ဘဏ်အကောင့်အတွင်းရှိ ငွေစာရင်းကို ရာခိုင်နှုန်းဖြင့် တွက်ချက်ပြီး ဝန်ဆောင်ခယူကာ ငွေသားပြန်လည် ထုတ်ပေးသူ ၁ ဦးကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက မေလ ၃၁ ရက်တွင် သတင်းထုတ်ပြန်သည်။
ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်နေ ဒေါ်ချိုချိုလှိုင် ( အသက်၂၉ နှစ်) သည် အစိုးရဘဏ်၊ ပုဂ္ဂလိက ဘဏ်များမှ တန်းစီငွေထုတ်နေရမှုအပေါ် ဝန်ဆောင်ခ အနေဖြင့် ၁ သိန်းကျပ်လျှင် ၄ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်း နှင့် ၈ ရာ ခိုင်နှုန်းဖြင့် လိုအပ်သည့် ငွေသားကို မူတည်၍ ပေးဆောင်ရမည့် ဝန်ဆောင်ခ ရာခိုင်နှုန်းအား ကြိုတင်သတ်မှတ် ထားခြင်း မရှိဘဲ ညှိနှိုင်းဈေးဖြင့် ဆောင်ရွက်နေမှုကို စိစစ်တွေ့ရှိရ၍ ဖမ်းဆီး အရေးယူလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဝန်ဆောင်ခကို ရာခိုင်နှုန်းဖြင့် တွက်ချက်ကာ ငွေလဲလုပ်ပေးနေသော ထိုအမျိုးသမီးကို မေလ၂၀ ရက် ည ၁၀ နာရီခွဲအချိန် တွင် ဖမ်းဆီးရမိသော်လည်း အဆိုပါက သတင်းကို စစ်ကောင်စီက မေလ ၃၁ ရက်မှသာ သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။
ရန်ကုန်မြို့နှင့် အချို့မြို့နယ်များ၌ တရားမဝင် ငွေလွှဲ/ ငွေထုတ် အိမ်တိုင်ရာရောက် ဝန်ဆောင်ခနှုန်းထားများယူ၍ ငွေသား ပေး ဝန်ဆောင်မှု လုပ်ငန်းမှုများကို ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေနှင့် တည်ဆဲဥပဒေများအပေါ် ဖောက်ဖျက်ကျူး လွန်နေသည့်အတွက် ကျူးလွန်နေသူများကို ထပ်မံ ဖော်ထုတ်ဖမ်းဆီး အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
တရားမဝင် ငွေကြေးလဲလှယ်သည့် ဈေးကွက်နှင့် ပတ်သက်၍ ဧရာဝတီမှ စုံစမ်းသိရသည့် သတင်းများအရ ထိုသို့ ခေါင်းပုံ ဖြတ်သည့် ငွေလဲသည့် အလုပ် လုပ်နေသည်မှာ ရန်ကုန်မြို့တောင်ဥက္ကလာပ မြို့နယ်နေ ပြည်သူ့စစ်နှင့် နယ်ခြားစောင့် တပ်များ ညွှန်ကြားရေးမှူး တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်ဟောင်း၏ ဇနီးနှင့် ၎င်းတို့ အသိုင်းအဝိုင်းက အဓိကလုပ် ဆောင်နေ ခြင်းဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က မတ်လအတွင်းမှ စတင်ပြီး ပြည်တွင်းဘဏ်များနှင့် ATM စက်များမှ တဦး ချင်းနှင့် စီးပွားရေး လုပ်ငန်းများ တပတ်အတွင်း ငွေထုတ်ယူနိုင်သည့် ပမာဏကို စတင် ကန့်သတ်လိုက်ခြင်းကြောင့် ပြည်တွင်းဘဏ် များတွင် အများပြည်သူအများအပြားက တန်းစီ စောင့်ဆိုင်းပြီး ငွေထုတ်ယူကြသည့် အခြေအနေ ဖြစ်သွားစေခဲ့သည်။
