ စစ်ဆေးခြင်း မလုပ်နိုင်ကြောင်း အထူးသဖြင့် PCR ဓါတ်ခွဲခန်း စစ်ဆေးမှုကိုသာ အတိကျဆုံးနည်းလမ်းအဖြစ် သုံးနေရကြောင်း ဒေါက်တာ ခင်ခင်ကြီးပြောသည်။
PCR စစ်ဆေးပေးနိုင်သည့် စွမ်းရည်ကို မော်လမြိုင်တွင် ရရှိပြီဖြစ်ကြောင်းနှင့် မေလကုန်တွင် မန္တလေးတွင် ရမည်ဟု မျှော်လင့်ကြောင်းလည်း သူပြောသည်။ ထိုသို့ တချိန်တည်းတွင်ပင် ဗိုင်းရပ်စ် မျိုးဗီဇပြောင်းလဲမှုကိုလည်း ခြေရာခံနိုင်မည်ဖြစ်ကြောင်း သူပြောသည်။ ထိုသို့လုပ်ဆောင်ခြင်းမှာ ရန်ကုန်ရှိ စစ်တပ်ဓါတ်ခွဲခန်းတွင် ဖြစ်သည်။
မြန်မာကျန်းမာရေးအရာရှိများသည် နိုင်ငံတွင် အဓိက ကူးစက်နေသည့် ဗိုင်းရပ်စ်အမျိုးအစားကို ဖေါ်ထုတ်ရန် ဗိုင်းရပ်စ်မျိုးဗီဇပြောင်းလဲမှု ခြေရာခံခြင်းကို ဇန်နဝါရီလက နောက်ဆုံး ပြုလုပ်ခဲ့သည်။ ထိုစဉ်က ၎င်းတို့သည် ဥရောပတွင် အတွေ့ရများသည့် GH အုပ်စု ဗိုင်းရပ်စ်ကိုသာ တွေ့ရပြီး စိုးရိမ်စရာ မရှိပေ။ ထိုနောက်ပိုင်းတွင် ပိုမိုကူးစက်တတ်သော အမျိုးအစားဖြစ်သည့် ဗြိတိန်တွင်တွေ့ရသည့် B.1.1.7 သည် မဲခေါင်ဒေသတွင် အပြင်းအထန်ဖြစ်လာပြီး အိန္ဒိယမှ မကြာသေးမီက ပြန်လာသူများတွင် အမျိုးအမည်မသိရသေးသည့် ကိုဗစ်-၁၉ ကူးစက်မှုများ ခံစားရကြောင်း ဒေါက်တာခင်ခင်ကြီးပြောသဖြင့် စိုးရိမ်စရာဖြစ်လာသည်။ မြန်မာနိုင်ငံသည် ကာကွယ်သည့်အနေဖြင့် ထိုစဉ်မှစတင်ပြီး အိန္ဒိယမှ ခရီးသည်များကို ပိတ်ပင်ထားကြောင်းလည်း သူပြောသည်။
ရောဂါကူးစက်မှုကို တုံ့ပြန်ခြင်းသည် နိုင်ငံရေးကို ကျော်လွန် စဉ်းစားသင့်ကြောင်း ဒေါက်တာခင်ခင်ကြီးပြောသည်။ သူသည် အာဏာသိမ်းသော်လည်း ရာထူးတွင် ဆက်လက်ရှိနေသည့် ထင်ရှားသော ကျန်းမာရေးအရာရှိများအနက် တဦးဖြစ်သည်။
ရောဂါကူးစက်မှုနှင့်ပတ်သက်ပြီး ပြောကြားသောအခါဒေါက်တာခင်ခင်ကြီးက နိုင်ငံရေးအဓိပ္ပါယ် သက်ရောက်စေမည်များကို ရှောင်ရှားသည်။ ထိုနည်းလမ်းသည် အလုပ်ဆက်လုပ်နေသော အစိုးရဝန်ထမ်းများအတွက် အရေးပါသော နည်းလမ်းဖြစ်သည်။ အာဏာသိမ်းပြီး ၄ လခန့်ကြာသောအခါ သူမ၏ လုပ်ဖေါ်ကိုင်ဖက်အများအပြားသည် အလုပ်လုပ်ရန် ငြင်းဆန်ပြီး ပျောက်ကွယ်သွား သို့မဟုတ် အတိုက်အခံများဖြစ်သွားကြသည်။
