မန္တလေးတိုင်း၊ ပုဂံမြို့သစ်ရှိ အိမ်တအိမ်ကို ယနေ့ နံနက် အစောပိုင်းက စစ်ကောင်စီတပ်များ အကြမ်းဖက် ဝင်ရောက်စီး နင်းခဲ့ရာ လူငယ်တစ်ဦး သေနတ်ကျည်ဆံ ဝမ်းဗိုက်ထိမှန် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး အခြားလူငယ် သုံးဦးလည်း ဖမ်းဆီး ခံခဲ့ရကြောင်း သိရသည်။
သေဆုံးသူမှာ အသက် ၂၆ နှစ်အရွယ် ကိုမိုးမြင့်အောင်ဖြစ်ပြီး ၃ လအရွယ် ကိုယ်ဝန်ဆောင် ဇနီးသည် ကျန်ရစ်ခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများမှာ ၎င်း၏ ညီ ၂ နှစ်ဦးဖြစ်သော ကိုဇွဲမာန်အောင် (၂၃ နှစ်) ၊ ဖိုးချမ်းလေး (ခ) ချမ်းမြေ့အောင် (၁၆ နှစ်) နှင့် ယောက်ဖတော်စပ်သူ ကိုဇာနည်တို့ ဖြစ်ကြောင်း သေဆုံးသူ၏ ဝမ်းကွဲတော်စပ်သူတဦးက ပြောသည်။
ဖြစ်စဉ်မှာ ပုဂံမြို့သစ်၊ ပျူစောထီးတောင် ရုံးတန်းရပ်ကွက်၊ Myanmar Treasure ဟိုတယ်ရှေ့လမ်းနှင့် ရွှေဟိုတယ်အနီး ကို မိုးမြင့်အောင်၏ နေအိမ်တွင် လက်နက်များ ပြုလုပ်နေသည်၊ လက်နက်ခဲယမ်းများ ရှိနေသည်ဟုဆိုကာ ဒလန်၏ သတင်း ပေးမှုကြောင့် စစ်ကောင်စီတပ်များက ယနေ့ မေလ ၃၀ ရက်၊ နံနက် ၁၂ နာရီခွဲဝန်းကျင်တွင် ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ် သည်။
မိသားစုဝင်တဦးက“ကျနော့် ညီနှစ်ယောက်က အိမ်ရှေ့မှာ အိပ်နေတာ။ ဟေ့ကောင်တွေ မအေ . . . တွေ ထထဆိုပြီး ဆောင့်ကန် နိုးပြီး ကြိုးတုပ်တယ်။ အခု သေသွားတဲ့ ကျနော့်အစ်ကိုကျ အခန်းထဲမှာအိပ်တာ သူ့မိန်းမနဲ့။ သူ့မိန်းမ ကိုယ်ဝန် ၃ လနဲ့ဆိုတော့ လန့်မှာကြောက်လို့ဆိုပြီး အိပ်ခန်းတံခါး ထပိတ်လိုက်တာ။ အဲဒါကို ဆဲဆိုပြီး တံခါးကို ခြေထောက်နဲ့ စောင့်ကန်ပြီးတော့ သေနတ်နဲ့ နှစ်ချက်ပစ်သွားတာ။ တချက်ကတော့ ဘယ်ထိလဲ မသိဘူး။ တချက်ကတော့ ဗိုက်ကိုထိတာ”ဟု ဆိုသည်။
၎င်းကဆက်၍“ထွက်လည်းမကြည့်ရဲဘူး။ သူတို့ပြောသံကြားတာတော့ မင်းတို့ ဒီမှာ လက်နက်တွေရှိတယ် ကြားတယ်။ မင်းတို့ ခေါင်းဆောင်ကိုလည်း ငါတို့ မိထားတယ်။ လက်နက်တွေ ဘယ်မှာလဲဆိုပြီး အတင်းမေးပြီး ကြိုးတွေနဲ့ တုပ်ပြီး မြေ ကြီးမှာ ပက်လက်လှန်ပြီး လည်မြိုတွေ တက်နင်းတာ။ ကျနော့်ညီတယောက်ဆို သေနတ်ဒင်နဲ့ ခေါင်းကို ရိုက်ခံရတာ မေ့တောင်သွားတယ်”ဟု ပြောပြသည်။
ဒဏ်ရာရရှိထားသည့် ကိုမိုးမြင့်အောင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးခန့်က ဆွဲမပြီး ကားပေါ်ပစ်တင် ခေါ်သွားသလို ကျန် ၃ ဦးကိုလည်း ကြိုးဖြင့်တုပ်ပြီး ခေါ်သွားကြောင်း၊ ကိုမိုးမြင့်အောင်၏ ရုပ်အလောင်းကို မနက်ဖြန် (မေလ ၃၁ ရက်) နံနက် ၈ နာရီတွင် ညောင်ဦးဆေးရုံ၌ သွားထုတ်ရမည်ဖြစ်ကြောင်း၊ ဖမ်းဆီးသွားသည့် ၃ ဦးကိုမူ ပုဂံမြို့မရဲစခန်း၌ ချုပ်ထားကြောင်း သိရသည်။