“အခုက ငွေလိုလို့ ATM ကတ်ထဲက ငွေကို တန်းစီ ထုတ်ဖို့ဆိုတာ မလွယ်တဲ့ကိစ္စပါ။ ဘဏ်စာအုပ်ထဲက ငွေထုတ်လည်း ဖုန်းဆက် ဘွတ်ကင်တင်ရတယ် ဆိုတော့ တပတ်လုံး ဆက်တောင် ဖုန်းက မအားဆိုတော့ ကျမတို့ အတွက်တော့ ရာခိုင် နှုန်းနဲ့ လဲပေးတဲ့ သူတွေဆီကပဲ ဘယ်သူက ရာခိုင်နှုန်း အနည်းဆုံးယူလဲ ဆိုတာ စုံစမ်းပြီး လဲရတာပဲ။ အွန်လိုင်း ပေးချေ မှုလည်း တချို့ တွေက လက်မခံတော့ အဲဒီလိုမှ မလဲရင် ဘယ်လို ထုတ်မလဲ။ တကယ်တော့ ကိုယ့်ပိုက်ဆံကိုယ် ထုတ်တာ ဝန်ဆောင်ခ ဆို တာကို ပေးစရာ မလိုတာ။ ပေးလည်း မပေးချင်ဘူး။ ဗဟိုဘဏ်အနေနဲ့လည်း ပြည်သူတွေကို ဒီထက် ပိုပြေလည်တဲ့ နည်း လမ်းတွေကို စဉ်းစားပေးသင့်တယ်” ဟု ငွေထုတ်သူတဦးက ပြောသည်။
ဘဏ်စနစ်ကို ကန့်သတ်မှုကို ဖြေလျှော့၍ ပြည်သူများအတွက် ပိုမိုလွယ်ကူစေသည့် နည်းလမ်းမျိုးကိုသာ အသုံးပြုသင့် ကြောင်း ပြည်သူများက ဆိုသည်။
ထိုသို့ ဘဏ်တွင် ငွေသားထုတ်ယူမှု ကန့်သတ်လိုက်ခြင်းကြောင့် ဘဏ်များ ပြိုမည်ကို စိုးရိမ်ကြကာ ငွေအပ်နှံသူများက ဘဏ် မှ ငွေပြန်ထုတ်ကြရာတွင် ၃ ရာခိုင်နှုန်းဖြင့် စတင် ထုတ်ယူခဲ့ကြခြင်းဖြစ်ကာ ယခုအခါတွင် ၁၃ ရာခိုင်နှုန်းအထိ အလိုက်ပေး၍ ထုတ်ယူနေကြရကြောင်း သိရသည်။
ထို့ပြင် ဘဏ်စာအုပ်မှ ငွေထုတ်ရန်အတွက် ဘွတ်ကင်တင်ရာတွင် ဖုန်းဆက် မလွယ်သဖြင့် ဖုန်းဘွတ်ကင်ရရန် အတွက် လည်း တိုကင်တခုလျှင် ငွေကျပ် ၃ ထောင်မှ ၅ ထောင်အထိ ဝန်ဆောင်ခပေး၍ လုပ်ဆောင်ရမှုများလည်း ရှိလာသည်။
လက်ရှိတွင် ATM မှ ငွေထုတ်လျှင် တရက်၂ သိန်းမှ ၃ သိန်းကျပ်အထိ လည်းကောင်း၊ ဘဏ်စာအုပ်မှ ငွေထုတ်ယူပါက တပတ် လျှင် ၅ သိန်းကျပ် အထိသာ ထုတ်ယူနိုင်ကြောင်း သိရသည်။
ထိုသို့ ဗဟိုဘဏ်က ငွေထုတ်ယူမှုကို တင်းကျပ်လိုက်သည့်အတွက် wave Money ကဲ့သို့သော ငွေလွှဲလုပ်ငန်းများတွင် လည်း ဂယက်ရိုက်မှု ဖြစ်ပေါ်ခဲ့သည်ကို မကြာသေးမီကတွေ့ရသည်။
You may also like these stories:
ငွေကို ငွေချင်း ကိုက်စားနေကြသူများ
ဘဏ်များတွင် ထုတ်ယူ ငွေပမာဏ ဗဟိုဘဏ် ကန့်သတ်ပြီ
ဆိုလာပါဝါ စီမံကိန်းများ တင်ဒါ ထပ်ခေါ်ပြီး နိုင်ငံခြားငွေရရှိရန် စစ်ကောင်စီ ကြံရွယ်