ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် တို့အား ရုံးထုတ်ပြီးနောက် နေရာပြောင်းရွှေ့ခဲ့သည့်အတွက် လုံခြုံရေး အထူး စိုးရိမ်မိကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ယမန်နေ့ ညပိုင်းက သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် မေလ ၂၄ ရက်က ဒေါ်အောင်ဆန်စုကြည်နှင့် ဦးဝင်းမြင့် တို့အား လူကိုယ်တိုင် ရုံးထုတ်ခဲ့ပြီးနောက် တပတ် အကြာတွင် မူလထားရှိသည့်နေအိမ်မှ ရွှေ့ပြောင်းကာ နေရာအတိအကျ မသိရသည့် ပြောင်းရွှေ့ထားသည်ကို ခိုင်လုံသော သတင်းများအရ ကြားသိရကြောင်းလည်း NUG က ဆိုထားသည်။
စစ်တပ်အနေဖြင့် ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းပြီးနောက် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတ ဦးဝင်းမြင့်တို့အား နေပြည်တော်ရှိ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နေထိုင်ရာ အိမ်ရာများ တွင် အစောပိုင်းက ထိန်း သိမ်းထားရှိခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ နေရာရွှေ့ပြောင်းမှုနှင့် ပတ်သက်ပြီး ၎င်းတို့၏ အမှုများအား လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေဖြစ်သူ ဦးခင် မောင်ဇော်ကတော့ နေရာရွှေ့မရွှေ့ မသိရှိကြောင်း ပြောသည်။
ဦးခင်မောင်ဇော်က “ရုံးထုတ်တဲ့ နေ့မတိုင်မီ ညကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မူလနေရာကနေ တခြားတနေရာကို ရွှေ့ တယ်။ ဒါကလည်း သူကိုယ်တိုင် ပြောလို့သိတာပါ။ ရုံးထုတ်ပြီးနောက်ပိုင်း ရွှေ့တယ်၊ မရွှေ့ဘူး၊ ဘယ်မှာထားလဲ ဆိုတာ မသိ ပါဘူး” ဟု ပြောသည်။
စစ်တပ် အာဏာသိမ်း ကာလအတွင်း ဖမ်းဆီးခံထားရသူများအား ရုံးမထုတ်မီ နေရာရွှေ့ပြောင်း ထိန်းသိမ်းမှုများ ယခင်ခေတ် တွေကတည်းက ပြုလုပ်လေ့ရှိကြောင်းလည်း ၎င်းက ပြောသည်။
လက်ရှိတွင် စစ်တပ် အာဏာသိမ်းထားသည်မှာ လေးလပြည့်ခဲ့ပြီးဖြစ်ပြီး ယင်းအတောအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကဲ့သို့ မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရဘဲ မိသားစုနှင့် အဆက်အသွယ် မရ သည့် ပြည်သူများစွာ ရှိနေသေးကြောင်းလည်း NUG က ဆိုထားသည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၏ မှတ်တမ်းများအရ အာဏာသိမ်းစစ်ကောင်စီ လက် ထက် ဖေဖော်ဝါရီ ၁ ရက်မှ မေလ ၃၁ ရက်အထိ စစ်ကောင်စီတပ်များ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ပြည်သူ ၈၄၀ ဦး သေဆုံးခဲ့ရပြီး ဖမ်းဆီး ချုပ်နှောင်ခံထားရသူ ၄၄၂၄ ဦးနှင့် ဝရမ်းထုတ်ခံထားရသူ ၁၈၈၁ ဦးရှိကြောင်း သိရသည်။
မေလ ၂၄ ရက်က နေပြည်တော်ရှိ ခြံဝန်းတခုတွင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့အား ရုံးထုတ်ရာတွင်လည်း တရားခွင်အတွင်း ထိုင်နေသည့် ၎င်းတို့အား ဓာတ်ပုံရိုက်ကာ စစ်ကောင်စီ ဝါဒဖြန့်ချိရေး နိုင်ငံပိုင်ရုပ်သံနှင့် သတင်းစာများတွင် ထည့်သွင်းဖော်ပြခဲ့သည့် လုပ်ရပ်အား ပြင်းထန်စွာပြစ်တင် ရှုတ်ချကြောင်းလည်း NUG က ထုတ်ပြန်ခဲ့သည်။
“လူပုဂ္ဂိုလ် တဦးတယောက်၏ လူသား ဂုဏ်သိက္ခာကို ထိပါးခြင်းဖြစ်သည့်အတွက် နိုင်ငံ့ခေါင်းဆောင်များ သာမက မည်သူ တဦး တယောက်အပေါ်တွင်မှ မကျူးလွန်သင့်သော လုပ်ရပ်ဖြစ်သောကြောင့် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ပြင်း ထန်စွာပြစ်တင်ရှုတ်ချပါသည်” ဟုလည်း NUG ဆိုထားသည်။
တရားရုံး သတင်းမီဒီယာ လက်စွဲတွင်မူ တရားခွင်အတွင်း ဓာတ်ပုံရိုက်ကူးခြင်း၊ အသံဖမ်းခြင်းတို့အား ပြင်းပြင်း ထန်ထန် ကန့်သတ်ထားသည်။
အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ဆန္ဒပြ ပြည်သူများအပေါ် အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများကြောင်း ပြည်သူများ သေ ဆုံးရမှုမှာ ရပ်တန့်သွားခြင်းမရှိသေးဘဲ စစ်ကောင်စီ အနေဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း ကျူးလွန်ခဲ့သော ရာဇဝတ်မှုများ သာမက၊ တိုင်းရင်းသားဒေသများရှိ တိုင်းရင်းသားများအပေါ်နှစ်ပေါင်းများစွာ တရားမဲ့ကျူး လွန်ခဲ့သည့် လုပ်ရပ်များ အတွက်ပါ အပြည့်အဝ တာဝန်ယူ၊ တာဝန်ခံရမည်ဖြစ်ပြီး မတရားသော ဖြစ်ရပ်တခုစီတိုင်းအတွက် တရားမျှတမှု ရရှိစေရန် အစွမ်းကုန်ကြိုးစားသွားမည် ဖြစ်ကြောင်းလည်း NUG က ပြောထားသည်။
You may also like these stories:
ကယားရှိ PDF များကို စုစည်းထားသည့် KNDF က စစ်ကောင်စီကို တိုက်မည်
NUG အစိုးရနှင့် ပထမဆုံး ပူးပေါင်းလိုက်သည့် ချင်းအမျိုးသား တပ်ဦး (CNF)