ကိုမိုးမြင့်အောင်၏ ညီဝမ်းကွဲတော်စပ်သူကလည်း“ဒါကတော့ မမျှတဘူး။ သတင်းပေးလို့ လက်နက်တွေ တကယ် လုပ်နေ တယ်၊ ခဲယမ်း နောက်ဆုံးဗျာ ဓာတ်ဆီတဘူး ရှိတယ်ဆိုရင်တောင် လက်သင့်ခံတယ်။ ခေါ်သွားပေါ့။ အခုဟာက လက်နက် မပြောနဲ့ သရက်သီးသနပ်နဲ့ ထမင်းတနပ် စားဖို့တောင် အနိုင်နိုင်နေရတဲ့သူတွေ။ ဒီလိုကလေးတွေကိုမှ သတင်းပေး ပြီးတော့ မဟုတ် တရုတ်လုပ်တာ။ အခုမှ ရဲစခန်းထဲမှာ မှားပြီး ဖမ်းလာပါတယ်၊ မဟုတ်တာတွေအတွက် စွပ်စွဲခံရတယ် ဆိုပြီးပြောနေတာ လူတယောက်က အသက်ပါ ဆုံးရှုံးသွားပြီ”ဟု ပြောသည်။
သေဆုံးသွားသူ ကိုမိုးမြင့်အောင်တို့ ညီအစ်ကိုသည် တအိမ်တည်းတွင် စုနေကြခြင်းဖြစ်ပြီး စစ်ကောင်စီက စွပ်စွဲသလို လက်နက် လုပ်နေသူများ မဟုတ်ကြောင်း၊ ပုလင်းခွံဘူးခွံကောက်ပြီး စားဝတ်နေရေး ဖြေရှင်းနေကြရသူများသာ ဖြစ် ကြောင်း ပုဂံမြို့သစ်တွင် နေထိုင်သည့် မြို့ခံတဦးကလည်း ပြောဆိုသည်။
၎င်းက“ဆက်စပ်သတင်းတွေအရ ညောင်ဦးဘက်မှာ သူတို့(စစ်ကောင်စီ) ရှာကြရင်း ပုဂံမြို့ထဲ ဝင်ရှာတာ။ အဓိက ဒလန် သတင်းပေးက ဟိုပေးဒီပေးဆိုတော့ ဝင်ရှာရင်း ဖြစ်ကြတာ။ သူတို့လည်း လက်နက်တွေ တွေ့သွားတာမဟုတ်ဘူး။ ရှိလည်း မရှိဘူးလေ။ ဒီကလေးတွေကလည်း အဲဒီလို လုပ်တဲ့သူတွေ မဟုတ်ဘူးလေ။ တာဝန်အရ ရှာမယ်ဆိုလည်းရှာ၊ သတင်းပေး ရှိလို့ ဝင်စစ်တာ ဆိုရင်လည်း စစ်ပြီးတော့ မတွေ့ဘူးဆို မေးမြန်းစရာရှိတာ မေးမြန်းပြီး ပြန်သွားပေါ့။ လူကို ရန်ရှာစရာ မလို ဘူး”ဟု ပြောသည်။
ယခုအခါ မြို့သူ/မြို့သားများက သေဆုံးသွားသူ ကိုမိုးမြင့်အောင်၏ နာရေးအတွက်နှင့် ကျန်ရစ်သူ ကိုယ်ဝန်ဆောင် ဇနီး သည်အတွက် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးနေကြသည်ဟု ဆိုသည်။
ယနေ့ နေ့လယ်ပိုင်းတွင်လည်း ပုဂံမြို့ထဲ၌ သေနတ်ပစ်ခတ်သံများ ကြားနေရကြောင်း ဒေသခံတချို့က ပြောသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း စစ်တပ်က နိုင်ငံတော် အာဏာကို အတင်းအဓမ္မ သိမ်းယူပြီးနောက် စစ်ကောင်စီတပ် ဖွဲ့များသည် ယခုလို လူများစွာအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ကျူးလွန်လျက်ရှိပြီး ပြည်သူများကို အင်အားသုံး အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများကို ကျူးလွန်လျက်ရှိသည်။
စစ်ကောင်စီ အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်မှ မေလ ၂၉ ရက်အထိ ဖမ်းဆီးခံရသူ စုစုပေါင်း ၅၄၈၇ ဦး၊ သေဆုံး ခဲ့ရသူ ၈၃၇ ဦး၊ ဖမ်းဝရမ်း ထုတ်ခံရသဖြင့် တိမ်းရှောင်နေရသူ ၁၈၈၁ ဦး ရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) ကောက်ယူထားသော စာရင်းအရ သိရသည်။
You may also like these stories:
ဒီးမော့ဆိုမှာ PDF နှင့် စစ်ကောင်စီကြား စစ်ရေး တင်းမာ
စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူသောင်းချီ စစ်ဘေးရှောင်နေရ