အာဏာသိမ်းပြီး ၂ ပတ်ကျော်ကြာသောအခါ မြန်မာဆရာဝန်အများအပြားနှင့် စကာလစ်ကီ ကလိန်းအပါအဝင် သြစတြေးလျမှ လုပ်ဖေါ်ကိုင်ဖက် ၂ ဦးတို့သည် Lancet ဆေးပညာဂျာနယ်တွင် စာတစောင်ရေးသားပြီး အာဏာသိမ်းပြီးနောက် ကျန်းမာရေးလောကအခြေအနေကို စိုးရိမ်ကြောင်းနှင့် စစ်တပ်ကအာဏာကို ခိုင်မာအောင်လုပ်နေချိန်တွင် ကိုဗစ်တုံ့ပြန်မှု မရှိတော့ကြောင်း သတိပေးကြသည်။
“မကြာသေးမီကအထိ မိမိတို့၏ အများပြည်သူအတွက် အရေးပေါ်ဌာနများသည် ရောဂါရှာဖွေခြင်း၊ စမ်းသပ်ခြင်းနှင့် ကိုဗစ်-၁၉ လူနာများကို စောစီးစွာ ကုသခြင်းများကို လုပ်ခဲ့ကြသည်။ စစ်အာဏာသိမ်းပြီးနောက် ကိုဗစ်-၁၉ တုံ့ပြန်မှုသည် ရပ်ဆိုင်းသွားသည်” ဟု ၎င်းတို့က ရေးသားသည်။
ထိုစာကို ရေးသားသူအမည်စာရင်းတွင် အာဏာမသိမ်းမီက ကိုဗစ်-၁၉ တုံ့ပြန်မှု၌ လူသိများသည့် အမည်များ ပါဝင်သည်။ ဧပြီလ ၁၂ ရက်နေ့က တာဝန်ထမ်းဆောင်နေစဉ် အဖမ်းခံလိုက်ရသည့် ရန်ကုန်ဆေးရုံ ညွှန်ကြားရေးမှူး ဒေါက်တာ မော်မော်ဦးလည်း ပါဝင်သည်။ ထိုအရေးပေါ်သမားတော်သည် အာဏာသိမ်းမှုအပြီး နိုင်ငံရေးမှ ကင်းလွတ်ပြီး မြန်မာနှင့်ဒေသတွင်း ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် အရေးပေါ်သမားတော်အဖြစ် ဦးဆောင်သည်။ သူ့ကိုဖမ်းဆီးပြီးနောက် အင်းစိန်ထောင်တွင် ဖမ်းထားသည်။ သူသည် စစ်တပ်က ဖြိုခွဲသောကြောင့် ဒဏ်ရာရသူများကို ကုသပေးသောကြောင့် သို့မဟုတ် ဒေါက်တာဇော်ဝေစိုးနှင့် ပတ်သက်သောကြောင့် အဖမ်းခံရခြင်း ဖြစ်နိုင်သည်။
ဒေါက်တာဇော်ဝေစိုးသည် စစ်တပ်က အာဏာသ်ိမ်းပြီးနောက် နိုင်ငံရေးကို အခြားရှုထောင့်တခုမှ မြင်သူဖြစ်သည်။ ရန်ကုန်ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်ဟောင်းဖြစ်သော ဒေါက်တာဇော်ဝေစိုး သပိတ်မှောက်ရာတွင် ပါဝင်ပြီး ထင်ရှားသော အာဏာသိမ်းမှုဆန့်ကျင်သူအဖြစ် ပုန်းအောင်းနေသည်။ ယခုလအစောပိုင်းတွင်မူ သူ့ကို ဖြုတ်ချခံအရာရှိများ၏ အဓိကလူများဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ပထမဆုံး ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးအဖြစ် ခန့်အပ်သည်။
