မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် ဒလန်အဖြစ် သတ်မှတ်ခံထားရသူ ကျေးရွာ အုပ်ချုပ်ရေးမှူး ၂ ဦး၊ စာရေး ၁ ဦး၊ CDM ပြု လုပ်ထားခြင်း မရှိသည့် ကျောင်းဆရာမ ၁ ဦး၊ သူနာပြု ဆရာမ ၁ ဦး စုစုပေါင်း ၅ ဦးတို့ မနေ့က ညနေပိုင်းက သေဆုံးခဲ့ ကြောင်း ယောခုခံ ကာကွယ်ရေးအဖွဲ့ (YDF)က သတင်းထုတ်ပြန်ခဲ့သည်။
သေဆုံးသွားသူများမှာ ဟံသာဝတီ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတာလူး၊ သင်တော ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်ဦး၊ သင် တောရွာ အလယ်တန်းကျောင်းမှ ဆရာမ ဒေါ်ခင်မျိုးတင့်၊ သူနာပြု ဆရာမ မသီတာဝင်း၊ ရပ်/ကျေး စာရေး ကျော်မျိုးနိုင်တို့ ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ညနေပိုင်းက ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီမှ ခန့်အပ်ထားသူ အုပ်ချုပ်ရေးမှူး ၂ ဦး၊ ဒ လန် အကြီးစား ၃ ဦး တို့ သည် ဖောက်ခွဲရေး ပစ္စည်းများ သယ်ဆောင်လာသည်ကို သတင်းရသဖြင့် ယောဒေသ ခုခံ ကာ ကွယ်ရေးအဖွဲ့က တားမြစ် စဉ် အစစ်ဆေးမခံဘဲ ပြန်လည် တိုက်ခိုက်ခဲ့သည်ဟု YDF ၏ မနေ့က ကြေညာချက်တွင် ဖော်ပြထားသည်။
ယင်းဖြစ်စဉ်သည် ဂန့်ဂေါမြို့နှင့် ၃၂ မိုင်အကွာ ရဲလှမြို့ နှင့် တောင်ခရမ်းကျေးရွာကြားတွင် ဖြစ်ပွားခြင်း ဖြစ်ကြောင်း၊ ဖြစ်စဉ် ကို မျက်မြင်တွေ့ ရှိသူ မရှိကြောင်း၊ ဖြစ်စဉ် ဖြစ်ပွားပြီးနောက် သွားရောက် ကြည့်ရှု့ ရာတွင် လူ ၅ ဦး သေဆုံးနေပြီး ကားနှင့် အတူ မီးရှို့ ခံထားရကြောင်း အမည်မဖော်လိုသော ယောဒေသခံတဦးက ပြောသည်။
“ဆရာမတွေက လစာထုတ်၊ အုပ်ချုပ်ရေးမှူးတွေက အစည်းအဝေး သွားကြတာ။ အတူတူ ပြန်လာကြတာ။ ဖြစ်စဉ် ဖြစ်နေ တုန်းမှာတော့ မြင်တဲ့လူ မရှိဘူး။ ပြီးမှ မြင်ကြတာ။ အားလုံး ၆ ယောက်မှာ ၅ ယောက်သေတယ်။ တယောက်က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရတယ်။ မသေဘူး”ဟု အထက်ပါ ယောဒေသခံက ပြောသည်။
ဒဏ်ရာ အပြင်းအထန်ရသူ ဒေါ်သဲမာထွေးဆိုသူ ဖြစ်ပြီး ၎င်းမှာ သူနာပြု ဆရာမ မဟုတ်ဘဲ နေ့စား သန့်ရှင်းရေး ဝန်ထမ်း တဦး ဖြစ်ကြောင်း သိရသည်။

မြောက်ခရမ်း ဒေသခံတဦးကလည်း“အုပ်စုစာရေး ကျော်မျိုးနဲ့ ကျောင်းဆရာမ ဒေါ်ခင်မျိုးတင့်နဲ့က လင်မယား။ ဒေါ်ခင်မျိုး တင့်က ကန်သာသူ။ ကျော်မျိုးက မြောက်ခရမ်းသား။ လစာထုတ်ပြီး အပြန်မှာ ဖြစ်တာ။ လူတွေရော ကားရော မီးရှို့ ခံထား ရတာ။ ကားပေါ်မှာ အကုန်လုံး တွေ့တာ။ သတ်ပြီးမှ ကားကို မီးရှို့ ခဲ့တာမျိုး။ သူတို့က CDM မလုပ်တဲ့သူ တွေပေါ့”ဟု ပြော ပြသည်။
ယနေ့ နေ့လယ်ပိုင်း ၁၂ နာရီ အချိန်အထိ သေဆုံးသူများနှင့် ကားကိုပါ လာရောက် ရယူခြင်း မရှိသေးဘဲ စစ်တပ်မှ လာယူ မည်ဟု သတင်းကြားကြောင်း ဒေသခံများက ပြောသည်။
