ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ ကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ တပ်စခန်းတခုကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းယူသွားကြောင်း သိရသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် ရက္ခိုင်စစ်တပ် (AA) တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပူးတွဲလှုပ်ရှားနေခြင်း ဖြစ်သည်။
၎င်းတို့ ၃ ဖွဲ့သည် မေလ ၃၁ ရက်၊ နံနက် ၁ နာရီဝန်းကျင်တွင် နမ့်ဖတ်ကာကျေးရွာ၏ လျှပ်စစ်ရုံး ဝင်းအတွင်း အခြေစိုက် ထားသည့် စစ်ကောင်စီ၏ တပ်စခန်းကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဧရာဝတီကို ပြောသည်။
နံနက် ၁ နာရီကျော်မှ နံနက် ၄ နာရီကျော်အထိ ပစ်ခတ်သံများ ကြားရပြီးနောက် ညီနောင်မဟာမိတ် ၃ ဖွဲ့ဘက်က လက် နက်ခဲယမ်းများ သယ်ဆောင်ပြီး ပြန်ဆုတ်ခွာသွားသည်ဟုလည်း ဆိုသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့၏ အဖွဲ့ဝင် အရာရှိတဦးက နမ့်ဖတ်ကာတွင် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားသည်မှာ မှန်ကန်ပါ ကြောင်း အတည်ပြုပြောဆိုသော်လည်း တိုက်ပွဲအခြေအနေနှင့် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ အကြောင်းကို အသေးစိတ် ပြောပြခြင်း မရှိပါ။
ကိုးကန့်သတင်းဌာနက နမ့်ဖတ်ကာတိုက်ပွဲတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့ဘက်က သေနတ်အရှည် ၅ လက် အပါအဝင် လက်နက်ခဲယမ်း ၁၀၀ ကျော်ကို စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းမိကြောင်း ဓါတ်ပုံနှင့်တကွ သတင်းရေးသား ဖော်ပြထား သည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့က ဝင်ရောက် တိုက်ခိုက်စဉ် စစ်ကောင်စီ တပ်စခန်းအတွင်းရှိ စစ်သားများသည် မက်သာဖက် တမင်းဟုခေါ်သည့် စိတ်ကြွဆေးပြားများ သုံးစွဲထားသည်ကိုလည်း တွေ့ရှိရကြောင်း ကိုးကန့်သတင်းဌာနက ရေးသားထား သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (HST-NSS) ၏ အဖွဲ့ဝင်တဦးက “မနေ့ညက ၁၂ နာရီလောက်ကနေ ပစ်ခတ်သံတွေ ကြားရတာ ဒီကနေ့ မနက် ၄ နာရီမှာ ငြိမ်သွားတယ်။ ဖြစ်တာက EPC ဝန်းထဲကတပ်ကို ဝင်တိုက်တာ။ ဒါပေမယ့် အရင်ရက်တွေကလည်း ကွတ်ခိုင်နယ်ထဲမှာ တိုက်ခိုက်မှုတွေက ရှိနေတယ်။ ဒီ မနက် တိုက်ပွဲကြောင့် နမ့်ဖတ်ကာရွာထဲက အမျိုးသမီးတဦး လက်မောင်းမှာ ကျည်စိုက်ဝင်သွားတယ်။ ဒီမနက်ပဲ ဆေးရုံမှာ သွားချုပ်လိုက်ပြီ။ တချို့အိမ်တွေ ကျည်ဖောက်ဝင်တာ ရှိပေမယ့် ဆိုးဆိုးရွားရွားကြီး ပျက်စီးတာ မရှိဘူး” ဟု ပြောသည်။
တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်ဝင်းအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးခန့် သေဆုံးပြီး ယနေ့ နံနက်ပိုင်း တွင် တိုက်ပွဲဖြစ်ထားသဖြင့် ပျက်စီးသွားသည့် နေရာများကို စစ်ကောင်စီဘက်က ရှင်းလင်းရေးများ ပြုလုပ်နေသည်ဟု လည်း သိရသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့သည် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး တစုံတရာ ပြုလုပ်ထားခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သည်။
စစ်တပ် အာဏာမသိမ်းခင်က ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် ပဏာမအပစ်ရပ်စာချုပ် (Bilateral) ချုပ်ဆိုရန် ညှိနှိုင်းလျက် ရှိသော်လည်း စစ်အာဏာသိမ်းပြီးနောက်တွင် ညှိနှိုင်းမှုများ တစုံတရာပြုလုပ်ခြင်း မရှိတော့ပေ။
Bilateral စာချုပ်ကို လက်မှတ်ထိုးနိုင်ရန် ညိနှိုင်းနေစဉ် ၂၀၁၈ ဒီဇင်ဘာမှစ၍ ၂၀၂၁ မတ်လအထိ စစ်တပ်နှင့် ညီနောင် မဟာမိတ် ၃ ဖွဲ့သည် အပြန်အလှန် တဖက်သတ် အပစ်ရပ်ဆိုင်းကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။
၂၀၂၁ မတ်လတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က အပစ်ရပ်ဆိုင်းကြောင်း ကြေညာရာ အာဏာသိမ်းထားသည့် စစ်တပ်နှင့် အပစ်ရပ်သည်ဟုဆိုကာ န်ိုုင်ငံရေးအသိုင်းအဝိုင်းနှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြသည့် လူထုက ဝေဖန်ပြောဆိုမှု များ ရှိခဲ့သည်။
ထို့နောက် ညီနောင်မဟာမိတ် ၃ ဖွဲ့သည် မတ်လကုန်မှစ၍ အပစ်ရပ်သက်တမ်းတိုးကြောင်းကို ထုတ်ပြန်ခြင်း မရှိတော့ပါ။
သက်တမ်းတိုး ရပ်ဆိုင်းပြီးနောက် ဧပြီ ၁၀ ရက်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ နယ်၊ နောင်မွန်ကျေးရွာအုပ်စုရှိ ရဲကင်းစခန်းတခုကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုတွင် ရဲအုပ်အောင်သူရ အပါအဝင် ၁၄ ဦး သေဆုံးပြီး ရဲကင်းစခန်းပါ မီးရှို့ဖျက်ဆီးခဲ့သော်လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ၎င်းတို့ တိုက်ခိုက်ခြင်း ဟုတ်မဟုတ် အတည်ပြုခြင်း၊ ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။
ညီနောင်မဟာမိတ် ၃ ဖွဲ့ဘက်က အပစ်ရပ်သက်တမ်း ထပ်မံမတိုးသော်လည်း စစ်ကောင်စီဘက်က အပစ်ရပ်သက်တမ်းကို တလတကြိမ် ထပ်မံတိုးမြှင့်ကြောင်း ထုတ်ပြန်လျက် ရှိသည်။
မေ ၃၀ ရက်ကလည်း စစ်ကောင်စီဘက်က တဖက်သတ် အပစ်ရပ်ဆိုင်းသည့် သက်တမ်းကို ဇွန် ၃၀ ရက်အထိ ထပ်မံ တိုးမြှင့်ကြောင်း ကြေညာထားသည်။
You may also like these stories:
ဖယ်ခုံမြို့နယ်မှ စစ်ဘေးရှောင် နှစ်သောင်းကျော်အတွက် အကူအညီများ လိုအပ်နေ
ကယားတွင် အရပ်သား ငါးသောင်းကျော် စစ်ဘေးရှောင်နေရ