ဝေဖန်ပြောကြားပေးရန် မေတ္တာရပ်ခံခြင်းကို အကြောင်းပြန်ကြားခြင်း မရှိသော်လည်း Lancet မှ စာကိုရေးသားခဲ့သည့် ဩစတြေးလျမှ သူ၏မိတ်ဆွေ ဒေါက်တာ ဂျီယိုဂျီနာ ဖိလစ်က အဓိကကျသော ဝန်ထမ်းများနှင့် လုပ်ငန်းဆိုင်ရာ အဆောက်အအုံကိရိယာများ ဆုံးရှုံးသွားသောကြောင့် ကိုဗစ်တုံ့ပြန်မှုသည် မရေမရာဖြစ်သွားကြောင်းပြောသည်။
“အခုကျတော့ သတင်းအချက်အလက်ရဖို့ တော်တော်ခက်သွားပြီ။ စစ်တပ်အတွက်ကလွဲပြီး အများပြည်သူဆိုင်ရာ ကျန်းမာရေးလုပ်ငန်းမရှိတော့ဘူး။ အရင်တုံးက ဒီကိစ္စကို လူတွေအများကြီး ဝိုင်းလုပ်ကြကတာ။ တချို့ကျတော့လည်း စစ်တပ်က ပစ်မှတ်ထားခံနေရတယ်” ဟု ဖိလစ်ပြောသည်။
ဖိလစ်သည် ဒေါက်တာ ဇော်ဝေစိုးနှင့် ဒေါက်တာ မော်မော်ဦးတို့ကို ၂၀၀၉ ခုနှစ်က စတင်တွေ့ဆုံခဲ့သည်။ ထိုစဉ်က သူသည် ဆိုင်ကလုန်းနာဂစ်အပြီး မြန်မာနိုင်ငံတွင် အရေးပေါ်ဆေးဝါးကုသမှု သင်တန်းပေးရန် ရောက်နေခဲ့သည်။ သူသည် ၂၀၁၃ ခုနှစ်မှ ယခု စစ်အာဏာသိမ်းသည်အထိ ထိုမြန်မာဆရာဝန်နှစ်ဦးနှင့်အတူ လုပ်ကိုင်ခဲ့သည်။ ပြည်တွင်းဆရာဝန်များနှင့် ပူးပေါင်းပြီး အရေးပေါ်ကုသမှုဆေးပညာတိုးတက်အောင် လုပ်ခဲ့သည်။ ထိုပြည်တွင်း ဒေါက်တာအများအပြားသည် လွန်ခဲ့သောနှစ်က ကိုဗစ်ကူးစက်မှုတားဆီးရာတွင် အဓိကအခန်းမှ ပါဝင်ခဲ့သည်။
လွန်ခဲ့လများအတွင်း ထိုအစီအစဉ်များ အားလုံး ပျက်စီးကုန်ကြောင်း ဖိလစ်ပြောသည်။
“အခု ရန်ကုန်မှာ ဆေးရုံကနေ ကိုဗစ်ရောဂါတုံ့ပြန်မှု မရှိတာ သေချာတယ်။ အရင်က ကိုဗစ်ရှာဖွေစမ်းသပ်မှု၊ အရေးပေါ်ကုသမှု၊ လူနာဆောင်တွေနဲ့ အင်မတန် ကောင်းမွန်တဲ့ စနစ်ကို ထူထောင်ထားပြီး လူအများအပြားကိုလည်း ကိုဗစ်ကုသရေးဌာနတွေဆီ ပို့ဆောင်ပေးခဲ့တဲ့ အဓိက နေရာ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးက အခုဆို လုပ်ငန်းလည်ရုံလေးပဲ လုပ်နေရတယ်” ဟု ဖိလစ်ပြောကြားပြီး လွန်ခဲသောအပတ်များက သူ၏ မိတ်ဆွေများနှင့် ပြောခဲ့သည့်စကားများကို ကိုးကားပြောသည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှုကြောင့် ကျန်းမာရေးကဏ္ဍ ထိခိုက်သွားသော်လည်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနသည် လာမည့် ၃ လအတွင်း မြန်မာနိုင်ငံမှ ကူးစက်မှုများကို ရင်ဆိုင်ရန်ု လုပ်ဆောင်နေကြောင်း ဒေါက်တာခင်ခင်ကြီးပြောသည်။