ယောဒေသ ခုခံကာကွယ်ရေးအဖွဲ့ နှင့် နီးစပ်သူတဦးကမူ ယခု သေဆုံးရသူများသည် CDM ပြုလုပ်ရာတွင် မပါဝင်သော ကြောင့် မဟုတ်ဘဲ စစ်တပ်ကို သတင်းပေးခြင်း၊ စစ်ကောင်စီ လက်နက်ကိုင်တပ်များ ဒေသတွင်းသို့ ရောက်ရှိလာပါက အိမ်များသို့ ခေါ်၍ ဧည့်ခံကျွေးမွေးခြင်းတို့ကြောင့် ဖြစ်ကြောင်း ပြောသည်။
“သူတို့က သစ္စာဖောက်၊ လောက်ကောင်၊ ဒလန်တွေဗျ။ CDM လုပ်တဲ့သူတွေကို စစ်ကောင်စီကို ခေါ်ပြီးတော့မှ ဖမ်းခိုင်းတာ တွေ၊ သူတို့ အိမ်မှာ ကျွေးမွေးတာတွေ လုပ်နေတာ။ ဒလန် သတင်းပေးတွေမိုလို့ ဒလန်ရှင်းလင်းရေးအဖွဲ့ (ယော) အနေနဲ့ လုပ်လိုက်တာ”ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့က ဂန့်ဂေါဘက်မှ စစ်ကား ၄ စီး တက်လာစဉ် ရဲလှကျေးရွာနှင့် မြောက်ခရမ်းကျေးရွာတို့ ကြားတွင် ယော ခုခံကာကွယ်ရေးအဖွဲ့ နှင့် တိုက်ပွဲ ဖြစ်ပွားကြောင်း၊ စစ်တပ်ဘက်မှ အကျအဆုံး ရှိခဲ့ကြောင်း သိရသည်။
“အဲဒီဖြစ်စဉ် ဖြစ်တော့ ရဲလှရွာကို တပ်က ဝင်စီးပြီးတော့ မီးရှို့တယ်။ လူ ၃ ယောက် သေတယ်။ အိမ် ၃ လုံး မီးလောင် တယ်။ သေတဲ့အထဲမှာ စကားမပြောတတ်တဲ့လူတောင် ပါတယ်။ အဲဒီတုန်းက စစ်ကောင်စီတပ်တွေကို ကားလေးနဲ့ စောင့်ခေါ်တာ အခုအသတ်ခံရတဲ့ အဖွဲ့ထဲက လူတွေ ပါတယ်”ဟု ဒေသခံတဦးက ပြောသည်။
ထို့ကြောင့် ဒေသခံများက ယခု သေဆုံးသူများသည် ပျူစောထီး အဖွဲ့ဝင်များ ဖြစ်သည်ဟု ယုံကြည်ကြပြီး ဂန့်ဂေါဘက်မှ ဖောက်ခွဲရေးပစ္စည်းနှင့် လက်နက်များ သယ်လာသည်ဟု ထင်မြင်ယူဆခဲ့ကြသည်။
“ယောအာမီကနေ စောင့်ပြီး စစ်ဆေးတာမှာ အစစ်မခံဘဲနဲ့ သူတို့က ပြန်ပြီး ခုခံလို့ ပစ်ကြတာ။ ဂန့်ဂေါဘက်မှာ စစ်ကောင်စီ ကနေ ပျူစောထီးတွေကို လက်နက်တပ်ဆင်ပေးဖို့ လုပ်နေတာ ရှိတယ်။ သူတို့က လက်နက်သွားသယ်တဲ့အချိန် ဖြစ်တာ။ ကျနော်တို့ဘက်က လက်ဦးမှု ယူရတဲ့သဘောပါ”ဟု ယင်းဖြစ်စဉ်ကို သိရှိသူတဦးကလည်း ပြောသည်။
ပျူစောထီးအဖွဲ့ ဆိုသည်မှာ ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ ဆန္ဒပြသူများကို တန်ပြန်ရန် စစ်တပ်၏ ထောက်ခံမှုဖြင့် ဖွဲ့ စည်းထားသော အရပ်သား လက်နက်ကိုင်အဖွဲ့ တခု အဖြစ် သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ၎င်း၏ ဒေါက်တိုင်များ ဖြစ်သည့် စစ်ကောင်စီ လက်နက်ကိုင်များ အခြေပြုသည့် တပ်စ ခန်း၊ ရဲစခန်းများ၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးရုံးများမှာ ပုံစံမျိုးစုံဖြင့် တိုက်ခိုက်ခံခဲ့ရသလို စစ်တပ်ကို အကူအညီပေးနေသူများကိုလည်း ဒလန်အဖြစ် သတ်မှတ်၍ တိုက်ခိုက်လျက်ရှိသည်။
You may also like these stories:
စစ်တပ် လူသစ် စုဆောင်းရေး ပိုခက်ခဲလာနေ
မြန်မာ့ပြည်တွင်းစစ်သည် ဆီးရီးယားနှင့် မတူ