ထိုင်းနိုင်ငံတွင် ကိုဗစ်ရောဂါဖြစ်ပွားမှုနှင့် မြန်မာနိုင်ငံ၏ စစ်အာဏာသိမ်းမှု အခြေအနေအရပ်ရပ်ကြောင့် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ နယ်စပ်ဂိတ်အားလုံး နီးပါးပိတ်နေပြီဖြစ်သဖြင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်ရန် အတွက် အခက်အခဲများ တွေ့နေရကြောင်း ထိုင်းနိုင်ငံ အခြေစိုက် မြန်မာအလုပ်သမား အဖွဲ့များထံက သိရသည်။
ထိုင်းနိုင်ငံနယ်စပ် ထွက်ပေါက်များဖြစ်သည့် တာချီလိတ်- မယ်ဆိုင်၊ မြဝတီ- မဲဆောက်၊ ကော့သောင်း- ရနောင်း တို့ရှိ နယ်စပ်ဂိတ်များမှ နေရပ်ပြန်မည့် မြန်မာအလုပ်သမားများကို တရားဝင် ခွင့်ပြုခြင်း မရှိတော့သဖြင့် နည်းလမ်းအမျိုးမျိုးဖြင့် အခက်အခဲကြားမှ အိမ်ပြန်နေရပြီး အချို့လည်း ပိတ်မိနေဆဲ ဖြစ်ကြောင်း သိရသည်။
တရားဝင်ပြန်ခွင့် မရရှိတော့သဖြင့် ထိုင်း လူဝင်မှုကြီးကြပ်ရေးတွင် အဖမ်းခံခြင်း၊ ပွဲစားများဖြင့် ထိုင်းငွေ ဘတ်ထောင်ချီ ပေးပြီး နေရပ်ပြန်ရန် ကြိုးပမ်းကြပြီး အချို့လည်းနေရာတွင်ပင် သောင်တင်နေကြကြောင်း သိရသည်။
မဲဆောက် အခြေစိုက် မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “မဲဆောက်မှာတော့ နေရပ်ပြန်ချင်တဲ့ မြန်မာ ရွှေ့ပြောင်း လုပ်သားက ဘန်ကောက် အပါအဝင် ခရိုင်အသီးသီးကနေ ပြန်ချင်နေတဲ့ ၃၀၀ လောက်တော့ ရှိတယ်။ သူတို့က မဲဆောက်မှာ ရှိနေတဲ့ နယ်ခြားစောင့် တပ်ရင်းတို့ ထိုင်းလဝက အချုပ်တို့ထဲ ရှိနေတယ်။ အဲဒီကိစ္စတွေကိုတော့ ထိုင်းဘက်ကနေ ဘယ်လို စီမံခန့်ခွဲမလဲ မသိဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် မေလ ၂၄ ရက်မှ ၃၀ ရက်အထိ တပတ်တာအတွင်း နေရပ်ပြန်သူများတွင် ထိုင်းနိုင်ငံ၌ ပြစ်မှု မှတ်တမ်းရှိသူ အချို့နှင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးတွင် အိမ်ပြန်ခွင့်ရရန် ဘတ်ထောင်ချီပေးသွင်းပြီး အဖမ်းခံခဲ့သည့် လူပေါင်း ၃၈၀ ခန့် သာ မဲဆောက်မှ မြဝတီသို့ ပြန်ခွင့်ရခဲ့ပြီး မေလ ၃၁ ရက်နောက်ပိုင်းတွင် ပြန်ခွင့်ရရန် အခြေအနေမှာ မသေချာတော့ ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် အလုပ်သမား အရေး ဆောင်ရွက်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) မှ ဥက္ကဋ္ဌ ဦးအောင်ကျော်က “ကိုဗစ် ၁၉ ကြောင့် တရားဝင်ပြန်ခွင့် မပေးတော့တဲ့အခါမှာ အိမ်ကို ပြန်ချင်တဲ့ လဝက လို့ ခေါ်တဲ့ ထိုင်း Immigration မှာ အဖမ်းခံစာရင်း ပြရတယ်။ တရားဝင်ပြန်လို့ရတဲ့ ခရီးမဟုတ်ဘဲ လဝကမှာ အဖမ်းခံပြီး ၄,၀၀၀၊ ၅,၀၀၀ (ဘတ်ငွေ) လောက်ပေးသွားတဲ့အခါ လဝကတွေက ပို့ပေးလိုက်တဲ့အခါ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ သွားပြီး ပုံနေတာ” ဟု ပြော သည်။