“ကျမတို့မှာ ကျန်းမာရေးစနစ်အတွက် ဘဏ္ဍာငွေ ခွဲဝေပေးထားတာ ရှိတယ်။ ဒါကြောင့် သိပ်တော့ စိတ်ပူစရာ မလိုဘူး” ဟုလည်း သူပြောသည်။”ကျမတို့ နောက်ထပ်လှိုင်းတခုနဲ့ ရင်ဆိုင်ရရင် ကုသပေးဖို့လုပ်လို့ရတယ်။ သယ်ယူပို့ဆောင်ရေး၊ ဆေးဝါးနဲ့ ပစ္စည်းကိရိယာတွေလည်း ရှိနေတယ်” ဟုလည်း သူပြောသည်။
လက်ရှိအချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် လူ ၁ ဒဿမ ၇၅ သန်းကို ကိုဗစ်ကာကွယ်ဆေးထိုးရန် အကူအညီပေးနေကြောင်း ဒေါက်တာခင်ခင်ကြီးပြောသည်။ နောက်ထပ် လူတသန်းအားလည်း ကာကွယ်ဆေးနှစ်ကြိမ်ထိုးပေးရန် လုံလောက်သော ဆေးဝါးကို အိန္ဒိယမှ ရရှိထားကြောင်းလည်း သူပြောသည်။
နိုင်ငံ လူဦးရေ ၅၄ သန်းရှိသောကြောင့် မြန်မာကျန်းမာရေးအာဏာပိုင်များသည် လူအုပ်စုလိုက်ရောဂါခံနိုင်ရည် ရရှိရန် အနည်းဆုံး လူ ၃၂ ဒဿမ ၄ သန်းကို ကာကွယ်ဆေးထိုးပေးရမည်ဖြစ်သည်။ သို့သော် ထိုသို့ဖြစ်ရန်မှာ တိုးတက်သော နိုင်ငံများတွင်ပင် ဖြစ်နိုင်သည့်အခြေအနေ မရှိပေ။
ရောဂါကူးစက်မှုကို လေ့လာရန် ကျန်းမာရေးစနစ်ပြဿနာများကို ဖြေရှင်းနိုင်ခြင်းမရှိပါက သေဆုံးမှုမြင့်မားခြင်းကို ဆေးပညာလောကက သိနိုင်မည်မဟုတ်ဘဲ မိသားစုများသေဆုံးကြမည်ဖြစ်သည်။ ရောဂါခံများကြောင့် မည်သည့်အရေအတွက်မဆို သေဆုံးနိုင်သည်။
“လူအများအပြားက အစိုးရဆေးရုံ သို့မဟုတ် စစ်ဆေးရုံကို မသွားကြတော့ဘူး။ ဒါကြောင့် အမှန်တကယ် ဘာဖြစ်မှန်းမသိခင် နှစ်ပေါင်းများစွာကြာအောင် အချက်အလက်တွေကို စောင့်ရတော့မယ်” ဟု ကလိန်းပြောသည်။
(Southeast Asia Globe တွင် Andrew Haffner ရေးသားထားသော ‘The presumption is we have Covid running rampant’ ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ကိုဗစ်ကူးစက်မှုနှုန်း ပြန်မြင့်တက်လာ
ကိုဗစ်တတိယလှိုင်း ဖြစ်လာလျှင် မြန်မာ ခံနိုင်ရည် မရှိ
အာဏာသိမ်းပွဲကြောင့် ပျက်ပြားသွားတဲ့ ကိုဗစ်ကာကွယ်ဆေး မျှော်လင့်ချက်များ