ထိုင်းဘတ် ၂ ထောင်သည် မြန်မာကျပ် တသိန်းနှင့် ညီမျှသည်။
ဦးမိုးကြိုးကလည်း “ရိုးရိုး အဖမ်းခံလို့ မရဘူး။ ရိုးရိုး အဖမ်းခံရလို့ကတော့ ဘယ်နေ့ ပြန်ရမယ် မသိဘူး။ ရှယ်အဖမ်းခံမှ ရမယ်။ ထိုင်း လဝက မှာ ပိုက်ဆံပေးလိုက်ပြီးတော့ အရင်က ပို့တာ ၁ ရက်ခြား လူ ၂၀၀ နှုန်းဆိုတော့ ၁ ရက် ၂ ရက်လောက်တော့ စောင့်ရ တာပေါ့။ ၂,၅၀၀ ကနေ ၇,၅၀၀ အထိ ပေးရတာ။ သူပြန်ရမယ့် ပုံစံနဲ့ သတ်မှတ်ရက်နဲ့ ချိန်တွက်ပြီးတော့မှ ကြားပွဲစားတွေ ကနေ ယူပြီးတော့ ပို့တာ။ ရှယ်အဖမ်းခံရတာလို့ ဆိုတယ်” ဟု ပြောသည်။
တာချီလိတ်- မယ်ဆိုင်နှင့် ကော့သောင်း- ရနောင်း ဝင်ပေါက်များတွင်လည်း ထိုင်းနိုင်ငံဘက်က စည်းကမ်း တင်းကြပ်မှု များနှင့် မြန်မာနိုင်ငံဘက်မှ နိုင်ငံရေး အခြေအနေများကြောင့် မြန်မာရွှေ့ပြောင်း လုပ်သားများ နေရန်ပြန်ခွင့် မရရှိနေသည့် အခြေအနေများ ရှိကြောင်း သိရသည်။
ရွှေ့ပြောင်း လုပ်သားများအရေး ကူညီဆောင်ရွက်ပေးနေသော ဦးထွန်း (မယ်ဆိုင်) က “သံရုံးလည်း ခွင့်မပြုဘူး။ နိုင်ငံခြား ရေးရောပဲ။ သူတို့က နယ်မြေကျော်ခွင့်တွေလည်း လိုမယ်။ ၇၂ နာရီအတွင်း ကိုဗစ် စစ်ဆေးပြီးတဲ့ လက်မှတ်တွေလည်း လိုမယ်။ နောက်တခုက အဲဒီကနေ လာရင်လည်း ခေတ္တ ဆိုက်ရောက်ဖို့နေရာ အခက်အခဲက ပြဿနာ အကြီးဆုံးပေါ့။ ဘယ်ကမှ လက်မခံဘူးလေနော်။ အဲဒီတော့ ဒါတွေရှိတာတောင်မှ နိုင်ငံခြားရေးက ခွင့်ပြုမှ ရမှာလေ။ ထိုင်းဘက်က ခွင့်ပြုမှရမှာ။ ဒီဘက်က ဆောင်ရွက်လို့ မရဘူး” ဟု ပြောသည်။
လတ်တလောတွင် ကော့သောင်း – ရနောင်းဘက်မှ နေရပ်ပြန်ခွင့်ရပါက ပြန်ရန်အတွက် စာရင်းပေးထားသည့် မြန်မာ ရွှေ့ပြောင်းလုပ်သား၂၀၀ ဝန်းကျင်ခန့်ရှိပြီး အချို့လည်း ပွဲစားများနှင့် ဆက်သွယ်ကာ တရားမဝင်နည်းလမ်းဖြင့် ဘတ် ထောင်ချီ အကုန်ခံ၍ ပြန်နေကြကြောင်း ရနောင်းပရဟိတ အသင်းက သိရသည်။
ရနောင်းပရဟိတ အသင်းမှ ကိုသားကျော်က “ရနောင်းက တရားဝင်သွားရင် လှေခ ၂၀ လား ပေးရတယ်။ ခု ၅,၀၀၀ ဆိုလား ပေးရတယ်တဲ့။ ၅,၀၀၀ ပေးပြီးတော့ ဟိုဘက် ရပ်ကွက်လူကြီးနဲ့ ဒီဘက်ရပ်ကွက်လူကြီးနဲ့ ပေါင်းပြီးတော့ လုပ်နေကြတယ်။ လာတာလည်း ရှိသလို၊ သွား တာလည်း ရှိတာပဲ။ တရားဝင်လမ်းကနေသာ ထွက်လို့မရတာ။ သူတို့လမ်းတွေက အမြဲလာတယ်။ အမြဲတော့ ဖမ်းခံ ရတာပဲ” ဟု ပြောသည်။
အလားတူပင် ပုံမှန် အချိန်များတွင် ထိုင်းနိုင်ငံ မဲဆောက်မှ မြန်မာနိုင်ငံသို့ ပြန်ရန်အတွက် နိုင်ငံကူးလက်မှတ်တွင် တံ ဆိပ်တုံးထုပြီး ဘတ် ၁,၀၀၀ ပေးသွင်းကာ ကားခ ဘတ် ၅၀၀ မျှဖြင့် ပြန်နိုင်ပြီး ယခုအချိန်တွင်မူ ဘတ် ၅,၀၀၀ အထိပေး ပြီး ပြန်နေရခြင်း ဖြစ်ကြောင်း သိရသည်။
ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်က စတင်ပြီး မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ လာရောက်ခွင့် ကန့်သတ် ထားခဲ့ပြီး ဖြစ်ရာ ယခုပြန်မည့်သူ အများစုသည် မဖြစ်မနေ လိုအပ်ချက်ကြောင့်သာ ပြန်ကြခြင်း ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် အလုပ်ပုံမှန် မရှိခြင်း၊ အလုပ်ပြုတ်ခြင်း၊ စာရွက်စာတမ်း သက်တမ်းကုန်ခြင်း၊ မိသားစုအခြေအနေနှင့် မြန်မာနိုင်ငံဘက်ခြမ်း နိုင်ငံရေးအခြေအနေကို သဘောမပေါက်ခြင်းတို့ကြောင့် ရွှေ့ပြောင်းလုပ်သားများ အနေဖြင့် နေ ရပ်ပြန်ရန် ကြိုးစားနေကြခြင်း ဖြစ်ကြောင်း အလုပ်သမားအဖွဲ့များထံက သိရသည်။
ဦးအောင် ကျော်က “ထိုင်းနိုင်ငံမှာ အခု ဖြစ်ပေါ်နေသော ကိစ္စတွေကြားမှာ ရှုပ်ထွေးပွေလီနေသော စာရွက်စာတမ်း ကိစ္စတွေကြား၊ ဂယက် တွေကြားမှာ ဘဝကို ရပ်တည်ပြီး ဘယ်လို မနေနိုင်တော့လို့ ပြန်တာ ရှိတယ်။ ပြည်တွင်းမှာ ကျန်ခဲ့တဲ့ သားသမီး၊ ဆွေမျိုး၊ မိဘများ တော်လှန်ရေးကာလမှာ တစုံတရာများ ဖြစ်နေမလားလို့ ပြန်နေကြတဲ့ အပိုင်းတွေလည်း ရှိတယ်” ဟု ဆိုသည်။
လက်တလောတွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ သာမန် နေရပ်ပြန်လိုသူများမှာ ပြန်ခွင့်မရဘဲ စာရွက်စာတမ်း အထောက်အ ထားမရှိခြင်း၊ တစုံတရာ ပြစ်မှုကျူးလွန်ထားခြင်း ရှိသူများကိုသာ အစိုးရချင်း ချိတ်ဆက်လွှဲပြောင်းသည့် ပုံစံမျိုးဖြင့် ပြန်နိုင် သည့် အခြေအနေမျိုး ဖြစ်ကြောင်း သိရသည်။
ရနောင်း – ကော့သောင်းဝင်ပေါက်မှာ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီလဆန်းကတည်းက ပိတ်ထားခြင်း ဖြစ်သကဲ့သို့ မယ်ဆိုင်- တာချီလိတ် ဝင်ပေါက်မှာလည်း ထိုင်းနိုင်ငံတွင် ကိုဗစ်ဖြစ်ပွားမှုကြောင့် စည်းကမ်း တင်းကျပ်လာ ပြီးသည့်နောက် လုံးဝနီးပါး ဝင်ထွက်ခွင့် မရသည့် အခြေအနေဖြစ်ကြောင်း သိရသည်။
ကိုဗစ်တတိယလှိုင်း ဖြစ်ပွားနေသည့် ထိုင်းနိုင်ငံတွင် နေ့စဉ် ကိုဗစ်ဖြစ်ပွားနှုန်း ထောင်ဂဏန်းအထိ တိုးနေသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း စစ်ကောင်စီက ထုတ်ပြန်သည့် စာရင်းများအရ ကိုဗစ်ဖြစ်ပွားမှုနှုန်း တက်လာသည်။
ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား သန်းနှင့်ချီ ရောက်ရှိ အလုပ်လုပ်ကိုင်လျက်ရှိပြီး ကိုဗစ်ဖြစ်ပွားမှု မြင့်တက်လာခြင်း၊ စည်း ကမ်းများ ပြောင်းလဲလာခြင်းကြောင့် အလုပ်အကိုင် ရရှိရေး၊ ရှင်သန်နေထိုင်ရေး အခက်အခဲဖြစ်မှုများလည်း ကြုံတွေ့နေ ရကြောင်း သိရသည်။
You may also like these story:
တလအတွင်း ထိုင်းသို့ တရားမဝင်လာရောက်သူ မြန်မာ ၅၀၀ခန့် ဖမ်းမိဟုဆို